ပညာရှင်က ပညာစကား၊ လူဖျင်းတွေက လူပြိန်းစကား သို့မဟုတ် အာရ်အက်ဖ်အေ တနင်္ဂနွေစကားဝိုင်း

တစ်နေ့က (၁၈ မတ်လ ၂၀၁၂) အာရ်အက်ဖ်အေ တနင်္ဂနွေစကားဝိုင်းက စိတ်ဝင်စားစရာလဲ ကောင်းတယ်၊ စိတ်ပျက်စရာလဲကောင်းတယ်။ စကားဝိုင်းဖွဲ့သူတွေက အစီအစဉ်မှူး ဦးခင်မောင်ငြိမ်း၊ ဒေါက်တာ (ပါရဂူ) ဆလိုင်းငွေကျုံးလျံ၊ အိန္ဒိယမှာ ခိုလှုံနေတဲ့ ဒေါက်တာတင့်ဆွေ (ပြည်ပြေးအစိုးရ ရာသက်ပန်ဝန်ကြီး) နဲ့ ပြည်ပြေးအစိုးရ ကုလသမဂ္ဂရာသက်ပန် ကိုယ်စားလှယ် ဒေါက်တာသောင်းထွန်းတို့ ဝိုင်းဖွဲ့ ပြောကြတာ။

ပြောတဲ့အကြောင်းက အခြေခံဥပဒေပြင်ဆင်ရေး။ ဒေါက်တာဆလိုင်း ငွေကျုံးလျံက ဖွဲ့စည်းအုပ်ချုပ်ပုံဆိုင်ရာ အခြေခံဥပဒေနဲ့ပါရဂူဘွဲ့ယူထားရုံမဟုတ် အမေရိကန်တက္ကသိုလ်တစ်ခုရဲ့ အခြေံဥပဒေပြုစုခြင်းဆိုင်ရာဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့သူ၊ အဲလို သိတဲ့လူက ပညာစကားပြောတာ ဆန်းတော့လဲ မဆန်းဘူးပေါ့။

ဒါပေမဲ့ ပညာစကားမပြောတတ် ပညာတတ်ရဲ့အရိပ်အကဲလဲ မဖမ်းတတ်တဲ့ ဟိုဆရာဝန် ၂ ယောက်ကတော့ အရပ်သားပြော၊ ကိုယ်ဖြစ်စေချင်တာ လျှောက်ပြောတော့တာပေါ့။ သူ့ထက်ငါ ပြည်သူတွေကောင်းဖို့ အနစ်နာခံပြီး ပြောပေးနေရတဲ့ပုံတောင် ပေါက်တယ်ခင်ဗျ။

ချုပ်လိုက်ရရင် ဥပဒေပညာရှင်က ပြင်ရင် ဘယ်ပေါ်မှာ အခြေခံပြီး ပြင်ကြရတယ်၊ အချိန်ယူဖို့လိုတယ်စသဖြင့် ပြောတယ်။ ဟိုဆရာဝန် ၂ ယောက်ကတော့ မြန်မြန်ပြောင်းဖို့ အောက်ခြေလူတန်းစားပါဝင်ဖို့၊ တိုင်းပြည်တိုးတက်ရေး မြန်မြန်လုပ်နိုင်အောင် မြန်မြန်ပြောင်းတာ ကောင်းတယ်ပေါ့၊ ပါသေးတယ်လေ၊ အောက်ကနေ အထက်ကို သွားရမတဲ့၊ ဘော်တွမ် အပ်ပ် တဲ့။ ဒုတိယပင်လုံလိုဟာမျိုးလဲ လိုသတဲ့၊ စသဖြင့် လူပြိန်းပြော ပြောတာပေါ့။ တကယ်တန်းသာ ပြည်သူလူထုက ရွေးချယ်တင်မြှောက်တဲ့ ကိုယ်စားလှယ်တွေရှိရင် ပညာရှင်အလုပ်တွေကို ပညာရှင်တွေက လုပ်မှ အထာကျလိမ့်မယ်။ ဗိုလ်ချုပ်တို့လက်ထက်ကလဲ ကော်မီတီဖွဲ့ပြီး ပညာရှင်တွေနဲ့ လုပ်သွားကြတာပဲ။ တခြားနိုင်ငံတွေလဲ ဒီလိုပဲလေ။ ယုတ်စွအဆုံး ကွန်မြူနစ်တွေလဲ ဒီလိုပဲ ဆွဲတာပဲ။

ဦးနေဝင်းခေတ်က တကယ်ပြောတာပါ၊ နွားကျောင်းသားက အနိမ်ဆုံးပြောရရင် မြို့နယ်တရားသူကြီးဖြစ်ပါတယ်။ အခု ဦးဂျမ်း (တင်မိုး)က သေသွားတော့ ဘယ်သူ့ကို သက်သေထားပြောရမလဲမသိဘူး။ ကျုပ်တို့ရွာက နွားကျောင်းသာ ကိုညိုကြီးတဲ့။ စာက လုံးလုံးမတတ်ရှာဘူး။ သူများအပ်တဲ့နွား အငှားကျောင်းပြီး အသက်မွေးရတဲ့သူ၊ သူက တောင်သာမြို့နယ်တရားသူကြီး တက်ဖြစ်တာ။ ရွာနဲ့တောင်သာက ဆယ်မိုင်လောက် ငွေးတယ်။ သူက ရုံးဆင်းရုံးတက်ကို မြင်းနဲ့တက်တာ။ ကျနော်အဖွားဆုံးလို့ ရွာကို တစ်ခေါက်ပြန်တော့ ရွာကအမျိုးတွေက ကျနော့်ကို ငေါ့ကြတယ်။ မင်း ငွေကုန်ခံပြီး ကြိုးကြိုးစားစားသင်၊ တက္ကသိုလ်ကဘွဲ့ရပြီး အလုပ်လုပ်တော့ ဘယ်လောက်ရလို့တုန်းတဲ့။ ကျနော်က ဘူမိဗေဒအရာရှိပေါက်စလေ။ ကျနော် ၅၅၀လောက်ရပါတယ်ပြောတော့။ ဒို့ရွာက နွားကျောင်းသားညိုကြီးကွာ ကကြီးကို ပုတ်လောက်ရေးပြလို့ ကကြီးမှန်းမသိဘူး။ အခု တောင်သာမြို့နယ်တရားသူကြီးကွ၊ သူ့ထက်ကြီးတာမရှိဘူး။ ပညာတတ်တွေက ဆရာခေါ်နေရတယ်။ စာမဖတ်တတ်ပေမဲ့ လက်မှတ်ထိုးကလေး သင်ထားလို့ ဘာပြဿနာမှ မရှိဘူး။ သူက လက်မှတ်ထိုးရုံနဲ့ တစ်လ ၇၀၀ ကျော်ရတယ်လို့ ကျနော့်ကို ပျက်ရယ်ပြုကြတယ်လေ။ ကိုညိုကြီးနဲ့ လစာတူအောင် နောက် ရာထူးတက်ဖို့ ၆ နှစ်လောက် စောင့်လိုက်ရတယ်။ အဲဒါ အောက်ခြေကလူတန်းစားပဲ။ ဒီလိုနဲ့ ဦးနေဝင်းရဲ့ ဆိုရှယ် ဘယ်လိုလစ်ကုန်သလဲဆိုတာ အခု အသက် ၅၀ ကျော် ၆၀ သမားတွေဆို သိကြပါတယ်။

မြန်မြန်ပြင်နိုင်ရင်ကောင်းမှန်း နှပ်စင်အောင်မညှစ်တတ်သေးတဲ့ ကလေးလဲ သိချင်သိမှာပေါ့ဗျာ။ ဒါပေမဲ့ စစ်တပ်ကနောက်ကရှိနေတာ မသိတာလဲ မဟုတ်ပဲနဲ့ လုပ်ရင်ဖြစ်ပါတယ်ဆိုတာမျိုးလောက်ပဲ ဆင်ခြေတက်ချင်သူတွေ ဘယ်လိုလုပ် ခေါင်းဆောင်ဖြစ်နေကြသလဲ သိပေါင်ဗျာ။ လူရိုးကြီး ဦးစိန်ဝင်းကိုတော့ ကရုဏာသက်ပါတယ်၊ ဒီလိုလူတွေကို နေရာပေးတဲ့အတွက်လဲ ဒီအဖွဲ့ဟာ ဘာမှလဲ မအောင်မြင်တဲ့အပြင် သနားမဲ့လူလဲ မရှိဘူး။ အဆဲခံပဲ ထိတယ်။ ဦးစိန်ဝင်း ဆင်းရဲတာတော့ ကျနော်က ကြားလဲကြားခဲ့တယ်။ မြင်လဲ မြင်ခဲ့ဖူးတယ်။ ဇနီးသည်က အချိန်ပိုင်းလုပ်ပြီး ဝမ်းကျောင်းကြရတယ်ဗျာ။ သူ့ရဲဘော်တွေကတော့ တချို့ဆို အိမ်ခြံဝန်းထဲမှာ ရေကူးကန်တောင် ရှိဆိုပဲ။ ကားလဲ တဝီဝီပေါ့။ အဲ ဆိုးတော့မဆိုးရှာပါဘူး၊ ဦးစိန်ဝင်းကို ကားကြုံစီး အဆင်ပြေအောင်တော့ ကူညီကြသလို ကြားခဲ့ရဖူးပါရဲ့။

ဆလိုင်းငွေကျုံးလျံက နောင် ၁၄ နှစ်ကြာရင် အခြေခံဥပဒေ လုံးလုံးလျားလျား ကောင်းသွားနိုင်တယ်လို့ ပြောတာဟာ ၁၄ နှစ်လုံး စောင့်ပြီးနေရင်း သူ့ဟာသူကောင်းသွားမယ်လို့ ပြောတာမဟုတ်ဘူးဆိုတာ ခမြာများ သဘောပေါက်ပုံမရဘူး။ ဒီ ၁၄ နှစ်တာမှာ ဘတစ်ပြန် ကျားတစ်ပြန်တွေ ဘယ်လောက်လုပ်ရဦးမယ်ဆိုတာ ထည့်မပြောရင် ဒီလူတွေ နားမလည်ဘူးဆိုတာ ဟိုလူကလဲ မသိရှာဘူး။ ဒီတော့ လူပြိန်းကြိုက် ဇွတ်မြန်ချင်နေတော့တာပေါ့ဗျာ၊ ဒီလိုပြောရင် ငါတို့လိုလူပြိန်းတွေ ကြိုက်တယ်ဆိုတာလဲသိလို့ အကြိုက်ပြောတယ်လို့ တွေးရင် မှားနိုင်မယ်မထင်ပါဘူး။

ဒါ ဆလိုင်းငွေကျုံးလျံမို့ ၁၄ နှစ်နဲ့ ရပ်တာ။ ကျနော်သာဆိုရင် မဟန်ရင် နောက်ပြန်လန်မယ်။ ပုံမှန်သွားရင်တောင် ၁၅ နှစ် အနှစ် ၂၀ တန်သည် ကြာနိုင်တယ်လို့ ပြောမှာ။ တခြားအာဏာရှင်တွေ ဒီမိုကရေစီဖြစ်ဖို့ အနည်းဆုံး အနှစ် ၂၀ ကြာတယ်။ ဘရာဇီးက အနှစ် ၂၀ ကျော်နေပြီ။ မြန်မာပြည်ကို ခဏခဏလာဘူးတဲ့ ဘရာဇီးနိုင်ငံသား ကုလအထူးကိုယ်စားလှယ် ပီညဲရိုး လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်ကထင်တယ်၊ ဘရာဇီးဟာ ဒီမိုကရေစီမဖြစ်သေးဘူးလို့ လူသိရှင်ကြားပြောပါရောလား။

အိန္ဒိယကို ရောက်ဖူးတဲ့ နိုင်ငံရေးလှုပ်ရှားသူတစ်ယောက်က ပြောပြဖူးတယ်။ အိန္ဒိယမှာ ဒို့အရေးလုပ်နေတဲ့ သာမန်လူတန်းစားတွေရဲ့အိမ်ခန်းဟာကြမ်းရှစ်ချောင်းပြည့်အောင် မခင်းနိုင်ဘူး။ ဒါပေမဲ့ ကျနော် သုံးရက် တည်းခိုခဲ့တဲ့ ဝန်ကြီးဒေါက်တာတင့်ဆွေအိမ်ကတော့နန်းတော်ကြီးကျနေတာပါပဲဗျာလို့ ပြောတာကို သတိပြန်ရမိပါတယ်။

ဒေါက်တာတင့်ဆွေက အခုစစ်ဗိုလ်တွေ စစ်ဗိုလ်ထွက်တွေဟာ အရင်ကထက် သိသိသာသာ အများကြီးကို ပြောင်းသွားပြီတဲ့။ ကဲ၊ ဒေါက်တာတင့်ဆွေ ဘယ်တော့ပြည်တော်ဝင်မလဲဆိုတာ နားစွင့်ကြပေရော့ဗျား။ တကယ်ဆိုတော့လဲ သူတို့လေးစားလှပါတယ်၊ အားကိုးလှပါတယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သမတဥိးသိန်းစိန်အစိုးရနဲ့ လက်တွဲနေပြီပဲဗျာ၊ သူတို့ နိုင်ငံခြားမှာ ဆက်နေစရာ မလိုပါဘူး။ အရင်တုန်းက စီးပွားရေးပိတ်ဆို့မှုနဲ့ အနောက်အုပ်စုက လုပ်ငန်းရှင်တွေ မြန်မာပြည်က ထွက်ခွာသွားရေးဟာလဲ တခြားအဖွဲ့အစည်းတွေလုပ်လို့ ဖြစ်တာပါ။ သူတို့နဲ့ မဆိုင်ပါဘူး။ သူတို့မှာ ပြောစရာဆိုလို့ အခုသူတို့ကိုယ်တိုင် ပတ်တုတ်လို့မရတော့ပဲ ခေါ်တောတွေနဲ့ ပနံသင့်သွားတဲ့ အသံလွှင့်ဌာနတစ်ခု ထောင်ပေးခဲ့တာပဲရှိပါတယ်။ ဒါတွေကတော့ စကားချပ်ပေါ့ဗျာ။

ခုနက တနင်္ဂနွေစကားဝိုင်းကတော့ ဆွေးနွေးတဲ့အကြောင်းအရာလဲ ကောင်းပါတယ်၊ မေးတဲ့သူလဲ နွားကျောင်းသားထက်တော့ သာပါတယ်၊ ဒါပေမဲ့ အဖြေ ဘုရားလောင်းက သုံးပုံတစ်ပုံပဲပါပြီး မျောက်လောင်းက သုံးပုံနှစ်ပုံပါနေတဲ့အတွက် ချာတယ်လို့ပဲ မှတ်ချက်ပြုလိုက်ရကြောင်းပါခင်ဗျား။

About nyuntshwe

A Myanmar, Buddhist, pacifist, and pragmatic person who believe that we are what we think. That leads him positive thinking and he sees the world a beautiful place, but he still likes to keep trying for a better and more beautiful world.
This entry was posted in Critiques. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s