“မြန်မာ့ဗုဒ္ဓသာသနာ သန့်ရှင်းစင်ကြယ်စေချင်ရင် ကိုယ်တိုင်မြှင့်တင်ကြ” (၁)

ဗုဒ္ဓသာသနာကို အသန့်စင်ဆုံးသန့်စင်တဲ့သာသနာတစ်ရပ်အဖြစ် မြင်ချင်သူတိုင်း ဖတ်သင့်တဲ့ စာမွန်တစ်ပုဒ်ဖြစ်ပါတယ်။ ဖတ်ကြည့်စေချင်ပါတယ်။

မြန်မာနိုင်ငံမှာ ကျနော်သိသလောက် ထင်ထင်ရှားရှား ရဟန္တာကိုယ်တော်မြတ်အနေနဲ့ နိုင်ငံနဲ့အဝှန်းကျော်ဇောခဲ့တဲ့ရဟန်းဆိုလို့ စွန်းလွန်းဂူကျောင်းဆရာတော် ဦးကဝိ တစ်ပါးသာ ကြားဖူးပါတယ်။

ဦးကဝိတဖြစ်လဲ ဦးကျော်ဒင်ဟာ ပါဠိကို ပုတ်လောက်ရေးပြရင်တောင် ဘာမှန်းမသိတဲ့ စာမတတ် ပေမတတ် တောင်သူတစ်ဦးပါ။ အစပိုင်းမှာ မြင်းခြံမှာ ရုံးစေလုပ်ဖူးပါတယ်။ သူက လောကနဲ့သံသရာကိုကြောက်တဲ့အတွက် သူ့မိတ်ဆွေများဆီက နည်းယူပြီး တရားထိုင်တာပါ။ ဘယ်သူမဆို စာတတ်တတ်မတတ်တတ် တရားကို မှန်မှန်ကန်ကန်နဲ့ ဝိရိယစိုက်ပြီးအားထုတ်ရင် တရားပေါက်နိုင်တယ်ဆိုတဲ့အပြောကို ယုံယုံကြည်ကြည်နဲ့ ပြင်းပြင်းပျပျအားထုတ်တဲ့အတွက် မဂ်လေးတန် ဖိုလ်လေးတန်ပေါက်ခဲ့တာပါ။

ဝတ်ကြောင်ဘဝနဲ့ သောတပတ္တိမဂ်၊ သကဒါဂါမိမဂ်နဲ့ အနာဂါမိမဂ်တို့ကို ဆိုက်ခဲ့ပါတယ်။ ဇနီးဖြစ်သူကို သာသနာထဲဝင်ခွင့်ပြုဖို့ အကြိမ်ကြိမ်ခွင့်တောင်းခဲ့ပြီး နောက်ဆုံးမှာ သဘောတူခွင့်ပြုတဲ့အတွက် စွန်းလွန်းဂူကျောင်းမှာ ကိုရင်ကြီးဝတ်ပြီး ကူအောင်းခါ တရားကို ပြင်းပြင်းပျပျ ဆက်လက်အားထုတ်ပါတယ်။ ကိုရင်ကြီးဘဝမှာပဲ ရက်တိုတိုနဲ့ အရဟတ္တမဂ်ကို ဆိုက်ခဲ့ပါတယ်။

အခုခေတ် ခေတ်ရဟန်းအတော်များများကတော့ လောကကို ကြောက်လို့လဲမဟုတ်၊ သံသရာကိုကြောက်လို့လဲမဟုတ်ပဲ ရဟန်းဘဝရောက်နေသူတွေဖြစ်တဲ့အတွက် တရားအားမထုတ်တဲ့ကိုယ်တော်က များပါတယ်။ ဝိနည်းကို အရေးမစိုက်တဲ့သူတွေ များပါတယ်။ ဘာလို့ဒီလိုပြောနိုင်သလဲဆိုတော့ အမူအကျင့်တွေကို ကြည့်လိုက်ပါ၊ ဘာဣနြေ္ဒမှ မဆောင်တဲ့ ရဟန်းတွေ ဒုနဲ့ဒေးမဟုတ်ဘူးလား။ တတ်နိုင်တဲ့ရဟန်းတွေက အခုဆို ကင်မရာကိုယ်စီနဲ့ ကွန်ပျူတာနဲ့လေ။ ဖေ့စ်ဘုတ်ခ်မှာ အင်တာနက်မှာ ဘလော့ဂ်တွေမှာ အတော်ပဲ တွင်ကျယ်လာကြပြီလေ။ နိုင်ငံရေးအခန်းအနားတွေကို သင်္ကြန်ထွက်လည်သလို ပါတီအလံ ပါတီတံဆိပ်ပုံကို ပါး၂ဖက် နဲ့ နဖူးမှာဆွဲပြီး ပါဝင်ကုန်ကြပြီလေ။ ဆယ်ဂဏန်းမဟုတ်ဘူး၊ ရာထောင်ချီနေတယ်လေ။

ကျနော်တို့နားရည်ဝနေတဲ့ စကားတစ်ခွန်းက “ငါဘုရားရဲ့သာသနာကို ငါဘုရားရဲ့ တပည့်သား သံဃာတွေကပဲ ဖျက်ဆီးလိမ့်မယ်” ဆိုတဲ့ မြတ်ဗုဒ္ဓရဲ့ နှုတ်ကပတ်ပါပဲ။ ဒါတွေကို အချိန်ဆွဲထားနိုင်အောင် သာသနာသန့်ရှင်းရေးကို ကျနော်တို့ကိုးကွယ်သူတွေက တတ်နိုင်တဲ့ဖက်က ကူညီဖို့လိုတယ်လို့ယူဆပါတယ်။

ဗုဒ္ဓရှင်တော်မြတ် သက်ရှိထင်ရှားရှိစဉ်က ဝိနည်းတစ်ခု အာပတ်တစ်ခု ပညတ်တိုင်း အဲဒီကျူးလွန်သူရဟန်းကို သံဃာအများရှေ့မှာပဲ ကဲ့ရဲ့ရှုံ့ချတော်မူပါတယ်။ သာသနာက နှင်ထုတ်တန်တဲ့ပြစ်မှုကျူးလွန်သူဆိုရင်လဲ တစ်ခါထဲ သာသနာကနေ နှင်ထုတ်ပါတယ်။ အဲလိုရဟန်းမျိုးတွေကို ရဟန်းအချင်းချင်းကလဲ ရှုံ့ချကဲ့ရဲ့သလို လူပရိတ်သတ်ကလဲ ကဲ့ရဲ့ရှုံ့ချပါတယ်။ လူတွေအနေနဲ့ အဲလိုရဟန်းတွေကို ကဲ့ရဲ့ရှုံ့ချတာကို ဗုဒ္ဓကိုယ်တော်တိုင်က ကဲ့ရဲ့ထိုက်တယ်၊ အပြစ်တင်ထိုင်တယ်၊ အဲဒီလို ပြစ်တင်ကဲ့ရဲ့တာဟာ အပြစ်မဖြစ်ဘူးလို့ မိန့်တော်မူခဲ့ပါတယ်။ ကိုယ်တိုင်ဖတ်ချင်ရင် လောင်္ဟီစသုတ်ကိုဖတ်ပါ။ ပိုပြီးသိချင်ရင် ဝိနည်းတော်ထဲက ပါရာဇိကအခန်းနဲ့ ပါစိတ်အာပတ်အခန်းကို ဖတ်ကြည့်ကြပါ။ အင်တာနက်မှာ မြန်မာဘာသာနဲ့ ဖတ်လို့ရပါတယ်။ အင်တာနက်မသုံးနိုင်သူများက ကိုယ်တိုင်မဝယ်နိုင် မဝယ်ချင်ရင် နီးစပ်ရာဘုန်းကြီးကျောင်းမှာ ငှားယူဖတ်ရှုဖို့တိုက်တွန်းပါတယ်။

အဲလို ကိုယ်တိုင် ဗဟုသုတစုဆောင်းပြီး ရဟန်းဆိုးတွေရဲ့လုပ်ရပ်ကို ပွင့်ပွင့်လင်းလင်း ရှုံ့ချကဲ့ရဲ့ကြပါလို့လဲတိုက်တွန်းပါတယ်။ ခုဖြစ်နေတာက ရဟန်းတိုင်းလဲ ဝိနည်းမသိဘူး၊ သိသူတွေကလဲ လောကကိုပဲမက်နေ သာယာနေတယ်။ ကျနော်တို့တတွေ ဝိနည်းကိုမသိဘူးလို့ သူတို့က ထင်နေတာလဲဖြစ်နိုင်တယ်။ တကယ်လို့ ကျနော်တို့က ထောက်ပြဝေဖန်လာကြမယ်ဆိုရင် ကဲချင်တဲ့သူတွေလဲ နည်းနည်းကိုယ်ရှိန်သတ်လိမ့်မယ်လို့ ထင်ပါတယ်။ ဒီလိုမပတ်သက်ချင်ပဲ သံသရာကလွတ်မြာက်ဖို့သာ စိတ်စောကြတဲ့ပုဂ္ဂိုလ်များကိုတော့ စွန်းလွန်းဆရာတော်ရဲ့ထုံးကို နှလုံးမူပြီး အားထုတ်တော်မူကြပါ၊ တရားတကယ်တွေ့ရင် ကိုယ့်စကားနဲ့ကိုယ် မျှဝေကြပါလို့ တိုက်တွန်း တောင်းပန်လိုက်ရကြောင်းပါခင်ဗျား။

မောင်ညွန့် (မြစ်ကျဉ်းတိုက်)

ဖစ်ပျက်ရှာပံတော်ခရီးသည် ( ) ရဲ အဆက် .

by Barnay Keen Zenith on Sunday, March 25, 2012 at 1:28am ·

ဆောင်းပါးရှင် မင်းဒင်

http://www.mindin.info ..

တရားအစစ်ခံခြင်း

မြင်းခြံမြို့ဦးဖြိုးသာနှင့်စာရေးကြီးဦးဘစံတို့၏လျှောက်ထားသတင်းပေးချက်အရမိတ္ထီလာရေလယ် ဆရာတော်ကပင့်ခေါ်ခြင်းဖြစ်၏။ ရေလယ်တိုက်သို့ကြွရောက်ကာ တရားအစစ်ခံခဲ့ရာ ဣနြေ္ဒနှင့်ပြောဆိုသော စကားများအရ “ရဟန္တာ”ဖြစ်ကြောင်း ကောင်းစွာ ယုံကြည်၍ နှစ်ထောင်းအားရ သာဓု ခေါ်တော်မူသည်။

ရေလယ်ဆရာတော်သည် ရှင်ကဝိနှင့်ရှင်ဝိဇယတို့အား အပန်းဖြေစေပြီးနောက် စာပေကျမ်းဂန်နှင့် ညှိ၍ပို၍ တိကျစွာ ကြည်ညိုနိုင်ရန်အောက်ပါအတိုင်းထပ်မံ မေးစစ်ပြန်လေသည်။ ဦးဖြိုးသာနှင့် ဦးဘစံတို့လည်း အနား၌ ပင်နာယူကြည်ညိုနေကြ၏။

(မှတ်ချက်။ ။ စာမတတ်သူတစ်ဦးအနေဖြင့် ဖြေဆိုရန် မည်မျှခက်ခဲသောမေးခွန်းများဖြစ်သည်ကို သတိပြု၍ ဖတ်ပါ။)

မေး။ ။ ရှင်ကဝိ၊ ဘုံသုံးပါးမှာ ဘယ်သူက အိမ်ဆောက်လုပ်ပေးပါသလဲ။

ဖြေ။ ။ တဏှာက ဆောက်လုပ်ပေးပါတယ် ဘုရား။

မေး။ ။ တေဘုမ္မက သင်္ခါရဟာ ဘယ်ကမျိုးစေ့ ဖြစ်ပါသလဲ။

ဖြေ။ ။ အဝိဇ္ဇာက မျိုးစေ့ ဖြစ်ပါတယ် ဘုရား။

မေး။ ။ လူရယ်လို့ဖြစ်တာ ကုသိုလ်ကြောင့်လား၊ ဒါမှမဟုတ် အကုသိုလ်ကြောင့်လား။

ဖြေ။ ။ လူဖြစ်တာ ကုသိုလ်,အကုသိုလ် နှစ်မျိုးလုံးကြောင့် ဖြစ်ပါတယ် ဘုရား ။

မေး။ ။ ကုသိုလ်ဟာ သုခ ဆိုမလား၊ ဒုက္ခဆိုမလား ။

ဖြေ။ ။ ကုသိုလ်ဟာ သုခလို့ ဆိုပါတယ်။ စင်စစ်အားဖြင့် ဒုက္ခ ပါပဲ။

မေး။ ။ လူချမ်းသာ နတ်ချမ်းသာဆိုတာ အမှန်ရှိသလား။

ဖြေ။ ။ သင်္ခတနယ်မှာ အမှန်ပင်ရှိပါတယ်။ ပရမတ် သဘောအရ ဆိုလျှင် မရှိပါ။

မေး။ ။ ငရဲခံတဲ့ ပုဂ္ဂိုလ် ၊ နတ်ပြည်စံတဲ့ ပုဂ္ဂိုလ်များ ရှိသလား။

ဖြေ။ ။ မရှိပါဘုရား။

မေး။ ။ လောကကြီးမှာ ခံစားသူ စံစားသူ နှစ်မျိုးရှိသည်တွင် ဘယ်သူ့ကို အမှန် ခေါ်မတုံး။

ဖြေ။ ။ နှစ်မျိုးစလုံးပင် မှန်ပါတယ် ဘုရား။

မေး။ ။ ၎င်း နှစ်မျိုးကို ဘာခေါ်မတုံး။

ဖြေ။ ။ နာမ် ရုပ် နှစ်ပါးဟု ခေါ်ပါတယ် ဘုရား။

မေး။ ။ လောကမှာ သတ်သူ၊ သေသူ ရှိသလား။

ဖြေ။ ။ ရှိပါတယ် ဘုရား။

မေး။ ။ ရှိပါတယ် ဆိုတာ ဘယ်လို မှတ်ရမလဲ။

ဖြေ။ ။ နာမ် ရုပ် နှစ်ပါးပါပဲ ဘုရား။

မေး။ ။ သူ့အသက် သတ်လျှင် ငရဲကျတယ်ဆိုတာ အမှန်ပဲလား ။

ဖြေ။ ။ အမှန်ပါပဲ ဘုရား။

မေး။ ။ မှန်တယ်ဆိုလျှင် ဘယ်ဟာ အမှန်ခေါ်မတုံး။

ဖြေ။ ။ ရုပ်နာမ်နှစ်ပါးဟာ ငရဲကျအောင်လည်း သူတို့ပါပဲ။ နိဗ္ဗာန်ရောက်အောင်လည်းသူတို့ပါပဲ။

မေး။ ။သတ်သူသေသူရှိတယ်ယူတာမျိုး၊မရှိဘူးယူတာမျိုး၊ထိုနှစ်မျိုးတို့တွင်ဘယ်ဟာသမ္မာအယူ

ခေါ်၍ဘယ်ဟာ မိစ္ဆာအယူ ခေါ်သတုံး။

ဖြေ။ ။ ရုပ်နာမ်နှစ်ပါးကလွဲ၍ ရှိတယ်မရှိဘူး နှစ်မျိုးစလုံးပင် မိစ္ဆာအယူဆိုရမှာပဲ ဘုရား ။

မေး။ ။ သမ္မာအယူ ဖြစ်အောင် ဘယ်လို ယူရမှာတုံး။

ဖြေ။ ။ ရုပ်နာမ် နှစ်ပါးသာ ရှိတယ်ယူလျှင် သမ္မာအယူ ဖြစ်ပါတယ် ဘုရား။

မေး။ ။ ပရမတ်သဘောကို မသိသောသူ ပါရမီဆယ်ပါး ပြည့်စုံနိုင်ပါသလား။

ဖြေ။ ။ မပြည့်စုံနိုင်ပါ ဘုရား။

မေး။ ။ ပညတ်ပရမတ် နှစ်ပါးရှိရာ ပညတ်ကိုသာ သိသောသူ မဂ်ကိုရသလား။

ဖြေ။ ။ မရနိုင်ပါ ဘုရား။

မေး။ ။ ပညတ် ပရမတ် နှစ်ပါး ဘယ်ဟာ အမှန်ခေါ်မတုံး။

ဖြေ။ ။ ပရမတ်ကိုသာ အမှန်ခေါ်နိုင်ပါတယ် ဘုရား။

မေး။ ။ မိစ္ဆာအယူ သမ္မာအယူ နှစ်မျိုးတွင် ဘယ်အခါ သမ္မာအယူ ခေါ်မတုံး။

ဖြေ။ ။ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ ကင်းလွတ်သည်က စ၍ သမ္မာအယူ ဖြစ်ပါပြီဘုရား ။

“အင်း….သာဓုသာဓု၊မှန်ကန်ကောင်းမြတ်လှပါပေတယ်ဦးကဝိ၊သည်သဘောသဘာဝမျိုးဟာ အလွန်အသိခက်ပေတယ်ဦးကဝိ၊ သည်နေ့ကစပြီး ဘုန်းကြီးများလည်းဦးက၀ိရဲ့ နည်းနာနိဿယအတိုင်း အားထုတ်လိုပါတယ်။ ဒကာ ဒကာမတွေလည်းအပါယ်တံခါးပိတ် အောင် ဦးကဝိတို့လဲ တစ်ဝါတစ်ချီ ဒီမှာပဲ သီတင်းသုံးပါဦးနော်” ဟု ရေလယ် ဆရာတော်ကအမိန့်ရှိရာ …….

“မှန်လှပါဘုရား၊တပည့်တော်များလည်းယခုအခါမှီခိုရာနိဿယျည်းဆရာရှာတုန်း၊ ယခုလို အမိန့်ရှိတာ ဝမ်းမြောက်လှပါတယ်ဘုရား”ဟု လျှောက်ကာ ရေလယ်တိုက်၌ပင်ဦးကဝိနှင့်ဦးဝိဇယတို့သီတင်းသုံး နေထိုင်ကြလေ၏။

………………

ဈာန်တက်ပုံ ညောင်လွန်ဆရာတော် မေးစမ်းခြင်း

ရေလယ်ဆရာတော်နှင့် ညောင်လွန့်တောရဆရာတော်တို့သည် “တရားထူးရလျှင် အသိပေးကြစတမ်း”ကတိအရ ရှင်ကဝိအကြောင်းစာရေးလျှောက်ထားသဖြင့် ညောင်လွန့်တောရဆရာတော်မိတ္ထီလာသို့ကြွလာစုံစမ်းစစ်မေးတော်မူသည်။

ရှင်ကဝိက လောကီ လောကီသတ်သတ်၊ လောကုတ္တရာလောကုတ္တရာသတ်သတ် မေးရန်ကြိုတင် လျှောက်ထား ၏။လောကုတ်- လောကီတစ်ရက်စီခွဲ၍ မေးတော်မူသည်။အနယ်နယ်မှစာတတ် ပေတတ်အကျော် ဆရာတော် ကြီးအချို့ကလည်း စာမတတ်ဘဲတရားထူးရသည်ဆိုသည်ကို မယုံကြည်နိုင်ကြသဖြင့် အထပ်ထပ်စစ်မေးကြပုံ၊ နှိမ်ချသောစကားများပြောဆို၍ အပြစ်ကြီးကြပုံ၊ စာမတတ်သောဦးကဝိ၏အလုပ်ခွင်နှင့်စပ်သော သိပုံများကို နောက်ဆက်တွဲ၌ကြည့်ပါ။

ယင်းသို့မေးမြန်းစိစစ်ကြသည်မှာ ပဓာနအားဖြင့် အစစ်အမှန် ဝမ်းမြောက်ကြည်ညိုလိုကြ၍ဖြစ်သည်။ အထင် သေးသည့် ပုဂ္ဂိုလ်များလည်းများစွာရှိ၏။ မည်သို့ဖြစ်စေ၊ ထိုအစစ်အဆေးအမေးအမြန်း အားလုံးသည် ဦးကဝိ၏ အရဟတ္တဂုဏ်ကို တစ်နိုင်ငံလုံးကယုံကြည်လက်ခံလာရအောင် မှတ်ကျောက် တင် အတည်ပြုပေးကြရခြင်းပင် တည်း။မေးသောပုဂ္ဂိုလ်တိုင်းကပင် “စာမသင်ဘဲစာတတ်”နေသော ပဋိပတ်သဘောကိုအံ့သြမဆုံးရှိကြရလေ၏။

ထို့ကြောင့်(ပဋိသမ္ဘိဒါမဂ်နှင့်ဝိဘင်းအဋ္ဌကထာ)တို့၌ “အရိယာဖြစ်သွားလျှင် ပဋိသမ္ဘိဒါပတ္တမဖြစ်သူ မရှိနိုင်” ဟုဖွင့် ဆိုကြကုန်၏။ “ပဋိသမ္ဘိဒါပတ္တ”ဟူသည် ရုပ်နာမ်သဘာဝကိုသဒ္ဒါအနက်စသည်ခွဲခြား ဝေဖန်၍ အမှန်တကျထိုးထွင်းသိမြင်သွားသည့် အသိဥာဏ်ထူးရသူဟုဆိုလိုပေ၏။ အရိယာတိုင်း ပဋိဝေဓအဖြစ် ရောက်သည်ကိုပင် “ပဋိသမ္ဘိဒါဥာဏ် ရသည်” ဟုဆိုသည်။

မေး။ ။ ရှင်ကဝိ၊ လောကီဈာန် အဂါင်္ ငါးပါး ပြောစမ်းပါ။

ဖြေ။ ။ ဆရာတော် အမိန့်ရှိတဲ့ ဈာန်ကိုတပည့်တော်မပြောတတ်ပါ။တပည့်တော် ပြောတတ်သလို ပြောပါရစေ ဘုရား။(ပြောပါ၊ပြောပါဆို၍)ဆရာတော်ဘုရား ဟောဒါကကသိုဏ်းဝန်းပါဘုရား။ ပထမကသိုဏ်းဝန်း ပေါ်ကို အာရုံသိမ်းပြီး တင်လိုက်တယ်။ပြီးတော့ ဆင်ခြင်တယ်။ ကြက်သီးထပြီး တုန်လာတယ်။ ချမ်းသာနေတယ်။ တည်ငြိမ်နေတယ်။

မေး။ ။ ဘာ .. ဘာ … ဘာဗျ။ ရှင်ကဝိရဲ့ ၊ ပြန်ပြောစမ်းပါဦး။

ဖြေ။။ ဟောဒါကကသိုဏ်းဝန်းပါဘုရား၊အဲသည်အပေါ်ကိုအာရုံသိမ်းပြီးတင်လိုက်တယ်။ပြီးတော့ဆင်ခြင်တယ်၊ ကြက်သီးထပြီးတုန်လာတယ်၊ချမ်းသာနေတယ်၊တည်ငြိမ်နေတယ်။အဲဒါပါပဲဘုရား၊အမည်ကတော့အရှင်ဘုရားတို့မှည့်ချင်သလို မှည့်ခေါ်ချင်သလို ခေါ်ရုံပါ ပဲ ဘုရား။

ထိုအခါ ညောင်လွန့်ဆရာတော်က”ဟုတ်ပြီရှင်ကဝိရေ၊ ကသိုဏ်းဝန်းအပေါ် (နှာသီးဖျားမှာမှတ်လျှင် နှာသီးဖျားကို ယူပါ။) အာရုံသိမ်းပြီးတင်လိုက်တာကဝိတက်၊ ဆင်ခြင်တာက ဝိစာရ၊ ကြက်သီးထပြီး တုန်လာတာက ပီတိ၊ ချမ်းသာတာက သုခ၊ တည်ငြိမ်နေတာက ဧကဂ္ဂတာ၊ ကဲ…သဘောကျပါပြီဗျာ၊ ရှေ့ဆက်လျှောက်ပါဦး”ဆို၍ပဉ္စမဈာန်အထိဆက်၍လျှောက်ထားရ၏။ (စာသိပုံနှင့် အလုပ် သိပုံကို နှိုင်းယှဉ်လေ့လာသင့်၏။)

မေး။ ။ ဒါဖြင့် နေပါဦး၊ အာကာသာနဉ္စာယတန ဈာန်ဟာ ပညတ်အာရုံပြုသလား၊ ပရမတ်အာရုံ ပြုသလား။

ဖြေ။ ။ ပညတ်အာရုံပြုပါတယ် ဘုရား။

မေး။ ။ ဝိဉာဏဉ္စာယတန ဈာန်ကကော ။

ဖြေ။ ။ ပရမတ်အာရုံပြုပါတယ် ဘုရား။

မေး။ ။ အာကိဉ္စညာယတန ဈာန်ကကော ။

ဖြေ။ ။ ပညတ်အာရုံပြုပါတယ် ဘုရား။

မေး။ ။ နေဝသညာ နာသညာယတန ဈာန်ကကော ။

ဖြေ။ ။ ပရမတ်အာရုံ ပြုပါတယ် ဘုရား။

မေး။ ။ ဒါဖြင့် အာကာသာနဉ္စာယတန ဈာန်ကနေ ဝိဉာဏဉ္စာယတန ဈာန်ကို တက်တော့ အောက်

အာရုံပြုသလား၊ အထက် အာရုံပြုသလား။

ဖြေ။ ။ အောက်အာရုံပြုပြီး တက်ပါတယ် ဘုရား။

ထိုအခါ ဆရာတော်က”ဟင်…ဘယ့်နှယ်မဟုတ်တာ၊အထက်တက်တာ ဘာ့ကြောင့်အောက်အာရုံပြုရမှာတုံးဗျ”ဟုဆို၍ ရှင်ကဝိက ….

“တပည့်တော်ဥပမာနဲ့ လျှောက်ပါ့မယ်ဘုရား၊ ဟောဟိုနားမှာမစင်ပုံကြီးရှိတယ်။အဲဒီမစင်ပုံကြီးထဲ ကျသွားမှာ စိုးလို့အထက်တွယ်တက်ရတာပါ၊ အဲသလိုပါပဲ၊ အောက်ကိုအာရုံပြုပြီး အထက်ကို တွယ်တက်ရခြင်း ဖြစ်ပါတယ် ဘုရား”ဟု ပြန်၍ လျှောက်ထားသဖြင့် ကျေနပ်တော်မူသွား၏။

“အဲဒီတုန်းကဆရာတော်များက ရှေ့ဆက်မမေးလို့၊ မေးရင် အရူပဘုံမှာ နတ္ထိဘောပညတ်မရှိလို့ စာကဆိုထားတယ်။ ပညတ်ကိုလည်းအာရုံပြုတယ်လို့ ဆိုတယ်၊ဘယ်လိုပညတ်ကို ဘယ်ပုံအာရုံ ပြုသတုံးလို့ မေးမယ်ဆိုပါ တော့။ ဒီတော့”မရှိပညတ်ကိုအာရုံပြုတယ်”လို့ဖြေလိုက်မှာပဲ။ မရှိတာကို ဘယ်လိုအာရုံပြုသတုံးလို့ ထပ်မေးမယ်ဆိုရင် ပစ္စည်းတစ်ခုကို ပြပြီးဒီမှာကြည့်စမ်း၊ မြင်တယ်မဟုတ်လား၊ ဝှက်ထားလိုက်ပြီ၊ ရှိသေးရဲ့လား၊ မရှိတော့ဘူး။ မရှိပေမယ့် စောစောက မြင်ဖူးတာကိုအာရုံပြုကြည့်စမ်း၊ အာရုံပြုလို့ရတယ် မဟုတ်လား၊ “အဲသလိုမရှိ ပညတ် ကိုအာရုံပြုတယ်လို့ ဖြေလိုက်မှာပဲ”ဟု ဦးကဝိကိုယ်တိုင် တစ်ချိန်က ဟောပြခဲ့ဖူး၏။

……………

ရှင်ကဝိ ရဟန်းဘောင်တက်၍ သာသနာပြခြင်း

ယင်းသို့ရှင်ကဝိအားစာပေကျမ်းဂန်နှင့်စစ်ဆေးပြီးနောက် ရေလယ်ဆရာတော်သည် ရှင်ကဝိအား ရဟန်းပြုရန်တိုက် တွန်းတော်မူ၏။

“တပည့်တော်လည်း စာကမတတ်၊သင်လည်းမသင်လိုတော့ပါ။ တပည့်တော်ရပြီးတရားကိုသာ နှလုံးသွင်းနေချင် ပါတယ်။ ပဉ္ဇင်းမတက်လိုပါဘုရား” ဟု ငြင်းဆိုနေရာ ရေလယ်ဆရာတော်က …..

“ဦးကဝိ၊ ဝိနည်းသင်ဖို့မလိုပါ၊ ကျုပ်တို့ပြောစကားနားထောင်နေလျှင် ပြီးရောပေါ့၊ ရဟန်းပြုတဲ့အကျိုးဟာ အင်မ တန်ကြီးပါတယ်။ ဦးကဝိလိုပုဂ္ဂိုလ်မျိုး ရဟန်းဘောင်တက်ပြီး ရဟန်းတစ်ပါးလောက် ဖြစ်စေ၊ သိမ်တစ်လုံး လောက်ဖြစ်စေ ဆောင်ရွက်ပေးရလျှင် အလွန်အကျိုးများသွားနိုင်ပါတယ်” ဟု တိုက်တွန်းတော်မူသည်။

ဦးကဝိကလည်းသဘောတူ၍ ၁၂၈၂ခုနှစ် တပေါင်းလပြည့်ကျော်၁၂ရက် တနင်္လာနေ့ညနေ လေးနာရီကိုးမိနစ် အချိန်၊ယင်းကျောင်းရှိခဏ္ဍာသိမ်၌ ဟင်းရန့်ကန်ဆရာတော်ကို ဥပဇ္ဈာယ်ပြု၍ ရေလယ်ဆရာတော်၊ ညောင်လွန့် ဆရာတော်များ ဦးစီးကာ သံဃာတော် တစ်ကျိပ်ကျော်တို့က ဥပသမ္ပဒါဘိသေမင်္ဂလာ ရဟန်းဘိသိက်သွန်းတော် မူကြ၏။ မိတ္ထှီလာမြို့ပွဲစားဦးပေါ၊ ဒေါ်ကျီးညို တို့ကပဉ္ဇင်းဒကာပြု၍ရှင်ကဝိနှင့်ရှင်ဝိဇယတို့ရဟန်းဘောင်သို့ ရောက် တော်မူကြသည်။

………………

အရိယာဖြစ်ရန် ကျန်သေး၍ စောင့်ကိတော်မူခြင်း

ဆရာတော်ဘုရားကြီးကို အမှီရ၍ အရိယာဖြစ်တော်မူကြရသော ပုဂ္ဂိုလ်တို့လည်း မရေတွက်နိုင်အောင် ရှိရာပြီ။ ဆရာတော်သည် ၁၃၀၁ခုနှစ်က တကြိမ်၊၁၃၁၁ခုနှစ်က ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ကပင့်၍ တစ်ကြိမ်၊ ၁၃၁၃ခုနှစ် ဘောက်ထော် စွန်းလွန်းဂူဋ္ဌာန သိမ်သမုတ်ရန် တစ်ကြိမ်၊ ရန်ကုန်သို့ ကြွရောက် ချီးမြှင့်သည်ကို တွေ့ရ၏။

ဆရာတော်၏တရားများ၊နီတိဥပဒေသစကားများမှာ အလွန်မှတ်သားဖွယ် ကောင်းလှပေသည်။အပြည့်အစုံကို “ထေရုပ္ပတ္တိနှင့်သာရဏီယကထာ”စာအုပ်တို့၌ ကြည့်ရှုကြပါကုန်။

အထူးသဖြင့် ဆရာတော်၏သြဝါဒတရား၊ဥပဒေသစကားများကိုဖော်ပြကြရာ၌ ကျမ်းဂန်ပါဠိများကို ကိုးကား၍ အခိုင်အမာပြချင်လွန်းလျှင်မူလစကားများဖုံးကွယ်မသွားရအောင်စီစဉ်ကြရာ၏။ဆရာတော်၏တရားစကားများကို အရင်းကျနိုင်သမျှကျအောင် ဖော်ပြကြပါလျှင် ပို၍ဓမ္မရသရှိပါမည်။ နောက်ထပ်လည်းများစွာ ထွက်ပေါ်လာနိုင် ပေသေးသည်။ မူရင်းကား ဆားဖြူးရန်မလို၊အလိုလိုပင် မြိန်ယှက်လှပါပြီ။

“စာသင်ရန်အခြေအနေမပေး၍စာမတတ်စေကာမူတရားအားထုတ်၍ရနိုင်သည်။အကျွတ်အလွတ် တစ်ကိုယ်တည်းတောထဲသွား၍အားထုတ်နိုင်မှရသည်မဟုတ်၊ တကယ်ယုံ၍အဟုတ်လုပ်လျှင် မည်သူမဆိုရနိုင်သည်” ဟူသော သင်ခန်းစာစာတမ်းကြီးကို ပဋိပတ္တိသာသနာဝင်၌ စိုက်ထူတော် မူခဲ့သော”စွန်းလွန်းဂူဆရာတော်ဘုရားကြီး”ကား၁၃၁၄ခုနှစ်၊ကဆုန်လပြည့်ကျော်ကိုးရက်၊စနေနေ့ ညနေ ငါးနာရီ အချိန်တွင် ခန္ဓာဝန်ကို စွန့်တော်မူခဲ့သည်။

ပရိနိဗ္ဗာန်မပြုမီငါးနှစ်ခန့်ကပင်ပရိနိဗ္ဗာန်ပြုမည့်ရက်ကိုကြိုတင်၍အမိန့်ရှိတော်မူခဲ့ရာ(မှတ်သားသူတို့အမှတ်မှား၍လောမသိ) ရက်မျှသာလွဲသည်ဟု ဆိုကြသည်။

“ငါသေရင်ဘာမှမလုပ်နဲ့ ထိုးထားလိုက်” ဟူသောအမှာစကားအရ စွန်းလွန်းဂူကျောင်း၌ပင် ဂန္ဓကုဋိ သံသရာအေးစေတီတည်ကာ ပကတိအသွင် မပြောင်းသော အလောင်းတော်ကိုလည်း ယခုတိုင် ဖူးမြှော်နိုင်ကြ၏။

ပရိနိဗ္ဗာန်ပြုခါနီး နောက်ဆုံးစကားအနေဖြင့် “အရိယာတွေဖြစ်ဖို့အများကြီးကျန်နေသေးတယ်”ဟု မိန့်တော်မူရာ ဆရာတော်၏ ရုပ်ကလာပ်သည်ကြွင်းကျန်နေသေးသော ဆရာတော်၏ ဝေနေယျများကို ဆိုင်းငံ့စောင့်ကြိုတော် မူနေဟန်ရှိစွတကား…

……………

မှန်ပါတယ်။ ဦးကျော်ဒင်လို့လူနာမည်တွင်တဲ့ စွန်းလွန်းဆရာတော့်အကြောင်းကို အကြိမ်ပေါင်းများစွာ ကျုပ်ဖတ်ခဲ့ ဘူးပါတယ်။ ဓမ္မာစရိယဦးဌေးလှိုင်ရဲ့ ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများဆိုတဲ့စာအုပ်ကို ကျုပ်တို့ ဘာသာဝင်တိုင်းလိုလို ဖတ်ဘူးကြမှာပါ။ သို့သော်ကျုပ်သိတာကဒိထက်နည်းနည်းပိုပြီး ထူးခြားတယ်လို့  ပြောနိုင်တယ်ဗျ။

(ဆက်လက်ဖော်ပြပါမည်။)

…………………………

(မင်းဒင်ရေးသည်)

About nyuntshwe

A Myanmar, Buddhist, pacifist, and pragmatic person who believe that we are what we think. That leads him positive thinking and he sees the world a beautiful place, but he still likes to keep trying for a better and more beautiful world.
This entry was posted in Enlightenment . . .. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s