“အမှိုက်တွေများလာနေတဲ့ တို့ဗုဒ္ဓသာသနာ”
သန့်စင်တဲ့ ဗုဒ္ဓသာသနာ (အဆုံးအမ) ကို ဖြန့်ချိတာဆိုရင်တော့ အတိုင်းအထက်အလွန် ကောင်းပါတယ်။ အဲလိုမဟုတ်ပဲ ခေတ်ရေစီးအတိုင်း အများကြိုက်တွေ လျှောက်ရေးနေရင်တော့ ဖတ်တဲ့သူအတော်များများကို အဆိပ်သင့်စေလိမ့်မယ်။ ဒါ့ကြောင့် ရေးသူတိုင်းမှာ တကယ့် အထောက်အထား ရှိစေချင်တယ်။
စရိယံသုံးပါးကိုလဲ နားလည်အောင်ကြိုးစားပါ၊ သိဒတ္ထမင်းသားဟာ စရိယံသုံးပါးထဲက ဗုဒ္ဓတ္ထစရိယံကို ဖြည့်ဆည်းစဉ် မအောင်မြင်မခြင်း အထွဋ်အထပ်မရောက်မခြင်း ဟိုနေရာဝင်ပါ ဒီနေရာဝင်ပါ တစ်ခါမှ မလုပ်ခဲ့ဘူး။ အဲဒါကို စွဲအောင်မှတ်ကြပါ။
ကာလာမသုတ်ကိုလဲ အဟုတ်သဘောပေါက်အောင် ဆင်ခြင်သုံးသပ်ပါ။ အများယောင်လို့ ယောင်နေသူများလွန်းလို့ပါ။ ပြီးရင် ဒီဃနိကာယထဲက လောဟိံစသုတ်ထဲက တရားဟောထိုက်သောပုဂ္ဂိုလ် (၃) ပါး၊ တရားမဟောထိုက်သော ပုဂ္ဂိုလ် (၃) ပါးကို နားလည်အောင် ဖတ်ပါ။
ခေတ်ဘုန်းကြီးတွေ နိုင်ငံရေး လူမှုရေးတွေမှာ အရောရောအထွေးထွေး ဖြစ်နေတာတွေဟာ တကယ်ပဲ ဗုဒ္ဓ̕အလိုကျ ဟုတ်သလား မဟုတ်သလား၊ ဝိနည်းနဲ့ညီမညီသိချင်ရင် ဝိနည်းမြန်မာပြန်တွေကို ကြိုကြားကြိုကြား ဖတ်ကြည့်ကြပါ။ အဲလို ဖတ်ချိန်မရှိသေးခင် အကြမ်းဖျင်း သိချင်ရင် ပျံလွန်တော်မူသွားပြီးဖြစ်တဲ့ မဟာဂန္ဓာရုံဆရာတော်ကြီး ရှင်ဇနကာဘိဝံသရဲ့ သာသနာပြုသြဝါဒတရားတော် စာအုပ်ကို ဖတ်ပါ။ တစ်အုပ်လုံး မဖတ်ချင်ရင် မဖတ်အားရင် စာမျက်နှာ ၃၀၅ တစ်မျက်နှာထဲ ဖတ်ကြည့်စမ်းပါ။
“လူတွေရဲ့ ဝေယျာဝစ္စတွေကို မကူညီကြပါနဲ့၊ လူဆိုတော့ လူနည်းနဲ့တော်ရဲ့၊ ရဟန်းဘဝဆိုတာ မကူညီကောင်းဘူး၊ . . . . . တသာသနာလုံး လူတွေရဲ့ အမူအရာတွေနဲ့ ဘာမှ မတူစေချင်ဘူး” တဲ့။
အခု ကျိကျိတက်ချမ်းသာနေတဲ့ ဘုန်းကြီးတွေနဲ့ ချိန်ထိုးကြည့်ဖို့ ထုတ်ပြချင်တယ်၊ “ငွေကို မအပ်(စပ်)ပါဘူး၊ မလှူကောင်းပါဘူး၊ ငွေကို မသုံးကောင်းပါဘူး” လို့ ပြောတဲ့ဥစ္စာကို အသင်ဒကာတို့ရဲ့ သဒ္ဓါတရားကို ဖျက်သတဲ့၊ ဘုန်းကြီးက ဘုန်းကြီးပြောပြမယ်ဆိုပြီးတော့ “ငွေဟာ ဝိနည်းနဲ့လဲပဲ အာပတ်သင့်တယ်၊ အလှူခံယင်ပဲ အလှူခံတုန်းက အာပတ်သင့်တယ်၊ အလှူခံပြီးတော့ လှူတာကို ခံယူပြီး ဝယ်ချမ်းစားယင် အဲဒီပစ္စည်းတွေလဲ စားတိုင်းစားတိုင်း အာပတ်သင့်တယ်၊ ကျောင်းဆောက်ယင်လဲ အဲဒီကျောင်းကြီးလဲ နေ့တိုင်းနေ့တိုင်း အာပတ်သင့်တယ်၊ အဲဒါကို ဝိနည်းနဲ့မအပ်လို့မို့ မအပ်ပါဘူး” လို့ ပြောတယ်။ (နှာ ၂၈၁)။ ကဲ၊ အဲဒီ မဟာဝိသုဒ္ဓရုံကျောင်းထွက် ရှင်ဆန္ဓာဓိကဆိုရင် ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ဗတ္တိကားရိုက်ဖို့ လှူနေတာ သိန်းတစ်ရာ့ သုံးဆယ် လား ဒိထက်ပိုသလား ရှိနေပြီ။ ဟင်းမွှေတဲ့ ယောက်မအဆင့်ပဲ။
ရှင်ဇနကာဘိဝံသဆရာတော်ဆိုတာ ခုခေတ်ဘုန်းကြီး ဘယ်ဘုန်းကြီးမှ ပုခုံးခြင်းယှဉ်ပြီး မရပ်ရဲတဲ့ ပရိယတ် ပဋိပတ်နဲ့ ပြည့်စုံတဲ့ ရဟန်းဆိုတာ ဗဟုသုတရှိသူတိုင်း သိတယ်ဆိုတာ စိတ်ထဲမှာ သိသိကြီးနဲ့ဖတ်ကြည့်ဖို့ တိုက်တွန်းလိုက်တယ်။
ဗိုလ်ချုပ်အောင်ဆန်းကော ဦးနုပါ ဗုဒ္ဓအဆုံးအမကို ခြေခြေမြစ်မြစ် သိကြတယ်၊ သိတဲ့အတိုင်းလဲ ဘယ်သူ့မျက်နှာမှ မထောက်ပဲ ပြောခဲ့ကြတယ်။ ၁၉၄၆ ခုနှစ် ဇန္နဝါရီလထဲမှာ ဖဆပလအဖွဲ့ကြီးတည်ထောင်တဲ့ ရွှေတိဂုံ အလယ်ပစ္စယံညီလာခံ မိန့်ခွန်းမှာ ဗိုလ်ချုပ်က ဘုန်းကြီးတွေကို နိုင်ငံရေးနဲ့ ဘာသာရေး မရောထွေးပဲ ကိုယ့်တရားကိုယ်ကျင့်ပြီး လူတွေကို ဗုဒ္ဓအလိုကျ တရားရေအေးတိုက်ကျွေးဖို့ မေတ္တာရပ်ခံခဲ့တယ်။ အဲဒီမိန့်ခွန်းကို ရှာဖတ်လို့ ရပါတယ်၊ ဖတ်ကြည့်ကြပါ။
နောက် ဗိုလ်ချုပ်ရဲ့ (သတင်း) အပါးတော်မြဲ သတင်းစာဆရာ ဦးပုကလေးရေးတဲ့ “ငါတို့ဗိုလ်ချုပ်” ကို ဖတ်ကြည့်ပါ။ စာမျက်နှာ ၂၀၈ ကနေ ၂၁၁ အထိ ဖတ်ဖြစ်အောင် ဖတ်ပါ။ အဲဒီ(၂၁၁)မှာ ဘုန်းကြီးတွေကို
“ နောက်တခု . . . တပည့်တော် ရှင်းရှင်း လျှောက်ထား ချင်တာကတော့ ဘုန်းကြီးလုပ်လျှင် ဘုန်းကြီးနှင့် တူအောင် လုပ်စေချင်ပါတယ်၊ လူလုပ်လျှင်လဲ လူနဲ့တူအောင် လုပ်စေချင်ပါတယ်။ ဟိုတပိုင်း ဒီတပိုင်း အလုပ်မျိုးတော့ မလုပ်စေချင်ဘူး၊ ဒီလို တပိုင်းစီ လုပ်တာမျိုးတော့ တပည့်တော် မကြိုက်ဘူး” . . . .
နောက်တစ်ခု တပည့်တော် လျှောက်ထားချင်တာကတော့ ဘုန်းတော်ကြီးများနှင့် နိုင်ငံရေး မစပ်ရှက်စေချင်ပါဘူး၊ သာသနာတော်နဲ့ မဆန့်ကျင်ပဲ တိုင်းပြည်အကျိုးရှိတာမျိုးလောက်သာ ဆောင်ရွက်တော်မူစေ ချင်ပါတယ်။ ဥပမာ တောင်တန်းနယ် သာသနာပြုရေးကိစ္စမျိုး . . . .”
အဲလို ဗိုလ်ချုပ်ကပြောခဲ့တယ်။ တောင်တန်းနယ်မပြောနဲ့ ပြည်မက နည်းနည်း ခေါင်တဲ့အရပ်တောင် ကျောင်းထိုင်ဘုန်းကြီးမမြဲဘူး၊ မပျော်လို့တဲ့။
အဲ၊ ဦးနုကလဲ ဗိုလ်ချုပ်လိုပဲ တစ်တစ်ခွခွ ပြောခဲ့တယ်။ သူ့ဆီလာပြီးဘယ်သူကြီးဖြုတ်ပေးပါ၊ ဘယ်သူ့ကို ခန့်ပေးပါ လာပြောတဲ့ ဘုန်းကြီးတစ်သိုက်ကို ပြောလွှတ်ပုံကို ကြည့်
”ကိုယ်တော်တို့ အခုကိုယ်တော်တို့လုပ်မယ်ကြံတဲ့ အလုပ်ဟာ ကိုယ်တော်တို့ကို ပါရာဇိက ကျအောင် ချပေးလိမ့်မယ်ဆိုတာ နဲနဲမှ မရိပ်မိကြဘူးလား၊ ကျောင်းကိုပြန်ပြီး ပရိယတ္တိ ပဋိပတ္တိဆိုတဲ့ သံဃအလုပ်တွေကို ပြန်လုပ်ကြပါ” (နှာ ၂၂၉ )
“ကျွန်တော်၏စိတ်ထဲတွင် ဘုန်းကြီးဖြစ်လာလျှင် ပရိယတ် ပဋိပတ် အလုပ်သာရှိသည်၊ နိုင်ငံရေးအစရှိသော လူတို့၏ လောကီအလုပ်များတွင် ဝင်ရောက်စွက်ဖက်သည်ကို နည်းနည်းမှ မကျေနပ်” (နှာ ၂၃၁)
အဲဒီအကိုးအကားတွေကို ဦးနုကိုယ်တိုင်ရေး “ငါးနှစ်ရာသီ ဗမာပြည်” မှာ ဖတ်ကြပါ။
အဆုံးသတ် ပြောချင်တာကတော့ ကျမ်းရင်းတွေကို ဖတ်ပါ၊ သို့ပေမဲ့ ကာလမသုတ်တော်ကို လက်ကိုင်ပြုပြီး ကိုယ်တိုင်လဲ ကျင့်ကြံပါ၊ ဆင်ခြင်ပါ။ ပိုပြီးကြည်ညိုသဒ္ဒါပွားချင်ရင် ဒီဃနိကာယ်၊ မဟာဝဂ် မြန်မာပြန်ထဲက “မဟာပရိနိဗ္ဗာန” သုတ်တော်ကို ဖတ်ကြပါ။
မဖြစ်စလောက် တရားထိုင်ခဲ့တယ်လို့ ဘန်းပြပြီး ကိုယ်တိုင်ဘာတရားမှ မရပဲ ဗဟုသုတနဲ့ လူတကာအပေါ် ဆရာလုပ်၊ ဖတ်ကောင်းရုံစာအုပ်ထုပ်၊ ကွန်ပျူတာ နုတ်ဘုတ်တွေ လက်ပ်တော့တွေနဲ့ ဆပ်ကော့လပ်ကော့လုပ်နေတဲ့ ရဟန်းဆိုးတွေကို ဖင်ဝိုင်းမတဲ့ ခပ်နန သာဝကတွေ မဖြစ်ကြနဲ့၊ မြတ်ဗုဒ္ဓရဲ့ ကျေးဇူးတော်ကို စေ့စေ့တွေး များများပူဇော်နိုင်ဖို့ အားထုတ်နိုင်ကြစေချင်လို့ အလေနတ္တောတွေ ဝိုင်းဆဲမဲ့အန္တရာယ်ကို မမှုပဲ သတိပေးလိုက်တယ်။
ဝိနည်းနဲ့မညီတဲ့ရဟန်းတွေကို အပြစ်တင်ချင်လို့ မုန်းတီးလို့ ပြောတာမဟုတ်ဘူး၊ တကယ်မသိလို့ ကျူးလွန်နေတဲ့ စာမတတ် ပေမတတ် အကြားအမြင်နည်းတဲ့ရဟန်းတွေလဲရှိနိုင်တယ်။ တကယ်လို့ အဲဒီရိုးသားစွာ အမှားနောက်ကို လိုက်နေတဲ့ရဟန်းဆိုရင် အခုကျနော်ပြောတဲ့သတင်းမျိုးကို ကြားရရင် အမှန်ကိုရောက်အောင် ပြင်ချင်စိတ် ကိန်းအောင်လာနိုင်တယ်။ အဲ သိသိလျက်နဲ့ ကိုယ်ကျိုး ကိုယ့်အတ္တပဲကြည့်ပြီး ဘယ်တော့မှ မပြင်မဲ့ ဒေဝဒတ်ဂိုဏ်းသားတွေလဲ ရှိတယ်။ အဲလို ဘုန်းကြီးတွေ၊ တနည်းအားဖြင့် အလဇ္ဇီဘုန်းကြီးတွေဟာ ကျုပ်လို လူမျိုးတွေကို ဓါးကြိမ်းကြိမ်းပြလိမ့်မယ်။ ကျုပ်ကလဲ နည်းနည်းမှ ဂရုမစိုက်ဘူးဆိုတာထက် ဥပေက္ခာပြုထားလိုက်တယ်။ ကယ်မရဘူး၊ ရှိပစေတော့ ဆိုတဲ့သဘော။
ဗုဒ္ဓကို တကယ်ကြည်ညိုရင် နည်းနည်းခြင်းပဲဖြစ်ဖြစ် တရားထိုင်ကြည့်ကြပါ။ တရားထိုင်ရတာ ပျော်စရာ မကောင်းပါဘူး။ ပန်းတိုင်အတွက် အားထုတ်ရတာပါ။ အားထုတ်တယ်ဆိုကတည်းက ပင်ပန်းတာ ပါပါတယ်။ အပင်ပန်းခံရပါတယ်။ အသီးအပွင့်က အဲဒီနောက်က လိုက်လာတာပါ။ အဲဒီအတွက် အပင်ပန်းခံရတာပါ။ အဲဒါ ဗုဒ္ဓစကား လိုက်နာရာမည်တယ်။ လပ်ယားလပ်ယားတွေကို ဦးလဲမချနဲ့ အတုလဲမခိုးနဲ့၊ မတန်ဘူး၊ ဒါပဲ။