“ဒေါ်အောင်ဆန်းစုကြည်နဲ့ အနောက် လက်ဝါးခြင်းသိပ်မရိုက်ကြဖို့”

“မြန်မာတွေလဲ တော်ဝင်မျိုးဖြစ်ကုန်ကြပါရောလား ကရို့”

မြန်မာသတင်းလောကမှာ မနေ့က ဗြိတိန်ဝန်ကြီးချုပ် မစ္စတာဒေးဗစ် ကင်မရွန်း နေပြည်တော်နဲ့ ရန်ကုန်မှာ လုပ်ကိုင်ပြောဆိုတာတွေနဲ့ လွှမ်းသွားပါတယ်။ သူက ပိတ်ဆို့မှုတွေကို လုံးဝရုပ်သိမ်းဖို့ထက် ဆိုင်းငံ့ထားဖို့ပဲ လုပ်သင့်တယ်လို့ သမတကြီးဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို တွေ့ဆုံအပြီးမှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အစ်မကြီး ဒေါ်အောင်ဆန်းစုကြည်ကလဲ ဒါကိုသဘောတူပါတယ်တဲ့။

ကျနော် စစ်အစိုးရကို သူတို့လုပ်တာတိုင်းကို မဆန့်ကျင်ခဲ့ပေမဲ့ ဘယ်တုန်းကမှ မထောက်ခံခဲ့ပါဘူး။ ဒီလိုပါပဲ၊ အတိုက်အခံတွေ အထူးသဖြင့် အဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကိုလဲ အသေမထောက်ခံပါဘူး၊ ထောက်ခံစရာတွေ့ရင် ထောက်ခံပါတယ်။ သဘောမတူတာ၊ ပြည်သူအတွက် အကျိုးမရှိဘူးလို့ထင်တဲ့အခါ၊ အကျိုးယုတ်တယ်လို့ထင်တဲ့အခါတွေမှာ ပွင့်ပွင့်လင်းလင်း ကန့်ကွက်ပြောဆိုပါတယ်။

ခုကိစ္စမှာ ပိတ်ဆို့မှုတွေထဲကနေ လက်နက်ရောင်းချမှုကို ဆက်လက်ပိတ်ဆို့တာအတွက် အထူးပြောစရာ ကန့်ကွက်စရာမရှိပါဘူး။ တိုင်းရင်းသားသူပုန်တွေနဲ့ ငြိမ်းချမ်းရေးပြည့်ပြည့်ဝဝ မရသေးတဲ့အတွက် ဒါကို ဆက်လက်ပိတ်တယ်ဆိုတာ သဘာဝကျပါတယ်။ နောက်ဆုံး သူတို့ခွင့်မလွှတ်နိုင်တဲ့ လူပုဂ္ဂိုလ်အချို့ကို ဆက်ပိတ်တယ်ဆိုရင်လဲ အထူး မပြောလိုပါဘူး။ ဒါပေမဲ့ မြန်မာပြည်သူအားလုံးအပေါ်မှာ ပိတ်ဆို့ထားတဲ့ လွှမ်းခြုံပိတ်ဆို့မှုကြီးကတော့ ကနဦးအစကတည်းက မရှိသင့် မပိတ်သင့်တဲ့ဟာဖြစ်တဲ့အတွက် ချက်ခြင်းရုပ်သိမ်းတာသာလျှင် မှန်ကန်တဲ့ လုပ်ရပ်ဖြစ်မယ်လို့ပဲ ပြောချင်ပါတယ်။

အဲဒီ လွှမ်းခြုံပိတ်ဆို့မှုကြီးကို အားတက်သရောထောက်ခံခဲ့တဲ့ အဖွဲ့ချုပ်နဲ့ ခေါင်းဆောင်ကြီးကို ကျနော် ပြင်းပြင်းထန်ထန်ဝေဖန်ကန့်ကွက်ခဲ့ပါတယ်။ ကျနော်ဆိုလိုတာက အနောက်တိုင်းက သူတို့ဖာသာ သူတို့အသိနဲ့ ပိတ်ချင်လျှင်ပိတ်ပါစေ၊ ခေါင်းဆောင်ကြီးအနေနဲ့ မတောင်းဆိုပါနဲ့၊ ထောက်ခံကြောင်း အားပါးတရလုပ်မနေပါနဲ့ဆိုတာပါပဲ။ ဒီလိုဘာလို့ မထောက်ခံစေချင်သလဲ၊ မပြောစေချင်သလဲဆိုတော့ မြန်မာပြည် အမျိုးသားရင်ကြားစေ့ရေး၊ ဒီမိုကရေစီရေးဟာ သူသေ ကိုယ်နိုင် ပြောင်းပစ်နိုင်တာမျိုး မဟုတ်ပဲ၊ စေ့စပ်ညှိနိုင်းပြီး အပေးအယူတွေနဲ့ တဖြည်းဖြည်းခြင်း ပြောင်းရမှာဖြစ်လို့ပါပဲ။

အခုတော့ အနောက်တိုင်းတိုင်းပြည်တွေလုပ်နေပုံက အဲဒီကခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် လက်ဝါးခြင်းရိုက်ပြီး စစ်တပ်နောက်ခံအစိုးရကို အတင်းအကြပ် ပြောင်းလဲခိုင်းနေတာ၊ ဖိအားပေးနေတာနဲ့ တူနေပါတယ်။ တူတာမဟုတ်ပါဘူး၊ တကယ်ကို ဒီလို အစီအစဉ်ရှိရှိလုပ်နေတယ်လို့ပဲ မြင်နေရပါတယ်။ စစ်တပ်က ဘယ်အထိ သီးခံမလဲ သီးခံနိုင်မလဲဆိုတာ ကျနော်စိုးရိမ်တကြီးနဲ့ ကြည့်နေမိပါတယ်။

သြော်၊ အထက်မှာ ကျနော် ဒေါ်အောင်ဆန်းစုကြည်ကို ဒေးဗစ် ကင်မရွန်းရဲ့ အစ်မကြီးအနေနဲ့ သုံးလိုက်မိတာကတော့ ဒီလိုရှိပါတယ်ဗျာ၊ အသေအချာစဉ်းစားကြည့်ရင် အခု ကျနော်တို့ဟာ ဗြိတိသျှတွေနဲ့ ဆွေမျိုးတွေဖြစ်ကုန်ကြပြီလေဗျာ။ ကျနော်တို့ရဲ့ ခေါင်းဆောင်ကြီးရဲ့ ယနေ့အထိတရားဝင် အိမ်ထောင်ရှင်က ကွယ်လွန်သူ မစ္စတာ မိုက်ကယ် အဲရစ်လေ၊ ပြီးတော့ ခေါင်းဆောင်ကြီးရဲ့သွေးနဲ့ တည်ဆောက်ထားတဲ့ သား ၂ ယောက် အလက်ဇန္ဒား အဲရစ်နဲ့ ကင်မ် အဲရစ်တို့အပြင် မြေးတွေတောင် တိုးနေသလို ကြားဖူးတော့ကာ ဗြိတိန်နဲ့ ကျနော်တို့က အမျိုးရင်းကြီးပေါ့ဗျာ။ သုံးချက်တွက်နည်းနဲ့ တွက်ချလိုက်တာပါ။

ဒီတော့လဲ အစ်မကြီးနဲ့ မောင်လေးတို့ လက်ဝါးခြင်းရိုက်ကြမယ်၊ ကမ္ဘာမှာ အမြင့်မြတ်ဆုံး လူဖြူသွေး၊ အင်္ဂလိပ်သွေးတွေနဲ့ ဖြစ်တည်နေတဲ့ အမေရိကန်အပါအဝင် အခြားလူဖြူနိုင်ငံတွေကလဲ အစ်မကြီးဖက်က ဝန်းကြ ပံ့ပိုးကြမယ်ဆိုရင် မြတ်ဗုဒ္ဓဟောတဲ့ “ဉာတကာနဉ္စ သင်္ဂဟော” နဲ့လဲ ညီကြပါပေတယ်ဗျာ။

အဲ အဲ မညီတာလေးတစ်ခုကတော့ဗျာ၊ တမင်ရှာကြံပြောတာမဟုတ်ပါဘူး၊ လူတိုင်းသိတဲ့ကိစ္စပါ၊ ဘာတဲ့၊ သြော် သြော်၊ မြတ်ဗုဒ္ဓဟောတဲ့ သားသမီးဝတ္တရားငါးပါးထဲက တစ်ပါးကျိုးပေါက်မှုပါ၊ အစ်မကြီးကိုယ်တိုင် ဖောက်ခဲ့တာဖြစ်ပါတယ်။ ဒီအတွက် အကျုံးဝင်သွားတဲ့ ဒဏ်ခတ်မှုကတော့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၊ ဥပဒေပုဒ်မ ၅၉ (စ) မှာ တိုင်းတပါးသား မိဖ၊ ဇနီးခင်ပွန်း၊ သားသမီးရှိသူဟာ မြန်မာနိုင်ငံရဲ့ သမတဖြစ်ခွင့်မရှိဘူးတဲ့ဗျား။ ဒါကိုလဲ အစ်မကြီးနဲ့ လူဖြူလူနီတွေက ပြင်ဖို့ ပိတ်ဆို့မှုကြိမ်တုတ်ကြီး တဝင့်ဝင့်ပြပြီး ပူးပေါင်း ကြိုးစားကြဦးမလားဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

မောင်ညွန့်ကတော့ အစကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးပါတီကြီးရဲ့ခေါင်းဆောင်နေရာ ပေါ်လစီချမှတ်သူရဲ့နေရာကနေပဲ နေသင့်တယ်၊ လွှတ်တော်ထဲမဝင်သင့်ဘူးလို့ ပွင့်ပွင့်လင်းလင်း သဘောထားပေးခဲ့ဖူးပါတယ်။ အဖွဲ့ချုပ်ကိုလဲ ဒီသဘောထားကို လှမ်းပို့ခဲ့ပါတယ်။ အခု အဖွဲ့ချုပ် ကြားဖြတ်ရွေးကောက်ပွဲနိုင်တာဟာ သူ ကိုယ်တိုင် ဝင်လို့နိုင်တာမဟုတ်ပါဘူး။ သူ ခေါင်းဆောင်လုပ်လို့ကတော့ အခုအဖွဲ့ချုပ်ကထွက်ပြီး အဖွဲ့သစ်ထောင်လိုက်ပါ၊ မြေကြီးလက်ခတ်မလွဲ သူပါတဲ့အဖွဲ့ပဲနိုင်မှာပါပဲ။

ခုတော့ အစ်မကြီးနဲ့ အနောက်ကခေါင်းဆောင်တွေ အစွယ်မှာ သွေးမစင်သေးတဲ့ ဆပ်ကပ်ထဲက ခြင်္သေ့မဟုတ်တဲ့ စစ်တပ်နောက်ခံအစိုးရကို ဘယ်အထိ အကြပ်ကိုင်ကြမလဲ ဘယ်အထိဖိကြမလဲ၊ အသဲတထိတ်ထိတ်ပဲဗျို့။

နောက်ဆုံးအချုပ်အနေနဲ့ ပြောချင်တာကတော့၊ တကယ်လို့ ရောင်နီမပျို့တပျို့ကောင်းကင်သစ်မှာ မဲညစ်တဲ့ တိမ်မဲတွေအလိပ်လိုက် တက်လာပြီး အရုဏ်ကိုဖျက်ဆီးလိုက်ရင်တော့ အဲဒီအကုသိုလ်ရဲ့ အဖို့ကို အစ်မကြီးနဲ့ မောင်လေး ဒေးဗစ်တို့က ခပ်များများယူရမယ်လို့ သတိပေးလိုက်ရကြောင်းပါခင်ဗျား။

မောင်ညွန့် (မင်းကျောင်းတိုက်)

About nyuntshwe

A Myanmar, Buddhist, pacifist, and pragmatic person who believe that we are what we think. That leads him positive thinking and he sees the world a beautiful place, but he still likes to keep trying for a better and more beautiful world.
This entry was posted in Critiques. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s