နောက်ဆုံးမှ ရှေ့ဆုံးသို့ . . . . .

“၂၀၁၂ ရွေးကောက်ပွဲအလွန် ကျနော့်အတွေး”

ကြားဖြတ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အနီးစပ်ဆုံးခန့်မှန်းနိုင်ခဲ့သူတွေထဲမှာ ထိပ်ဆုံးက ဘယ်သူလဲဆိုတာကြည့်လိုက်တော့ ဘယ်သူရှိဦးမှာလဲဗျာ၊ ဟဲဟဲ ကျနော်ပါပဲ။ ဒါပေမဲ့ ကျနော်ထင်ထားတာထက်တော့ ဒီချုပ်က တစ်နေရာလောက် ပိုနိုင်တာပေါ့ဗျာ၊ ကျနော် မတ်လ ၂၅ ရက်နေ့က အထင်ကရ ပြည်ပရေဒီယိုတစ်ခုက မိတ်ဆွေတစ်ယောက်နဲ့ ဂျီတော့ခ်မှာ ချတ်ဖြစ်တယ်ခင်ဗျ၊ အဲဒီထဲက ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်လို့ ကျနော်တို့ ပြောခဲ့တာကို ကူးတင်လိုက်တယ်ခင်ဗျ။ သူ့ဆီက ခွင့်ပြုချက်တောင်းချိန်မရတဲ့အတွက် သူ့နာမယ်ကိုတော့ friend လို့ ပြောင်းလိုက်တာကလွဲရင် မူရင်းအတိုင်းပါပဲခင်ဗျ။

me: ခင်ဗျားတို့ ဌာနက ဒီချုပ် ဘယ်နှစ်နေရာနိုင်မယ်ထင်ကြသလဲ။
8:14 PM
friend: ကျနော့်စိတ်ထင်တော့ ၂၀ နဲ့ ၃၀ ကြားလောက်တော့ ရနိုင်လိမ့်မယ်ထင်တာပဲ
7 minutes
8:21 PM
me: ကျနော့်အထင်ကတော့ ၃၀ ကနေ ၄၂ နေရာလောက်ရမယ်ထင်တယ်။ တိုင်းရင်းသားတချို့အတွက် ၆ နေရာ ပေးလိုက်မယ်လေ။

အင်္ဂလိပ်လိုရေးတဲ့ ဂျပန်နိုင်ငံ နေ့စဉ်ထုတ် The Japan Times သတင်းစာ မတ်လ ၂၉ ရက်ထုတ်မှာ (ကျနော် ပို့ထားတာက ၂၁ ရက်နေ့ကတည်းကပါ) “နေရာအကုန်လုံး မဟုတ်ရင်တောင် ယှဉ်ပြိုင်တဲ့နေရာအများစုမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က နိုင်လိမ့်မယ်” လို့ ရေးခဲ့တယ်ဗျ။ မူရင်းကို အင်္ဂလိပ်လို အောက်မှာဖော်ပြလိုက်ပါတယ်။

The National League for Democracy (NLD) is going to take most — if not all — of the contested seats.

တကယ်ဆိုရင် ကိုယ်ဝင်ခွင့်မရပေမဲ့ ၂၀၁၀ တုန်းကသာ အဖွဲ့ကို ဝင်ခွင့်ပေးခဲ့မယ်ဆိုရင် စဉ်းစားသာကြည့်ပေတော့ဗျာ၊ ပါလီမန်ထဲမှာ ကြံ့ခိုင်ပါတီနဲ့ ဘတစ်ပြန် ကျားတစ်ပြန်ပေါ့။ အဲဒီတုန်းကတော့ ကျနော် အခြားဆောင်းပါးတစ်ခုမှာ သုံးခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ဟာ တဇွတ်ထိုး တုံးတိုက်တိုက် ကျားကိုက်ကိုက် ဦးဝင်းတင်နဲ့သံစဉ်ကိုက်ပြီး ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လက်ညှိုးထိုးပြီး ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တယ်ပေါ့ဗျာ။ ဒီလောက်တင်လားဆိုတော့ မဟုတ်ပါဘူး၊ ပြည်သူတွေကို ကိုယ်ကြိုက်တဲ့ပါတီ (သူ့ပါတီကို ဆိုလိုတာပါ) မပါရင် မဲသွားမပေးပဲ ကိုယ့်အိမ်မှာကို နေကြပါ အထိ ဆန့်ကျင်ပြခဲ့တာခင်ဗျ။ ဒီတော့ ဒီမိုကရေစီပါတီငယ်လေးတွေအတွက် ရမဲ့မဲအတော်များများက အိမ်တွေထဲကနေ ထွက်မလာနိုင်တော့ဘူးပေါ့ဗျာ။ ဒါဟာ ငါ့အတွက်မဟုတ်ရင် ဘယ်သူ့ကိုမှ မုဒိတာမပွားနိုင်တာလို့ပဲ မြင်ပါတယ်ဗျာ။ အထိက ထိုးနှက်ချင်တဲ့ပါတီကတော့ စစ်တပ်ပါတီလို့ အားလုံးသိကြတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမဟုတ်ပဲ ဒီ/ချုပ်ကနေပဲ့ထွက်သွားတဲ့ ဦးခင်မောင်ဆွေ ဦးသိန်းညွန့် နဲ့ ဒေါက်တာသန်းငြိမ်းတို့ခေါင်းဆောင်တဲ့ NDF ကိုပါပဲ။

ကျနော်ကြားသိရသလောက်ကတော့ ဦးခင်မောင်ဆွေတို့တတွေက ဒီ/ချုပ် တရားဝင်ပါတီအဖြစ်ကနေ ရပ်စဲသွားပြီးတဲ့နောက်မှ ပါတီသစ်ထောင်ကြတာပါ။ ပါတီပြန်လည်မှတ်ပုံတင်ရမဲ့ အချိန်ကုန်ဆုံးသွားပြီးတဲ့နောက်မှာမှ သူတို့တတွေ ထောင်ကြတာပါ။ ပါတီမဖျက်ခင် ဝင်ရေးမဝင်ရေးဆွေးနွေးပွဲတုန်းကလဲ ဦးဝင်းတင်က သူပြောမဲ့အလှည့်မှာ ဦးခင်မောင်ဆွေကို အစည်းဝေးခန်းကနေ ရှောင်ပေးဖို့ တောင်းဆိုပြီး ရတော့မှ ပြောခဲ့တာဖြစ်တယ်ဆိုတာ အစည်းအဝေးတက်သူတိုင်းသိတဲ့အချက်ပါ။ အမြင်မတူတဲ့ ၂ ဦး သူ့အမြင် ကိုယ့်အမြင်တင်ပြကြတဲ့ပွဲမှာ ကျုပ်ပြောတာ ခင်ဗျားနားမထောင်ရဘူးဆိုတဲ့ အနိုင်ကျင့်မှုကြီးကတော့ ဒီမိုကရေစီလောကမှာ တကယ်ပဲ မှတ်တမ်းတင်ထိုက်ပါပေတယ်လို့ သုံးသပ်ပါတယ်ဗျာ။

အခု ဒီ/ချုပ်က ပြန်ပြီးမှတ်ပုံတင်တာကနေ ရွေးကောက်ပွဲဝင်တာအထိ ကျနော် လှိုက်လှိုက်လှဲလှဲ ထောက်ခံခဲ့ ရေးသားချီးကြူးခဲ့တာပါပဲ။ အပြတ်အသတ်နိုင်မယ်ဆိုတာလဲ သိနေတာပဲလေ။ ဒီ/ချုပ် တော်လွန်းလို့ နိုင်တာတော့ မဟုတ်ဘူးဗျာ၊ တကယ်က တစ်ဖက်ပါတီရဲ့အမှားပေါင်း မြောက်များစွာ၊ မတရားမှုပေါင်းမြောက်မြားစွာကြောင့်နိုင်တာပါ။ အရင် ၂၀၁၀ တုန်းကလိုလဲ မသမာမှုတွေကို ရဲရဲတင်းတင်းမလုပ်နိုင်တော့သလိုကွာဟမှုကလဲ သိပ်ကြီးတဲ့အခါကြတော့ မျက်နှာဖုံးတစ်ခုလုံး ခွာအချခံလိုက်ရတဲ့သဘောပါပဲ။

ဒါပေမဲ့ စဉ်းစားကြည့်ကြပါ၊ ဒီ/ချုပ်ဟာ ၂၀၁၀ တုန်းက ပေါ်လစီအမှားကို ဝန်ခံဖို့ လုံးလုံးမစဉ်းစားပါဘူး။ သူ့ခေတ်မို့ သူလုပ်ချင်တာဖြစ်တယ်၊ သူပြောချင်တာသာ တရားဝင်တယ်ဆိုရင်တော့ အမှားကြီးမှားပါတယ်။ ဘယ်သူမဆို မရိုးသားမှုဟာ သူများထက် ကိုယ့်ကိုယ်ကို အများဆုံးနှိပ်စက်ပါတယ်။

ဒီ/ချုပ်ဆင်ခြေပေးတဲ့ ရွေးကောက်ပွဲကော်မရှင်က အချက်အလက်အချို့ ပြင်ပေးလို့ဆိုတာဟာ ၂၀၁၀ တုန်းက အဓိကလက်ညှိုးထိုးခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံကို ပြင်တာမဟုတ်ပါဘူး။ ဒီဥပဒေတွေကို ပါလီမန်ကပဲ ပြင်ခွင့်ရှိပါတယ်။ ပြင်ချင်လို့ဝင်ပါတယ် လို့ ဒေါ်စုတဖွဖွ ပြောပါတယ်။ အရင်တောင်းဆိုတာက ရွေးကောက်ပွဲမတိုင်ခင်မှာကို ဒီအခြေခံဥပဒေတွေထဲက သဘောမတူနိုင်တာတွေ ပြင်ခွင့်ပေးရမယ်လို့ တောင်းခဲ့တာပါ။

ကဲ၊ အခု ဘာပြင်ပေးသလဲဆိုတော့၊ ခဏခဏညွှန်းနေတဲ့ ပြင်ဆင်ချက်ကြီးကတော့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်အစား လေးစားလိုက်နာပါမည် လို့ ပြောင်းပေးလို့ပါတဲ့ဗျာ။ ဒါ ဒေါ်စုပါးစပ်ကကော ဒီ/ချုပ်ခေါင်းဆောင်ကြီးများကကော မန်းမှုတ်နေတဲ့ဂါထာတော်ကြီးပါ။ ကျနော်အပါအဝင် ဝေဖန်သူတွေကတော့ ဒေါ်စုနဲ့ ဒီ/ချုပ်တို့အဖို့ မဟာပြောင်းလဲမှုကြီးဟာ “ကုလားကြီးကနေ အရာကြီး” ”ချစ်တီးကနေ ဘာဘူကြီး” “တရုပ်ကြီးကနေ ထောင်ကဲကြီး” ပါပဲ။

ဒါပေမဲ့ ဒါဟာ တစ်စုံတစ်ရာသော ရည်ရွယ်ချက်နဲ့ နိုင်ငံတော်က ချထားတဲ့ စီမံကိန်းဆိုတာ ရိပ်မိသူတွေ ရိပ်မိပါတယ်။ ဒီစီမံကိန်းဟာ အတော်လဲကြီးတဲ့ပုံပါ။ သိတဲ့အတိုင်းပါပဲ ဒီစီမံကိန်းကို အကောင်အထည်ဖော်နေတဲ့ မျက်မှောက်ကာလမှာ စစ်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ငြိမ်း)ကို မြောင်းထဲရောက်အောင် အမှားမှန်သမျှ သူ့ရဲ့တာဝန်ဆိုတာမျိုးတွေကို လွှတ်တော်ဥက္ကဋ္ဌကြီး သူရရွှေမန်းတို့ ဦးခင်အောင်မြင့်တို့ ကြုံတိုင်းပြောနေကြတယ်လေ။ ဒါကို ဦးသန်းရွှေကော စစ်တပ်ကကော ငြိမ်ခံနေတယ်ဗျာ။ ဘာလို့ ခံသလဲဆိုတော့ တွက်ကိန်းနဲ့ သွားနေတဲ့ စီမံကိန်းကြီး အချိန်မတိုင်ခင် ချော်ကျမသွားအောင်လို့။

တကယ်ပွင့်လင်း ရိုးသားတဲ့ယှဉ်ပြိုင်မှုမှာ ကြံ့/ဖွံ့အတွက် ဒီအတိုင်းသွားနေလို့ကတော့ နေရာမရှိ ခေတ်မရှိတော့ပါဘူး။ အခု ၂၀၁၂ ရွေးကောက်ပွဲက ဘာကိုပြသလဲဆိုတော့ ၂၀၁၅ ရွေးကောက်ပွဲကျရင် ကြံ့/ဖွံ့ လုံးတီးပေါ်တော့မယ်၊ မြောင်းထဲ မရှုမလှရောက်တော့မယ်၊ ပါလီမန်ထဲမှာ စစ်တပ်ကိုယ်စားလှယ်လောက်ပဲ ကျန်တော့မယ်ဆိုတဲ့ အတိတ်နိမိတ်ကြီးကို ထင်ထင်ရှားရှားပြလိုက်တာပါပဲ။ ဒါဆိုရင် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံထဲက ပြင်ချင်သမျှကို ၂၀၁၅လွန်ကာလတွေမှာ အရှိန်အဟုန်ပြင်းပြင်းနဲ့ ပြင်နိုင်တော့မယ်လို့ အချက်ပြလိုက်တာပဲဖြစ်တယ်။

ဒါဆိုရင် ကြံ့/ဖွံ့ တကယ်ပဲ အနာဂါတ်မရှိတော့ဘူးလား။ ဒီလိုတော့လဲ မဟုတ်ပါဘူး။ တကယ်လို့သာ အမှားတွေကို ရိုးရိုးသားသား ပြန်လည်သုံးသပ်ပြီး ပါတီကိုပြန်လည်တည်ဆောက်မယ် ပြည်သူကို တည့်တည့်မျက်နှာမူပြီး ပြည်သူ့အကျိုးဦးထိပ်ထားလုပ်မယ်ဆိုရင် ဘဏ္ဍာ တောင့်တင်းတဲ့ပါတီအနေနဲ့ သေချာပေါက် ပြန်ပြီးထူမတ်နိုင်ပါတယ်။

ကျနော်က လက်သီးပုန်းမထိုးတတ်ဘူး၊ ပွင့်ပွင့်လင်းလင်းပဲ။ ဒီ/ချုပ်ဟာ တလျှောက်လုံးလောက် ပေါ်လစီအမှားတွေနဲ့ သွားနေခဲ့တယ်။ အခု လမ်းကြောင်းမှန်ပေါ်ပြန်ရောက်လာတယ်။ ဒီလမ်းကြောင်းမှန်ကို ပထမဆုံးလက်ခံခဲ့သူတွေ လိုက်ခဲ့သူတွေဟာ NDF ဖြစ်တယ်၊ ဦးသုဝေတို့ ဒေါ်သန်းသန်းနုတို့ဖြစ်တယ်၊ တိုင်းရင်းသားပါတီတွေနဲ့ အခြားပါတီငယ်တွေဖြစ်တယ်။ ချုပ်ပြောရရင် ၂၀၁၀ ရွေးကောက်ပွဲကို ဝင်ခဲ့တဲ့ပါတီတွေရဲ့ နောက်ကနေ ဒီ/ချုပ်က လိုက်ခဲ့တာဖြစ်တယ်။ ဒေါ်စုကိုယ်တိုင်က ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်တဲ့ အင်မတန်မှကို ကြီးမားခိုင်ခန့်အားကောင်းတဲ့ အခြေခံအုတ်မြစ်ကြီးပေါ်မှာ အမြဲလို အနိုင်ကျင့်ခံရ အနှိပ်စက်ခံနေရတဲ့ ကယ်ရာတွယ်ရာမဲ့ပြည်သူတွေက ခေါင်းပေါ်တင်မြှောက်လိုက်တာဖြစ်တယ်။

ကျနော်က ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးခေါင်းဆောင်အနေနဲ့ ဒီ/ချုပ်ကို ဦးဆောင်တာကို မကန့်ကွက်ဘူး၊ ဒါပေမဲ့ ကိုယ်တိုင် ဝင်အရွေးခံတာကိုတော့ ကနဦးကတည်းက ကန့်ကွက်ပါတယ်၊ ဘာကြောင့်မဝင်သင့်ဘူးဆိုတာကိုလည်း ဒေါ်စုနဲ့ ဒီ/ချုပ်ကို စာပို့ပါတယ်။ အဲဒီစာတွေကို ကျနော့်ရဲ့ဘလော့ဂ်မှာလည်း တစ်လလောက်နောက်ကျပြီး တင်ပါတယ်။ ဦးဝင်းတင်ဆီကိုလဲ ဒေါ်စုမဝင်အောင်ပြောဖို့ တိုက်တွန်းတဲ့စာကို ပို့ခဲ့ပါတယ်။ ဘာလို့ဒေါ်စုကိုယ်တိုင် မဝင်သင့်သလဲဆိုတော့ အင်္ဂလိပ်မယား၊ အင်္ဂလိပ်သားမြေးများရဲ့ မိခင် အဖွားဖြစ်နေလို့ပါပဲ။ ကျနော့်ယုတ္တိကို မြတ်ဗုဒ္ဓရဲ့ သိံဂါလသုတ်လဲဖြစ်ပြီး မြန်မာ့လူမှုကျင့်ဝတ်အခြေခံလဲဖြစ်တဲ့ သားသမီးဝတ်ငါးပါးကလဲ ထောက်ခံပါတယ်၊ ၁၉၄၇ အခြေခံဥပဒေနဲ့ ၂၀၀၈ အခြေခံဥပဒေတွေကလဲ ခိုင်မာစေခဲ့ပါတယ်။ အခု အောင်ပွဲခံတာဟာ ဒေါ်စုကိုယ်တိုင်ဝင်လို့မဟုတ်ပါဘူး။ ၁၉၉၀ ရွေးကောက်ပွဲတုန်းကလဲ ဝက်ဝက်ကွဲနိုင်ပါတယ်၊ ဒေါ်စုကိုယ်တိုင်မဝင်ပါဘူး။

ဒေါ်စုကို ပြည်သူတွေက ရွေးချယ်တာကို ကျနော်ထောက်ခံပါတယ်။ ဒါပေမဲ့ ဒေါ်စုကိုယ်တိုင်ဝင်တာကိုတော့ ကျနော်သဘောမတူခဲ့ကြောင်းပါခင်ဗျား။

About nyuntshwe

A Myanmar, Buddhist, pacifist, and pragmatic person who believe that we are what we think. That leads him positive thinking and he sees the world a beautiful place, but he still likes to keep trying for a better and more beautiful world.
This entry was posted in Politics. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s