“သွေးသံရဲရဲ မီးတောက်မီးလျှံတွေကြားက ရခိုင်တွေကို ထားခဲ့ပြီး . . .”

ကျွန်တော်တော့ရှက်တယ်

ခုတော့လဲ သွားပြီတဲ့ . . . . .

ကျွန်တော်ဟာ လက်သီးပုန်းသမားမဟုတ်တဲ့အတွက် ပြောင်ပြောင်ပဲ ရေးလိုက်ပြန်ပြီ။ တိုင်းပြည်ရဲ့ အနောက်ခြမ်း မီးလောင်နေတဲ့အချိန်၊ ရခိုင်အမျိုးသားတွေရဲ့ ငိုညည်းသံတွေလျှံတက်နေတဲ့အချိန်မှာ ကမ္ဘာ့အဆင့်အတန်းဝင်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘာမှမဖြစ်သလို ဆွေမျိုးတွေ ကျေးဇူးရှင်တွေရှိရာကို အလည်အပတ်ထွက်သွားပါပြီ။ တိုင်းပြည်အတွက် အရေးကြီးတဲ့ကိစ္စဆိုတာကတော့ အများသိတဲ့အတိုင်း ဘာမှမပါတဲ့ခရီးပါ။ ဘာလို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်ကို တကယ်ကိုယ်စားပြုတဲ့အစိုးရ၊ အဲဒီအစိုးရကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်မဟုတ်၊ တိုင်းပြည်အတွက် ဘာအစီအစဉ်ကိုမှ ကိုယ်စားပြုပြီး သွားတဲ့သူမဟုတ်လို့ပါပဲ။

အဲ၊ တစ်ခုတော့ရှိပါတယ်၊ ကျန်နေတဲ့ အပိတ်အဆို့တွေကို အလွယ်နဲ့ ပြန်မဖွင့်အောင်ကတော့ ပြောကောင်း ပြောလိမ့်မယ်ပေါ့ဗျာ။ တစ်ဖက်က လျှော့မှန်းသိလေ တင်းပြလေက အရေးမကြီးဘူး၊ အဲလိုတင်းလွန်းလို့ ပြောင်းလဲရေးကို တာစူနေတဲ့ ရထားဘီးချော်ကျမှာကိုတော့ ကျွန်တော်တို့ စိုးရိမ်မိတာအမှန်ပါ။

ကျွန်တော်ဟာ ကနဦးကတည်းက ဆိုလိုတာက ၂၀၀၈ ခုနှစ်ကတည်းက ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို တခြားရွေးစရာလမ်းမရှိတဲ့အတွက် ကိုယ်တိုင်လဲ ထောက်ခံခဲ့သလို နိုင်ငံရေးပါတီတွေ အထူးသဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကိုလဲ ထောက်ခံဖို့တိုက်တွန်းခဲ့ပါတယ်။ အခုအမတ်ဖြစ်နေတဲ့ တစ်ချိန်က အဖွဲ့ချုပ်ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဦးသိန်းညွန့်နဲ့ ၈၈ ကျောင်းသားခေါင်းဆောင် ကိုကိုကြီးတို့ ကောင်းကောင်း သိပါတယ်။ တလျှောက်လုံး ပါတီအပျက်ခံပြီး ကန့်လန့်တိုက် ခေါင်းနဲ့ ဝင်ဆောင့်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၁ ခုနှစ်မှာတော့ မပြောပလောက်တဲ့ အပေါ်ယံပြင်ဆင်မှုကလေးကိုတောင်းပြီး လွှတ်တော်ထဲ ကမျောကသောပြေးဝင်ခဲ့ပါတယ်။ သူ့ရဲ့ဦးဆောင်မှုမပြတ်သားမှုကြောင့် ပါတီလဲ ကွဲခဲ့သလို ၂၀၁၂ ခုနှစ်ရွေးကောက်ပွဲမှာလည်း လက်သင့်ရာစားတော်ခေါ်ခံရပြီး နှစ်ပေါင်း ၂၃ နှစ်လောက် ပါတီအပေါ် သစ္စာရှိရှိနဲ့ သူ့ကို မားမားမတ်မတ် ခုခံကာကွယ်ပြောဆိုခဲ့သူတွေဟာ သူ့ဒေသကလူထုထောက်ခံမှုကိုတောင် ဘေးချိတ်ခံရပြီး နိုင်ငံရေးအတောင်ပေါက်စ အပါးတော်မြဲတွေကို အစားထိုးပေးတဲ့အထိ ဖြစ်ခဲ့တာ လူသိထင်ရှားပါ။ မိတ္ထီလာက ဒေါ်မြင့်မြင့်အေး တို့ နော်အုန်းလှ တို့ဟာ ပရမ်းပတာအလုပ်ခံရတဲ့ သက်သေတွေပါပဲ။

ကျွန်တော်က အဖွဲ့ချုပ်ရွေးကောက်ပွဲဝင်ရေးကို တစိုက်မတ်မတ်ထောက်ခံသူ ဖြစ်ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အမတ်လုပ်ရေး အစိုးရလုပ်ရေးကို ကန့်ကွက်ပါတယ်၊ သဘောမတူပါဘူး။ ဘာလို့လဲဆိုတော့ တိုင်းပြည်အတွက် မကောင်းတဲ့ နမူနာဖြစ်သွားမှာ စိုးရိမ်လို့ပါ။ အခုတော့ ဖြစ်သွားပါပြီ။ ဒါပေမဲ့ ကျွန်တော်က ၂၀၁၁ နိုဝင်္ဘာလလယ်လောက်ကတည်းက သူ့ဆီကို အဖွဲ့ချုပ်အီးမေးလ်ကတစ်ဆင့် ပို့ပြီး ကန့်ကွက်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ ဆက်စပ်ပြီး တားပေးဖို့ ဦးဝင်တင်ဆီကိုလဲ စာတစ်စောင်ပို့ခဲ့ပါတယ်။

ဘာဖြစ်လို့ ကန့်ကွက်ရသလဲဆိုတော့ ဒေါ်စုဟာ အင်္ဂလိပ်ရဲ့ဇနီးဖြစ်တယ်၊ အင်္ဂလိပ်လူမျိုးသား ၂ ယောက်ရဲ့ မိခင်ဖြစ်ပါတယ်။ ဒိအတွက် သူ့မှာ အင်္ဂလိပ် ယေက္ခမတွေ၊ ယောက္မတွေ ချွေးမ မြေးစသဖြင့် ဆက်စပ်မိသားစုတွေ တစ်ပြုံတစ်မရှိရတော့တယ်။ အဲဒါတွေကို မြန်မာ့ယဉ်ကျေးမှုဖြစ်တဲ့ မြတ်ဗုဒ္ဓရဲ့ လူတစ်ဦးခြင်း ဖြည့်ဆည်းထိုက်တယ်ဆိုတဲ့ ဝတ်ငါးပါးထဲက သားသမီးဝတ်တစ်ပါးကို ချိုးဖောက်ပြီး လုပ်ခဲ့တာဖြစ်တယ်။

တကယ်ဆိုရင် ဦးနေဝင်းအစိုးရနဲ့ ပြီးခဲ့တဲ့ စစ်အစိုးရတွေအပေါ် ပြည်သူလူထုမကျေနပ်မှုကြောင့်ရယ်၊ မြန်မာ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်တဲ့ အတွက်ကြောင့်ရယ် မြန်မာ့လူ့ဘောင်မှာ ဒီအဆင့် ဒီနေရာကို ရခဲ့တာဖြစ်ပေမဲ့ မတိုင်ခင်ကဆိုရင် ဘယ်ပြည်သူပြည်သားကမှ စာရင်းမထည့်ခဲ့ပါဘူး။ တိုင်းပြည်ဖခင်ကြီးရဲ့သမီးကိုယ်တိုင်က ကိုယ့်မျိုးရိုးဂုဏ်ကို မထိန်းခဲ့ဘူး၊ ဖခင်မျက်နှာကို မထောက်ခဲ့ဘူး။ တိုင်းပြည်ကို အထက်အောက် နှစ်ပေါင်း ၁၂၅ နှစ်လောက် ကျွန်ပြုအုပ်ချုပ် ဂုတ်သွေးစုပ်ခဲ့တဲ့၊ ဖခင်ကိုယ်တိုင် အသက်နှံတိုက်ခဲ့တဲ့ အင်္ဂလိပ်ကိုမှ ကြင်ဖက်ရွေးခဲ့တာဟာ သူလုပ်ချင်လာပြီဆိုရင် ဘာအဆင်အခြင်မှမရှိတော့ဘူးဆိုတာကို ပြတဲ့ပြယုဂ်ဖြစ်တယ်ဆိုတာပဲ။ ဖခင်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူလုပ်ကြံသလဲလို့ ဘီဘီစီ ကမ္ဘာ့သတင်းအစီအစဉ်က မေးတဲ့အခါ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောက အင်္ဂလိပ်အစိုးရက လုပ်ကြံတာလို့ ဖြေခဲ့တာကို ပြည်သူတွေ သတိရစေချင်ပါတယ်။

ကျွန်တော်တို့ဟာ ဗုဒ္ဓဘာသာတွေဖြစ်တဲ့အတွက် ဘဝါဘဝက ရေစက်ကြောင့် ဒီလိုဖြစ်ရတယ်ဆိုရင်လဲ တိုင်းပြည်ကို ကိုယ်စားပြုရတဲ့ နေရာတွေကို မယူသင့်ဘူး၊ ရိုးရိုးကုတ်ကုတ်နေသင့်တယ်၊ ဖြစ်နိုင်ရင် နိုင်ငံရေးကို လက်ရှောင်သင့်တယ်၊ မရှောင်နိုင်ရင် ပါတီခေါင်းဆောင်အဆင့်အထိပဲ လုပ်သင့်တယ်လို့ မြင်တယ်။ ဒါကို တိုက်တွန်းတဲ့အနေနဲ့ သူ့ဆီကို တကူးတက စာရေးကန့်ကွက်ခဲ့တာဖြစ်တယ်။

မနေ့ည အာရ်အက်ဖ်အေ လေလှိုင်းမှာ သံတမန်ဟောင်း ဦးစိုးသင်းတင်ဆက်တဲ့ ဆောင်းပါးထဲမှာ ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာ့စီးပွားရေးညီလာခံမှာ ပြောခဲ့တဲ့မိန့်ခွန်းမှာ ပြည်တွင်းပြည်ပ မကျေနပ်တဲ့ စကားကတော့ မြန်မာပြည်ရဲ့ ပြောင်းလဲမှုကို ပစ်စလတ်ခတ် လက်မခံသင့်ဘူး၊ မချီးကြူးသင့်ဘူးလို့ ပြောတဲ့အပြောပါပဲ။ သူ့အနေနဲ့ကတော့ ရင်းနှီးမြှုပ်နှံသူတွေ မလာလေ အစိုးရအကြပ်ရိုက်လေ၊ သူအာဏာရဖို့နီးလေလို့များမြင်သလား မပြောတတ်ပါ။ အခုလဲ ဥရောပမှာ ဘရိတ်အုပ်လို့ရမယ်မထင်ပါ၊ ဘယ်အထိပြောမလဲဆိုတာသာ စောင့်နားထောင်ရုံပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဓိကအားနည်းချက်ကတော့ လက်ခုပ်သံများများကြားရင် စိတ်ခံစားမှုကို မထိန်းနိုင်ပဲ အနှောင့်မလွတ် အသွားမလွတ်တွေပါကုန်တာပဲလို့ ကျွန်တော်ကောက်ချက်ချချင်ပါတယ်။

နောက်တစ်ခုထောက်ပြချင်တာကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါ့မယ်လို့ ကျမ်းသစ္စာကျိန်ဆိုပြီးတော့ လွှတ်တော်အမတ်အဖြစ် ခံယူခဲ့ပြီးပါပြီ။ အဲဒီဥပဒေအခန်းတစ်မှာ အင်္ဂလိပ်လိုက ဟောဒီလို The State shall be known as the Republic of the Union of Myanmar ပြဋ္ဌာန်းထားပြီး မြန်မာလိုကတော့ “(ခ) နိုင်ငံတော်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟု ခေါ်တွင်မည်” တဲ့။ ဒေါ်အောင်ဆန်းစုကြည် ကျမ်းမစူးစေချင်တဲ့အတွက် သတိပေးလိုက်ပါတယ်။ တဗားမားထဲ ဗားမားနေတာကို ရပ်တန်းကရပ်ပါတော့၊ အင်္ဂလိပ်ကပေးထားတဲ့နာမည်မို့ ကျမ်းစူးခံပြီး ကာကွယ်ချင်ရင်လဲ နောင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ကိုယ်တိုင်ပြင်နိုင်တဲ့အထိတော့ စောင့်ပါဦးလို့သာ တောင်းပန်လိုက်ပါရစေ။

၁၉၆၃ခုနှစ် ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်တော့ ရဲဘော်ဌေးတို့ မယ်ဒလင်လေးလက်တစ်ဖက်ကဆွဲထားတဲ့ ဗိုလ်ဇေယျတို့ ပုဆိုးမသူကမပြီး ရေစပ်စပ်ချောင်းကလေးတစ်ချောင်းကို ကူးဖြတ်ပြန်သွားတာကို ရှေ့သို့စာစောင်မျက်နှာဖုံးမှာ ဖော်ပြပါတယ်။ ဓာတ်ပုံခေါင်းစီးကတော့ “ပြည်သူတို့ကို ကျောခိုင်း၍ သူတို့ပြန်လေပြီတဲ့”၊ နိုင်ငံခြားသတင်းစာတချို့ကတော့ ဒေါ်စုရဲ့ အိမ်ပြန်ခရီးတဲ့။ ကျွန်တော်ကတော့ သွေးသံရဲရဲနဲ့ မီးဟုန်းဟုန်းတောက်နေတဲ့ ရခုင်ပြဿနာကို ကြောခိုင်း၍ ဒေါ်စု ဥရောပသို့ . . . . . လို့သာ။

About nyuntshwe

A Myanmar, Buddhist, pacifist, and pragmatic person who believe that we are what we think. That leads him positive thinking and he sees the world a beautiful place, but he still likes to keep trying for a better and more beautiful world.
This entry was posted in Critiques. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s