ပေါက်ကရ မောင်သာရ သို့မဟုတ် ပုဆိုးကျွတ်ပြီး လွတ်နေသူ

မောင်သာရက အရင်တစ်ပါတ်ဗုဒ္ဓဟူးနေ့မှာ သူပင်တိုင်စင်ရထားတဲ့ အာရ်အက်ဖ်အေကနေ အမေရိကန်တက္ကသိုလ်တစ်ခုမှာ ဗုဒ္ဓဘာသာနဲ့ ကက်သိုးလစ်ဘာသာ ပူးပေါင်းလေ့လာရေးလုပ်နေတာကို ဟိမဝန္တာချီးမွမ်းခန်းဖွင့်ပြီး ကိုယ့်အမျိုးကိုယ့်ဘာသာကို သူကပဲ ပိုမြင့်လာစေချင်သယောင်နဲ့ သိယောင်ကား တတ်ယောင်ကား နှိမ်နေတာကို ပြန်ရေးမယ် ရေးမယ်နဲ့ ခုမှပဲ ရေးဖြစ်ပါတယ်။

သူက အရှေ့တိုင်းမှာ ဘုန်းကြီး ၃၊ ၄ ခါဝတ်ဖူးတဲ့ အမေရိကန်ပါမောက္ခ တစ်ယောက်က သူ့အတန်းမှာ မိန်းမ ယောက်ျား ခွဲထိုင်ရတာ၊ အသားငါး သစ်ဥသစ်ဖုမစားဘဲ၊ ကာမရာဂအားလုံးရှောင်ကျဉ်ရတာ စသဖြင့် အကြီးအကျယ်မွှန်းပေးသွားတယ်။ သူတို့ဟာ ဗုဒ္ဓဘာသာမြန်မာတွေထက် ဘယ်လောက်တောင် စည်းကမ်းရှိတယ်၊ ကျင့်တယ် ဘာညာပေါ့။ မြန်မာတွေကိုတော့ ငါးပါးသီလတောင် မသိသူများသတဲ့။ ဒါလဲ တစ်စိပ်တစ်ပိုင်းတော့ မှန်မှာပေါ့။ သူတို့အမေရိကန်တွေကော ခရစ်တော်ရဲ့ သွန်သင်ချက် အကုန်သိလို့လား၊ လိုက်နာလို့လား။ သူတို့မထိနဲ့ ထိလိုက်တာနဲ့ “ယူအက်စ်အေ၊ ယူအက်စ်အေ၊ ယူအက်စ်အေ” အော်နေသူတွေကော မရှိဘူးလား။

ဗုဒ္ဓရဲ့အဆုံးအမအများစုက ရဟန်းတွေကို ဦးတည်ဆုံးမခဲ့တာ။ သာသနာဝန်ထမ်းရဟန်းဆိုရင် မိန်းမနဲ့ တတန်းစီထိုင်ဖို့မပြောနဲ့ မိန်းမတွေနဲ့ မတွေ့အောင်နေ၊ တွေ့ရင် မကြည့်နဲ့၊ စကားမပြောနဲ့၊ မရှောင်မလွှဲသာလို့ ကြည့်ရ ပြောရရင် (အမိရင်းကဲ့သို့) အမှတ်သတိထားပြီး ပြော လို့ ပရိနိဗ္ဗာန်စံဝင်ခါနီး နောက်ဆုံးတစ်ခွန်းမတိုင်ခင် ဆုံးမသွားတယ်လေ။ ပါစိတ်အာပတ်တော်မှာဆိုရင် ရဟန်းမိန်းမကိုတောင် သတ်မှတ်ပေးထားတဲ့ရဟန်းကလွဲရင် ဆုံးမခွင့် သင်ကြားခွင့်မပေးဘူး၊ ပြောဖို့လိုအပ်လာရင် ၅ ခွန်း ၆ ခွန်းပဲပြောလို့ ဆုံးမခဲ့တယ်လေ။ သီးခံခြင်းတရားမှာဆိုရင် ကိုယ့်ပေါင်ကိုယ့်လက်တွေကို နှစ်ဖက်လွှနဲ့ တဒီးဒီးတိုက်ဆွဲဖြတ်တောက်ပစ်နေတုန်းမှာတောင် ကျူးလွန်နေသူတွေအပေါ် စိတ်ကွက်ခဲ့ရင် မင်းတို့ ငါ့နောက်လိုက်မဟုတ်ဘူးတဲ့။

ဗုဒ္ဓကိုယ်တော်တိုင် ပရိနိဗ္ဗာန်စံခါနီးအထိ လူစားကောင်းတာမှန်သမျှ အကုန်စားသွားတယ်၊ ကိုယ်တိုင်စားချင်စိတ်နဲ့ သတ်စားတာ၊ တောင့်တတာ မပါဘူး။ သစ်ဥသစ်ဖုတူးစားရင် မြေတွင်းထဲက မမြင်ရနိုင်တဲ့ သတ္တဝါလေးတွေ သေမှာစိုးလို့ အဲဒီဆရာက တားမြစ်တာဆိုပဲ။ အိန္ဒိယမှာ ဗုဒ္ဓနဲ့ခေတ်ပြိုင် ဂျိန်းဘာသာနဲ့ နင်လားငါလားပါပဲ။ ဗုဒ္ဓအဆုံးအမမှာ စေတနာသာလျှင် ကံဖြစ်တယ်တဲ့။ သေစေလိုတဲ့စေတနာနဲ့မဟုတ်ပဲ လမ်းသွားရင်း မတော်တဆနင်းမိတဲ့ ပိုးကောင်မွှားကောင်တွေအတွက် ဘယ်လူသားမှ အပြစ်မရှိဘူး။

နောက်တစ်ချက်က ငယ်ငယ်ရွယ်ရွယ် တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေကို ရဟန်းတွေလို ကာမဂုဏ်အားလုံးကို သိမ်းကြုံး ရှောင်ခိုင်းတာဟာ တကယ့်စစ်မှန်တဲ့ လမ်းကြောင်းမှုမဟုတ်ဘူး။ လောကကို ကျောခိုင်းတယ်ဆိုတာ လောကကို ငြီးငွေ့သူတွေ လောကကနေ လွတ်မြောက်ချင်သူတွေသာ ရွေးရမဲ့လမ်းစဉ်ဖြစ်တယ်။ အဲလိုမဟုတ်ရင် တစ်ချိန်ချိန်မှာ ဖောက်ပြန်မှုတွေဖြစ်တော့တာပဲ။

ဒီနေ့ မြန်မာဗုဒ္ဓဘာသာ သာသနာ့ဝန်ထမ်းဆိုတဲ့ ရဟန်းတွေထဲမှာ နာမည်အကြီးဆုံး သီတဂူ(မင်နော်လ်တာကင်မရာစွဲသူ)ကနေ ဘာဘွဲ့မှန်းမသိပေမဲ့ ဒေါ်စုရဲ့ မန္တလေးစည်းရုံးရေးခရီးစဉ်ဓာတ်ပုံတွေမှာ ကင်မရာတွေ ဗီဒီယိုတွေနဲ့ တွေ့နေရတဲ့ ဦးဇင်းတွေ ကိုရင်တွေအထိ ဖြစ်ပျက်နေပုံကို ကြည့်ပေါ့။ ရဟန်းတန်မဲ့ ဘလော့ဂါတို့ ဖေ့စ်ဘုတ်ခ်တို့နဲ့ လောကထဲမှာ ပျော်နေသူတွေလဲ တိုးတိုးလာနေတယ် မဟုတ်ပါလား။

သူတို့ ကက်သိုးလစ်ဘုန်းကြီးတွေလဲ ဒီကာမကိစ္စရှောင်ရတာပဲ၊ ဒါပေမဲ့ အဓိဋ္ဌာန် မပြင်းပျတဲ့အခါကြတော့ သူငယ်တော်လေးတွေကို ဟိုဒင်းဟိုဟာလုပ်တဲ့ကိစ္စ လူကြားမကောင်းသူကြားမကောင်း ပေါ်ကုန်တာပဲ မဟုတ်လား။ ရှိတယ်နော် မြန်မာဘုန်းကြီးတွေထဲမှာလဲ ရည်းစားထားသူ၊ ခြင်ထောင်ထဲမှာ မိသူ ခေတ်တိုင်းမှာရှိတယ်။ သီလကြောင်လဲခေါ်တယ်၊ အလဇ္ဇီလဲ ခေါ်တယ်။

မောင်သာရကို ဆက်ပြောရရင် ကျနော် နားထောင်လိုက်ဖူးတာက ပထမတစ်ပါတ်မှာ ဒေါ်အောင်ဆန်းစုကြည် ပါတီမှတ်ပုံတင်ရကောင်းလား၊ ရွေးကောက်ပွဲဝင်ရကောင်းလားဆိုတဲ့ အပြော၊ အခေါ်ကတော့ ကျုပ်နှစ်မလေးတဲ့၊ ကဏ္ဍဂုတ်စစ်တိုက်တာနဲ့တောင် နှိုင်းလိုက်သေးတယ်လေ။ ဟော၊ နောက်တစ်ပါတ်ကျတော့ အရင်တစ်ပါတ်က သူ အဲလိုမပြောခဲ့လေသယောင် ဖားလုံး မြှောက်လုံးတွေ ဝေဝေဆာဆာနဲ့ ရွှန်းရွှန်းကိုဝေလို့။ အခု အဲဒါတွေဖက် မသီပြန်ဘူးလေ။ အားလုံးမေ့လောက်မှ ဖားလုံးတွေနဲ့ ပြန်ပေါ်လာမယ်ထင်တာပါပဲ။

ကျနော့်မိတ်ဆွေတွေက မောင်သာရတို့ ဒေါ်မြင့်မြင့်ခင် စသူတို့နဲ့ နက်ပေါ်မှာ စကားဝိုင်းဖွဲ့ကြဘူးတယ်။ သူတို့ ၂ ဦးသားက ဒေါ်အောင်ဆန်းစုကြည် ဗိုလ်ချုပ်တွေနဲ့ပေါင်းသွားပြီ၊ အဖတ်ဆယ်မရတော့ဘူး ဘာညာနဲ့ အတော် အပုပ်ချကြဆိုပဲ။ ဝတ္ထုရေးတတ်တာနဲ့ ရှေ့နေလိုက်တတ်တာနဲ့ နိုင်ငံရေး မလုပ်တတ်ဘူး၊ နိုင်ငံရေးလုပ်တတ်သူဆိုတာ နိုင်ငံရေးကို လေ့လာသုံးသပ်နိုင်သူတွေဖြစ်တယ်။ နိုင်ငံရေးဗဟုသုတလဲ ရှိရတယ်။ မှန်မှန်ကန်ကန် ဝေဖန်သုံးသပ်နိုင်တဲ့ ရိုးသားပွင့်လင်းတဲ့ အခြေခံလဲ ရှိရတယ်၊ စေတနာလဲရှိရတယ်။ အဲဒီ ၂ ယောက်ကတော့ အမေရိကားမှာ ဇိမ်ကျကျနေချင်လို့ ဘာအန္တရာယ်မှ မယ်မယ်ရရမရှိပဲ ထွက်ပြေးကြသူတွေသာ ဖြစ်တယ်။ ၂ ဦးလုံး အပယ်ခံတွေဖြစ်တယ်။ သမိုင်းသေနေတဲ့ သူတွေဖြစ်တယ်။

မောင်သာရက အခုအပတ် ဒီနေ့မှာလဲပဲ အမေရိကန်ရဲတွေကို ရေချိုးစရာမလိုအောင် မွှန်းသွားတယ်။ အမေရိကန်ရဲတွေ မလိုအပ်ပဲ ပစ်သတ်လို့သေသူတွေ၊ မူးယစ်ဆေးဝါးဂိုဏ်းတွေနဲ့ ဆက်စပ်မှုတွေ၊ ဒုစရိုက်မှုတွေ အများအပြားရှိတယ်ဆိုတာ အင်တာနက်သုံးတတ်သူတိုင်း ရှာဖတ်လို့ရပါတယ်။ ခုတော့ အမေရိကန်နိုင်ငံသား မောင်သာရက သူကလဲ ဒီလို အတုယူစရာရဲတွေအကြောင်းပြောပြီး တိုင်းပြည်အကျိုးကို ပြည်ပကနေ ထမ်းဆောင်သတဲ့ဗျာတို့ရေ။

ခုတော့ ဒီလောက်ပါပဲဗျာ။ အားလုံး ကျန်းမာရွှင်လန်းကြပါစေ။

မောင်ညွန့် (မင်းကျောင်းတိုက်)

About nyuntshwe

A Myanmar, Buddhist, pacifist, and pragmatic person who believe that we are what we think. That leads him positive thinking and he sees the world a beautiful place, but he still likes to keep trying for a better and more beautiful world.
This entry was posted in Critiques. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s