‘အိမ် အပြန်”

အောက်က ဝတ္ထုတိုလေးကို မှီပြီး Tie A Yellow Ribon Round An Old Oak Tree ဆိုတဲ့ သီချင်းတစ်ပုဒ် ပေါ်လာခဲ့၊ ကြော်ကြားသွားခဲ့တယ်။ ဂျပန်ပြည်မှာတော့ ကင် တကကူရဆိုတဲ့ အကျော်အမော်မင်းသားနဲ့ ရုပ်ရှင်တကား ဖြစ်သွားတယ်။ မြန်မာပြည်မှာတော့ “အိမ်ပြန်လာ တပေါင်းကလေး ချစ်စရာ နွေ” ဆိုတဲ့ စတီရီယိုတေးတစ်ပုဒ် ဖြစ်သွားပြီး ကြော်ကြားခဲ့ပြန်တယ်။ ဒီသီချင်းကို ပိ(တ်) နဲ့ အခြားတစ်ယောက် တွဲရေးတာလို့ ထင်တယ်။ လွန်ခဲ့တဲ့ ၁၄ နှစ်လောက်ကထင်တယ်၊ အဲဒီ ၂ ယောက်ထဲက၊ ပိ(တ်)လား၊ အခြားတစ်ယောက်လား တစ်ယောက်သေတော့ အနောက်က သတင်းစာတစ်စောင်မှာ ပါလာတယ်။ အဲဒါကိုဖတ်ပြီး ပိ(တ်) ရဲ့ ဝတ္ထုတိုလေးကို ကျနော် ဘာသာပြန်ဖြစ်ပါတယ်။

ရေး၊ ပိ(တ်) ဟမ်မီးလ်

ဘာသာပြန်၊ မြသန်းညွန့်

P1070896

၁။ ကောင်ကလေး သုံးယောက် နဲ့ ကောင်မလေး သုံးယောက် – ပေါင်း ခြောက်ယောက်သား ဖလော်ရီဒါနယ်၊ လော်ရာ ဒေး ကို သွားကြမလို့။ အသားညှပ် ပေါင်မုန့် နဲ့ ဝိုင်အရက်ပုလင်းတွေ ထည့်ထားတဲ့ စက္ကူအိပ်တွေကို ဆွဲလွဲပီး ၃၄ လမ်းမှာ ဘတ်စကားပေါ်ကို တက်သွားကြလေရဲ့။ ညို့ညို့မှိုင်းမှိုင်းနဲ့ အေးလှတဲ့ နယူးယောက်မြို့ရဲ့ နွေဉီးပေါက်က နောက်ဖက်ဆီမှာ မှုန် ဝါးသွားလေတာနဲ့ သူတို့လေးတွေဟာ ရွှေရောင်ပြေးနေမဲ့ သဲသောင်တွေနဲ့ တက်တက်လာမဲ့ ပင်လယ်ဒီရေတွေကို အိပ်မက် မက်နေကြလေရဲ့။ ကနဉီးကတည်းက ဗင်ဂို တစ်ယောက် ကားပေါ်မှာ ပါပါသကော။

၂။ ဘတ်စကားက နယူးဂျာစီမြို့ထဲကို ဖြတ်မောင်းနေဆဲမှာ၊ ဗင်ဂိုတစ်ယောက် လှုပ်လှုပ်ရှားရှား မရှိတာကို သူတို့လေးတွေက သတိထားလိုက်မိကြတယ်။ သူက အသက် ခန့်မှန်းမရအောင် ချေးညှော်တက်နေတဲ့ မျက်နှာနဲ့၊ ပီးတော့ ကိုယ်နဲ့ မတော်တဲ့ အညိုရောင်ဝတ်စုံနဲ့ လူရွယ်လေးတွေရဲ့ ရှေ့ကခုံမှာ ထိုင်နေတာ၊ သူ့ရဲ့ လက်ချောင်းတွေဟာ စီးကရက်ခြေး တက်လို့။ ပီးတော့ လျှာအတွင်းပိုင်းကို ဒလစပ်ကို ဝါးနေလိုက်သေးရဲ့။ ထိုင်နေလိုက်တာများ လုံးလုံးကို ငြိမ်ငြိမ် ဆိတ်ဆိတ်ကြီး။

၃။ ညဉ့် အတော်နက်နက်မှာ ဘတ်စ်ဟာ ဟောင်းဝပ် ဂျွန်ဆင် စားတော်ဆက်ရှေ့ကို ထိုးဆိုက်လိုက်တာနဲ့ ဗင်ဂို က လွဲရင် လူတိုင်းပဲ ဆင်းကြတယ်။ ဒီလူဟာ ပင်လယ်ရေကြောင်း ကက်ပတိန်များလား၊ သူ့ မိန်းမနဲ့ ဝေးရာကို ထွက်ပြေးလာတာများလား၊ အိမ်ကိုပြန်တဲ့ စစ်သားဟောင်းကြီးလဲ ဖြစ်နိုင်တာပဲရယ်နဲ့ လူငယ်တသိုက်ဟာ သူ့ အကြောင်းကို စိတ်ဝင်စား လာပြီး မှန်းဆ တွေးတောကြည့်မိကြ ပါတော့တယ်။ သူတို့ ဘတ်စ်ကားဆီ ပြန်သွားကြတဲ့ အခါမှာတော့ ကောင်မလေးတွေ ထဲက တယောက်က သူ့ဘေးမှာ ဝင်ထိုင်ပီးတော့ ကလေးမလေးက သူ့ဖာသာ မိတ်ဆက်ပါတော့တယ်။

၎။ ကျမတို့ ဖလော်ရီဒါကို သွားကြမလို့၊ ရှင် ကော အဲဒီထိလား လို့ ကလေးမက မြူးမြူးလေး မေးလိုက်ပါတယ်။ ဗင်ဂို က ငါ မသိဘူး တဲ့၊ ကျမ တခါမှ မရောက်ဖူးသေးဘူး။ လှတယ်လို့ ကြားတာပဲ လို့ ကောင်မလေးက ပြောလိုက်တယ်၊ သူ က မေ့ဖျောက်ပစ်ဖို့ ကြိုးစားခဲ့တဲ့ အရာကို သတိရလာပုံမျိုးနဲ့ အေး၊ လှတယ်ရယ်လို တိုးတိုး သက်သက် ပြောလိုက်တယ်၊ ရှင် အဲဒီမှာ နေသလား ဂျက်ဆွန်ဗီလ် ရေတပ်ထဲမှာ နေခဲ့ဘူးတယ် ဝိုင် နဲနဲ သောက်ပါလားရှင် ဆိုတော့ သူ က ပြုံးတဲ့ပီး ပုလင်းကို ဆွဲယူကာ တစ်ကျိုက် မော့ချလိုက်ပါတယ်၊ ကလေးမကို ကျေးဇူးတင်ကြောင်းပြောပီး သူ့ရဲ့ တုံနိဘာဝေ ဆိတ်ဆိတ်နေထဲကို ပြန်ဆုတ်သွားပါတယ်။ တခဏ အကြာ ဗင်ဂိုက ခေါင်းတငြိမ့်ငြိမ့်နဲ့ အိပ်ပျော်သွားချိန်မှာ ကလေးမလေးက သူမ အဖေါ်တွေရှိရာ နောက်ဘက်ဆီကို ပြန်သွားပါတယ်။

၅။ နောက်တနေ့ မနက်မှာတော့ ဟောင်းဝပ်ဂျွန်ဆင် နောက်တဆိုင်ရဲ့ ရှေ့ရောက်တော့မှ သူတို့တတွေ အိပ်ရာက နိုးကြပါတယ်။ ဒီတကြိမ်မှာတော့ ဗင်ဂို ဆိုင်ထဲကို ဝင်သွားပါတယ်။ ဟို ကောင်မလေးက သူတို့နဲ့ အတူထိုင်ဘို့ အတင်းခေါ် တော့တာပဲ။ သူ့ကြည့်ရတာ အတော့်ကို ရှက်နေပုံပဲ။ ပီးမှ ကော်ဖီကြမ်း တခွက်မှာတဲ့ပီး လူငယ်လေးတွေ သောင်ခြေကမ်းစပ်မှာ အိပ်ခဲ့တဲ့ အတွေ့အကြုံတွေကို တွတ်ထိုးနေချိန်မှာ ဆေးလိပ်ကို တုံတုံရီရီ ဖွာနေလေရဲ့။ သူတို့တတွေ ဘတ်စ်ကားဆီ ပြန်ရောက်ကြတော့ ကောင်မလေးက ဗင်ဂိုနဲ့အတူ လာထိုင်ပြန်တယ်။ တအောင့်လောက် အကြာမှာတော့ သူ့ဘဝ ဇာတ် ကြောင်းကို ဖြေးဖြေးလေးလေး နာနာကျင်ကျင်နဲ့ စတင် ပြောပြပါတော့တယ်။ ကုန်ခဲ့တဲ့ လေးနှစ်လုံး သူ နယူးယောက် အကျဉ်းထောင်ထဲမှာ အကျဉ်းကျနဲ့ နေခဲ့ရတာ၊ ခုမှ အိမ်ပြန်ရမှာ။

၆။ “ရှင် အိမ်ထောင်နဲ့လား”

“ငါ မသိဘူး”

“ရှင်မသိဘူး”

၇။ “ဒီလိုကွ။ ငါ ထောင်ကျနေတော့ ထောင်ထဲကနေ ငါ့မိန်းမဆီ စာရေးခဲ့တယ်။ ငါက မာသာ၊ မင်း ငါ့မိန်းမ အဖြစ်နဲ့ ဆက်မနေနိုင်တော့ဘူး ဆိုရင်လဲ ငါ နားလည်ပါတယ်၊ ငါ က အိမ်နဲ့ အချိန် တော်တော်ကြာ ဝေးနေဉီးမှာ၊ ဒီအခြေအနေကို ရင်မဆိုင်နိုင်လို့ပဲ ဖြစ်ဖြစ်။ ခလေးတွေက တလျောက်လုံး တစ်မျိုးပီး တစ်မျိုး မေးနေလို့ပဲ ဖြစ်ဖြစ်၊ အဲဒါတွေက သူ့ကို သိပ်ကို နှိပ်စက်လာမယ်ဆိုရင် ကဲ . . ငါ့ ကိုသာ မေ့ပစ်လိုက်တော့၊ ကောင်တကောင် အသစ် ရှာလိုက်ပေါ့။ သူ ဟာလေ တကယ့်ကို တမူထူးတဲ့ မိန်းမ၊ အဟုတ် အဟုတ်။ တခုခုတော့ တခုခုပဲ၊ ငါ သူ့ကို ငါ့ဆီ စာရေးဖို့လဲ မလိုဘူး၊ ဘာမှ လုပ်ပေးစရာလဲ မလိုဘူးလို့ ပြောခဲ့တယ်ေ။၊ သူ ကလဲ ဒီ သုံးနှစ်ခွဲလုံးလုံး ဘာမှကို ရေးလား လုပ်လား မရှိဘူး။”

၈။ “ရှင် ဘာမှမသိပဲနဲ့ အိမ်ကို အခုပြန်မှာလား”

၉။ “အေးဟ” လို့ ရှက်ရွံ့ရွံ့ ပြောလိုက်ပီးမှ “ဒီလိုကွာ – အရင် အပါတ်ကမှ ငါ့အတွက် လျော့ရက်နဲ့ လွတ်မိန့် လာနေပြီဆိုတာ သိရလို့၊ သူ့ဆီ စာရေးလိုက်တယ်။ သူ့မှာ အသစ်တစ်ကောင် ရနေပြီ ဆိုရင်. . ငါ သဘောပေါက် ပါတယ်ပေါ့၊ တကယ်လို့ အဲလိုလဲ မဟုတ်ဘူး၊ သူ့ အနေနဲ့လဲ ငါ့ကို ပြန်လက္ခံနိုင်ဉီးမယ်ဆိုရင်ဖြင့် ငါ့ကို အသိပေးပေးပါပေါ့။ ငါတို့က ဒီ ဘရန်းစဝစ်ခ်ြမို့မှာ နေနေကျလေ။ မင်း မြို့တွင်းကို ဝင်လာတာနဲ့ အဲဒီမှာ ဧရာမ ဝက်သစ်ချပင်ကြီး တပင် ရှိတယ်မဟုတ်လား။ တကယ်လို့ သူ့ အနေနဲ့ ငါ့ကိုပြန်လက်ခံမယ်ဆိုရင် အဲဒီ ဝက်သစ်ချပင်ကြီးမှာ အဝါရောင် လက်ကိုင်ပုဝါလေး တစ်ထည်ကို ချီထားပေး၊ အဲဒါကို တွေ့တာနဲ့ ငါ ကားပေါ်က ဆင်းပီး အိမ် တန်းလာခဲ့မယ်လို့ ပြောထားတယ်။ တကယ်လို့ ငါ့ကို အလိုမရှိဘူးပ ဆိုရင် မေ့လိုက်တော့၊ ဘာလက်ကိုင်ပုဝါမှ မလိုဘူး၊ ငါ ကားကို ဆက်စီးသွားမယ်ပေါ့။”  ဝိုး· · ဝိုး· · ဝိုး . . . ကောင်မလေးက တအံ့တဩ။

၁၀။ ကောင်မလေးက တခြားအဖေါ်တွေကို ပြောပြလိုက်တာနဲ့ အားလုံးပဲ စကားဝိုင်းထဲကို ရောက်လာကြတယ်။ ဗင်ဂိုထုတ်ပြတဲ့ သူ့ဇနီးနဲ့ ခလေး သုံးယောက် ဓာတ်ပုံကို ကြည့်ကြရင်း ဘရန်းစဝစ်ဘက် နီးလာလေ စိတ်တွေ ပိုပီးလှုပ်ရှားလာကြရလေပေါ့။ ဟော၊ ခုဆို သူတို့ဟာ ဘရန်းစဝစ်နဲ့ မိုင် ၂၀ အကွာ ရောက်လာပြီ။ လူငယ်တသိုက်ဟာ ဝက်သစ်ချပင်ကြီး ပေါ်လာမှာကို စောင့်ကြည်၌ရင်း ကားရဲ့ ညာဘက်ခြမ်း ပြတင်းပေါက်ဘက်မှာ နေရာယူကြလို့၊ ဗင်ဂို ကတော့ နောက်ထပ်ပီး ကြုံတွေ့ရတော့မဲ့ စိတ်ပျက်စရာကြီးကို တောင့်ခံနိုင်ဖို့ အတွက် သူ့ကိုယ်သူ ပြင်ဆင်သည့်ပမာ အပြင်ကို ကြည့်တာ ရပ်တဲ့ပီး သူ့မျက်နှာကို ထောင်ထွက်ပုံစံ ခပ်တင်းတင်း ချိုးထားလိုက်ပါတော့တယ်။ ဟော ၁၀ မိုင်၊ ဟော ၅ မိုင်၊ ခုဆို ဘတ်စ်ကား တခုလုံး ငြိမ်ကျသွားလိုက်တာ။

၁၁။ ဗြုန်းဆို လူငယ်အားလုံး ထိုင်ခုံတွေကနေ ခုန်ပီးထလိုက်ကြပီး အောင်မြင်မှုနဲ့ အတိုင်းမသိပျော်ရွှင်ရတဲ့ပုံနဲ့ အသံမျိုးစုံနဲ့ အော်ကြ၊ ဟစ်ကြ၊ လက်သီး လက်မောင်း ဝှေ့ယမ်းပီး ကကြ ခုန်ကြဟာလေ။ အဲ၊ ဗင်ဂို တစ်ယောက်က လွဲရင်ပေါ့။

၁၂။ ဗင်ဂိုဟာ ဝက်သစ်ချပင်ကြီးကို စိုက်ကြည့်ရင်း ကြက်သေသေပီး တောင့်တောင့်ကြီး ထိုင်လို့၊ အဝါရောင် လက်ကိုင်ပုဝါတွေလေ၊ ၂၀ လား၊ ၃၀ လား၊ ဟင့်အင်း၊ ရာနဲ့ချီလို့လား။ တပင်လုံးကို ဖုံးလို့။ လေထဲမှာ တလူလူ တဖျပ်ဖျပ်နဲ့ ခရီးဉီးကြိုပြုနေတဲ့ တံခွန်တွေ အလံတွေ ပမာပါပဲ၊ လူရွယ်လေးတွေရဲ့ အော်သံ ဟစ်သံတွေကြားမှာ ထောင်ထွက်အိုကြီးဟာ သူ့ထိုင်ခုံကနေ ဖြေးဖြေးခြင်းထပီး သူ့ကိုယ်သူ တင်းတင်းရင်းရင်း စုစည်းလိုက်တဲ့ကာ အိမ်တော်ပြန်ဖို့ အတွက် ကားရှေ့ပိုင်းဆီကို လှမ်းထွက်ခဲ့ပါတော့တယ်။

About nyuntshwe

A Myanmar, Buddhist, pacifist, and pragmatic person who believe that we are what we think. That leads him positive thinking and he sees the world a beautiful place, but he still likes to keep trying for a better and more beautiful world.
This entry was posted in Literary. Bookmark the permalink.

One Response to ‘အိမ် အပြန်”

  1. နန်းသူဇာ says:

    အိမ်ရှေ့မှာ တော့ဝက်သစ်ချပင်မရှိသေးဘူး။ စိုက်ရင်မီအုံးမလား။ စိုက်စရာလိုသေးသလား။ နားလည်သဘောပေါက်ပြီးသားလူတွေ ရှိရင်တော့မလိုတော့ဘူးပေါ့နော်။ ပြန်ရောက်ခါနီးရင် အသံလေးသာ
    ပေးလိုက်ပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s