ဘုန်းကြီးတွေကလဲ မပျက်နဲ့၊ လူတွေကလဲ မဖျက်နဲ့

ဒီလောက်တော့ ပြောလိုက်ဦးမယ်။

မောင်ညွန့်(မင်းကျောင်းတိုက်)

အများစု နားမခံသာဘူး၊ နားမဝင်ဘူးဆိုတာ သိပေမဲ့၊ ကိုယ့်တာဝန်က ပြောရ ရေးရမဲ့ တာဝန်ဖြစ်တဲ့အတွက် ဘာမှမငဲ့ကွက်ပဲ သာသနာသန့်စင်ရေးအတွက် ရေးလိုက်ရပြန်ပါပြီ။ ဘုန်းကြီးတချို့ နိုင်ငံရေးကို ဒီလောက်ထိ စိတ်ပါတယ်ဆိုရင် ဘာလို့ လွတ်လွတ်ကျွတ်ကျွတ် လူထွက်၊ ကိုယ်ကြိုက်တဲ့ပါတီထဲဝင်ပြီး မလုပ်ကြတာလဲဆိုတာကနေ ဘုန်းကြီးတွေကို ခုတုံးလုပ်ပြီး နောက်လိုက် မရှာကြဖို့ ရေးပါ့မယ်။

နိုင်ငံရေးဘုန်းကြီးတွေ ဘာလို့ လူထွက်ပြီး နိုင်ငံရေးမလုပ်ကြတာလဲဆိုတဲ့ အဖြေကိုသူတို့ ကိုယ်တိုင် အဖြေသိပေမဲ့ မဖြေရဲပါဘူး။ အဲဒီအဖြေက လူတွေအပေါ် အပေါ်စီး နေနေရတဲ့ အရသာနဲ့၊ လူထွက်လိုက်ရင် လက်အုပ်ချီ ရှိခိုးမခံရမဲ့အရေး၊ ကိုယ့်ထမင်း ကိုယ်ရှာစားရမဲ့အရေး၊ နေရေးထိုင်ရေး၊ တချို့ဆိုရင် အခုလို စီးပွားဖြစ်မနေမှာစိုးတဲ့အရေး စသဖြင့် တွေးပူပြီး လူမထွက်ရဲကြတာပါ။ နောက်တစ်ခုက ဘုန်းကြီးဝတ်နေပေမဲ့ ဝိနည်းကို လေးလေးနက်နက် မလေ့လာ မသင်အံခဲ့ မကျင့်ခဲ့တော့ ဝိနည်းဆိုတာကို အပေါ်ယံလောက်ပဲသိတဲ့ ဘုန်းကြီးက ဒီနေ့ မြန်မာပြည်မှာ ဒုနဲ့ဒေးလို့ ပြောရပါလိမ့်မယ်။

အခုခေတ် အင်တာနက်ပေါ်မှာ ပိဋကသုံးပုံကို မြန်မာလိုဖတ်မလား၊ အင်္ဂလိပ်လိုဖတ်မလား အကုန် အလကား ဖတ်နိုင်ပါတယ်။ လူတွေ ဝိနည်းကို များများဖတ်ကြလေ၊ ကျနော်တို့နိုင်ငံက ရဟန်းတရားမလုပ်ပဲ သင်္ကန်းဘန်းပြပြီး အလျှံညီးညီး သံတွေခဲကို မျိုချနေတဲ့ ဘုန်းကြီးတွေ တလှေကြီးဆိုတာ အထင်းသားမြင်လာပါလိမ့်မယ်။

ကျနော်တို့ ဒီအတိုင်းပစ်ထားရင် အခု ဆယ်စုနှစ်ထဲမှာကို ဘုန်းကြီးတွေ နိုင်ငံရေးလုပ်ခွင့် ရှိရုံတင်မက ပါလီမန်ထဲ အမတ်အဖြစ်တောင် ဝင်အရွေးခံပြီး တက်နိုင်တယ်ဆိုတဲ့ ဒုတိယ သီရိလင်္ကာနိုင်ငံ ဖြစ်သွားနိုင်ပါတယ်။ အခု ဖေ့စ်ဘုတ်ကွန်ယက်ထဲမှာ ဘဒ္ဒန္တဆိုတာတောင် ပါနေပြီ၊ များသလားလဲ မပြောနဲ့။ အင်တာနက်သုံးတတ်မှတော့ အပြာကားတွေလဲ ကြည့်နေကြရောပေါ့လို့ ဆိုမယ်ဆို ဆိုနိုင်ပါလိမ့်မယ်။

နောက်တစ်ချက်က ဗိုလ်ချုပ်အောင်ဆန်းက ဘုန်းကြီးတွေ နိုင်ငံရေးထဲပါတာကို ဆန့်ကျင်ပြီး ဟောခဲ့တယ်။ ၁၉၄၆ နေသူရိန်အစည်းအဝေးမိန့်ခွန်းမှာ ထင်ပါတယ်၊ ဖတ်ကြည့်ပါ။ ဒါပေမဲ့ သူ့သမီး ဒေါ်အောင်ဆန်းစုကြည်ကြတော့ ဘုန်းကြီးတွေ မယ်သီလတွေကို နိုင်ငံရေးထဲ ဆွဲသွင်းပြန်ရော၊ ဗွိုက်စ် အော့ဖ် ဟုပ်ပ် စာမျက်နှာ ဂ (ပထမအကြိမ်၊ ပင်ဂွန်းစာအုပ်တိုက်) ထဲမှာ ဖတ်ကြည့်ပါ။ ဒီကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အချောင်သမားမဟုတ်မှန်း ကျနော်သိပေမဲ့ မဟာယနဗုဒ္ဓဘာသာ အတွေးအခေါ် အလွှမ်းခံရတဲ့သူဖြစ်တဲ့အတွက် ဘုန်းကြီးတွေ မယ်သီလတွေကို နိုင်ငံရေးလုပ်ရင် အပြစ်မရှိဘူးလို့ သူက မြင်ပုံရပါတယ်။

ဝန်ကြီးချုပ်ဟောင်းဦးနုက သူ့ရဲ့ ငါးနှစ်ရာသီ ဗမာပြည်ဆိုတဲ့ စာအုပ် စာမျက်နှာ ၂၃၁ မှာ ဦးနုက “ဘုန်းကြီးအားကိုးနှင့် နိုင်ငံရေးလုပ်ကြသူများမှာ အချောင်သမားများ ဖြစ်ကြသည် ဟူသောအချက်ပင် ဖြစ်လေသည်” လို့ထိ ရေးထားတာကိုလဲ ဒေါ်အောင်ဆန်းစုကြည် နည်းနည်းပါးပါး ဆင်ခြင်နိုင်အောင် ကျနော် မကြာမကြာ ကိုးကားဖော်ပြပါတယ်။

ဝိနည်းသိက္ခာပိုဒ်တွေဟာ ဘယ်လောက်တောင်မှ အတိမ်းအစောင်းမခံဘူးဆိုတာက ရှေးသူဟောင်းတို့ကတော့ အပ်ဖျားပေါ်မှာ တင်ထားတဲ့ မုန်ညင်းစေ့ပမာ အတိမ်းအစောင်းမခံဘူးလို့ နှိုင်းပါတယ်။ ဒါ့ကြောင့်လဲ ဘုန်းကြီးတွေ ရဟန်းတွေကို မဟာဂန္ဓာရုံဆရာတော် ရှင်ဇနကာဘိဝံသက “လူတွေရဲ့အလုပ်မှာ ဝင်မပါကြနဲ့” “လူတွေရဲ့အမူအကျင့်နဲ့ ဘယ်နေရာမှ မတူစေနဲ့”လို့ အာပေါက်အောင် မှာတာဖြစ်တယ် (သာသနာပြု သြဝါဒတရားတော်များ၊ ၁၉၈၃ ခုနှစ်ထုတ်၊ စာမျက်နှာ ၃၀၅)။

အလဇ္ဇီ ရဟန်းတုတွေကို ချတဲ့နေရာမှာ ကျနော် ငရဲမကြီးပါဘူး။ မြတ်ဗုဒ္ဓက ခွင့်ပြုထားပါတယ်။ လောဟိံစသုတ်ကို ဖတ်ကြည့်ပါ။ အဲဒီသုတ်မှာ ရဟန်းကိစ္စမပြီးပဲ တရားဟောရင် အဲဒါကို “ယုတ်မာသော လောဘ” လို့ ပိဋက မြန်မာပြန်ထဲမှာ ဖော်ပြထားပါတယ်။ “ယုတ်မာသောလောဘ” တဲ့၊ သာမာန်လောဘတောင်မဟုတ်ဘူး၊” ဒီနေ့ ထမီတွေ ပုဆိုးတွေနဲ့ လုံးလားထွေးလား ရောယှက်နေတဲ့၊ ဗုဒ္ဓကို ကန့်လန့်တိုက်နေတဲ့၊ သာသနာထဲမှာနေပြီး တစ်ဖက်လှည့်နဲ့ သာသနာကို ဖျက်ဆီးနေတဲ့ အဲဒီဘုန်းကြီးတွေအတွက် ဓမ္မပဒ အပိုဒ် ၁၈၅ ကို ၏ ၍ သည် မလွဲ ကူးရေးပေးလိုက်ပါတယ်။

၁၈၅။ ။ သူတစ်ပါးကို မကဲ့ရဲ့မစွပ်စွဲရာ မညှင်းဆဲရာ၊ ပါတိမောက္ခသံဝရသီလကို  စောင့်ရှောက်ရာ၏၊ စားဖွယ်အတိုင်းအရှည်ကို သိရာ၏၊ ဆိတ်ငြိမ်သော ကျောင်းအိပ်ရာနေရာသို့ ကပ်ရောက်နေထိုင်ရာ၏၊ သမာပတ်ရှစ်ပါးဟူသော အဓိစိတ္တသိက္ခာကို ပွားများအားထုတ်ရာ၏၊ ဤသည်ကား ဘုရားရှင်တို့၏ အဆုံးအမတော်ပေတည်း။

ကဲ၊ အဲဒါ ဘုရားရှင်ရဲ့ အဆုံးအမပဲ။ နားမထောင်တဲ့ ဘုန်းကြီး ဒုနဲ့ဒေး မဟုတ်လား။ ဘုရားရှင်က စားဖွယ် အတိုင်းအရှည်ကို သိဖို့ ဆင်ခြင်ပြီးစားဖို့ တကူးတက ထည့်ပြီး မဆုံးမခဲ့ဘူးလား။ ကမ္မဋ္ဌာန်းတရားကို အားထုတ်ဖို့ကော မမှာခဲ့ဘူးလား။  ကဲ၊ အဲဒီရွှေညဝါတို့ သီတဂူတို့ ဘယ်လိုလုပ်ပြီး ဗုဒ္ဓထိုင်တော်မူသလို ထိုင်နိုင်မှာလဲ။

အဲဒီကိုယ်တော်တွေ ဘုရားရှင်မှာခဲ့တဲ့ ဆွမ်းခံဝတ်ကို မပျက်စေရာလို့ ဆုံးမတာကို မလိုက်နာတာ နှစ်ပေါင်း ဘယ်လောက်ကြာပါပြီလဲ။ ကျုပ်တို့ဇဂျမ်းကန်မြဲမှာ ကဗျာဆရာတင်မိုးရဲ့ ဆရာတော်လို သက်ကြီးဝါရင့် စာချဆရာတော်ဦးအာစရိယကစလို့ အရွယ်မရွေး ဆွမ်းခံကြတယ်။ ကျေးရွာထဲကိုလဲ အကြောင်းမဲ့ လမ်းမသလားကြဘူး။ ကဲ မြို့ကကိုယ်တော်တွေ ဘယ်လိုလဲ။ ဆွမ်းမခံပဲ ဆိုင်မှာ ဝယ်စားတဲ့ဘုန်းကြီးတွေတောင် ရှိနေဆိုပဲ။

ကျနော် သာသနာကို ကဲ့ရဲ့တဲ့စာ မရေးရဲပါဘူး၊ ရေးစရာလဲ အကြောင်းမရှိပါဘူး။ ကျနော် အင်မတန်မှ ဂုဏ်ယူတဲ့သာသနာဖြစ်တဲ့အတွက် သန့်စင်စေချင်လို့ ရေးရပါတယ်။ သန့်နေရင် ဘယ်သူမှ မရေးပါဘူး။ ပြောတော့မပြောချင်ပါဘူး၊ ဒါပေမဲ့ လူဆိုတာ နည်းနည်းတော့ နာအောင်ပြောမှ ဆင်ခြင်လေ့ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် တရားထိုင်ကြောင်း အတော်ကြားဖူးပါတယ်၊ ကျနော်လဲ သူလောက်မထိုင်ရင်သာ ရှိမယ်၊ ထိုင်နေတာပါပဲ။ တရားထိုင်တာနဲ့ တရားပေါက်တာ မဆိုင်ပါဘူး။ သူလဲ မပေါက်သေးသလို ကျနော်လဲ ဝေးပါသေးတယ်။ သူဆိုရင် ဘုန်းကြီးတစ်ပါးနာမည်ကြီးရင် ရှေ့ရောက်သွားတော့တာပါပဲ။ သာမညဆိုသာမည၊ သီတဂူဆိုပြန်တော့ သီတဂူ၊ ရွှေညဝါဆီတော့ ရောက်မရောက် ကျနော်မသိပါဘူး။ ထုံးတမ်းစဉ်လာ တရားဝင်ခေါင်းဆောင်ဖြစ်ဖို့အတွက် ဘာအတွက် ညာအတွက် သွားတာထက်မပိုပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီဘုန်းကြီးတွေဟာ ဝိနည်းနဲ့ညီအောင် ကျင့်ကြံအားထုတ်နေတဲ့ ဘုန်းကြီးတွေ မဟုတ်သလို တရားရသူတွေ၊ ရဟန်းကိစ္စပြီးစီးအောင် ကျင့်ကြံအားထုတ်နေသူတွေလဲ မဟုတ်ဘူးဆိုတာ လူတိုင်းလောက် သိနေလို့ပါပဲ။

ကျနော်က ခေတ်ကိုမသိလို့ပြောနေတာမဟုတ်ပါဘူး။ သိပါတယ်။ အခုလောလောဆယ်ခေတ်ဟာ ဒေါ်အောင်ဆန်းစုကြည် ဘာလုပ်လုပ် ဘာပြောပြော ကြိုက်ကြိုက် မကြိုက်ကြိုက် အားလုံးကောင်းပါသည် ခေါင်းဆောင်ကြီးခင်ဗျားဆိုတဲ့ ခေတ်ပါ။ စစ်တပ်ကိုလဲ ပေါ့သေးသေးတော့ မတွက်ပါနဲ့။ အဲဒီလူတွေမှာ လောဘကော တိုင်းပြည်ချစ်စိတ်ပါ ရောသမမွှေထားတဲ့လူတွေရှိသလို တကယ်တိုင်းပြည်ကို ချစ်တဲ့သူတွေလဲ သေချာပေါက်ရှိပါတယ်။ ဒီလူတွေ တစ်လှည့်ပြန်မလာဘူးလို့ ဘာအာမခံချက်မှ မရှိသေးပါဘူး။

အခု ဒေါ်အောင်ဆန်းစုကြည်က သေဆိုသေပါ့မယ်၊ ရှင်ဆိုရင်လဲ ရှင်ပါ့မယ်ဆိုသူတွေဟာ အဲဒီလို စစ်တပ်က တကျော့ပြန်လာခဲ့ရင် ကြက်ပျောက် ငှက်ပျောက်ဖြစ်ဦးမယ်ဆိုတာ လူတိုင်းလဲ တကယ်တော့ သိပါတယ်။ မြန်မာတဲ့လေ၊ အစဉ်အလာကို အပေါ်ယံကိုးကွယ်တာနဲ့အတူ အားနာတဲ့ ယဉ်ကျေးမှု၊ အလကားနေရင်း အမုန်းမခံချင်ပါဘူးဆိုတဲ့ တလွဲနားလည်မှုတွေ ဆင်ခြေတွေနဲ့ ပြောသင့် ပြောထိုက်တာတွေကို ပြောမထွက်တာလဲ အစဉ်အလာဖြစ်နေတဲ့၊ ခေါက်ရိုးကျိုးနေတဲ့ လူမျိုးလေ။ ကျုပ်တို့လို စုန်းပျူးက မဖြစ်စလောက်နဲ့ ဘာဖြစ်ဖြစ် ငြိမ်နေလေ့ရှိတဲ့ တောကျေးလက်နေ လူထုကြီးရယ်၊ ခုနကပြောတဲ့ မှန်ပါ့ဘုရားကျေးတော်မျိုး ကွန်တော်မျိုးတွေ များတဲ့ခေတ်ကိုး။

နောက်ဆုံးအဆုံးမသတ်ခင် ကျနော်တို့အင်မတန်ကို အထွဋ်အထိပ်ထားပါတယ်ဆိုတဲ့ ဗုဒ္ဓသာသနာကို ကိုယ်ဇိမ်ကျဖို့ နာမည်ကြီးဖို့ အဲဒီနာမည်ကို အကာအကွယ်ယူပြီး လုပ်ချင်တာလိုပ်ဖို့ ဖျက်ဆီးနေတဲ့ ရဟန်းဆိုးတွေ ရှက်တတ်ရင် အင်မတန် ရှက်ဖို့ကောင်းတဲ့ စာလေးတစ်ပိုဒ်ကို အောက်မှာ ဘာသာပြန်ထည့်လိုက်ပါတယ်။ တချိန်က ဗုဒ္ဓဘာသာရဟန်းအများစုက တခြားဘာသာဆိုရင် မိစ္ဆာဒိဋ္ဌိတွေလို့သမုတ်ကြတယ်လေ။ အခု ခရစ်ယန်ဘာသာက ရဟန်းဖြစ်သင်တန်းတက်ခဲ့ဘူးသူ ပတ်စကယ် ခူးသွေးရဲ့ စာအုပ်ထဲက သူ့ကိုယ်ပိုင်အတွေ့အကြုံလေးတစ်ခုကို  မျှလိုက်ပါတယ်။ ဖတ်ပြီး နှလုံးသွင်းကြည့်ကြစမ်းပါ အလဇ္ဇီဂိုဏ်းက ကိုယ်တော်များခင်ဗျား။

“ကျနော်တို့ကို မြို့ထဲကို အများဆုံးမှ တစ်ပါတ်တစ်ကြိမ်သာ သွားခွင့်ပြုပါတယ်။  မိန်းခလေးတွေရဲ့ အာရုံကို ဆွဲဆောင်နိုင်တဲ့ ရေမွှေးနံ့သာ အသုံးပြုခြင်းကို ခွင့်မပြုပါဘူး။ မိန်းခလေးတွေကို လိုလိုလားလား မျက်စိနဲ့ကြည့်တာမျိုးကို မျက်ထောက်နီနဲ့ အကြည့်ခံရတာလောက်ကို မပြောပါနဲ့၊ မိန်းခလေးမိတ်ဆွေ ထားတာမျိုးကို လုံးလုံးလျားလျားကို တင်းတင်းကြပ်ကြပ် တားမြစ်ထားတာပါ။ မျက်စေ့ဣနြေ္ဒကို ထိန်းချုပ်တဲ့အကျင့်ကိုလဲ ကျင့်ကြရပါတယ်။ မိန်းခလေးတွေနဲ့ စကားပြောဖို့ကြုံလာရင် ဘေးဖက်ကိုဖြစ်ဖြစ် အောက်ဖက်ကိုဖြစ်ဖြစ် မျက်စေ့ကို လွှဲပြီး စကားပြောရပါတယ်။တစ်ယောက်ကို တစ်ယောက် ညာသံပေးတာ အော်ဟစ်တာမျိုး မလုပ်ရပါဘူး။ ဆေးလိပ်ကိုတော့ ဘုန်းကြီးမဖြစ်မချင်း မသောက်ရပါဘူး။ ဒီသင်တန်းက အစအဆုံးဆိုရင် ၁၁ နှစ် အချိန်ကြာပါတယ်” တဲ့။

(အစိမ်းရောင် တစ္ဆေများရဲ့ မြေမှ၊ ပါစကယ်ခူးသွေး၊ ၂၀၀၃၊ ဟာပါကောလင်းစာအုပ်တိုက်၊ နှာ ၁၀၀)

လူတွေနဲ့ ထမီတွေနဲ့ နိုင်ငံရေးတောထဲ ရောလိုက်၊ လူမှုရေးတောထဲရောလိုက် လုပ်နေကြတဲ့ ဂမ္ဘီရတို့လို၊ ရွှေညဝါတို့လိုဘုန်းကြီးတွေ မရှက်တတ်ကြဘူးလားလို့ မေးလိုက်ပါတယ်။

အဆုံးသတ်အနေနဲ့တော့ မိရိုးဖလာဗုဒ္ဓဘာသာတွေသာများတဲ့ နိုင်ငံဖြစ်တဲ့အတွက် လူတွေရဲ့ အားနည်းချက်ကို အသုံးချပြီး သာသနာကို အလွဲသုံးစားလုပ်ရင်း ဖျက်ဆီးနေတဲ့ ဘုန်းကြီးတချို့ကို ကိုယ်ကျိုးအတွက်ပဲဖြစ်ဖြစ် ပါတီအကျိုးအတွက်ပဲဖြစ်ဖြစ် ဘယ်ပုဂ္ဂိုလ် ဘယ်ပါတီကမှ မသုံးကြပါနဲ့၊ ၊ မချဉ်းကပ်ကြပါနဲ့၊ အဲဒီဘုန်းကြီးတွေနဲ့အတူ သာသနာကို ဖျက်ဆီးတဲ့ ကြံရာပါတွေ မဖြစ်ကြပါစေနဲ့လို့ သတိပေးလိုက်ကြောင်းပါခင်ဗျား။

About nyuntshwe

A Myanmar, Buddhist, pacifist, and pragmatic person who believe that we are what we think. That leads him positive thinking and he sees the world a beautiful place, but he still likes to keep trying for a better and more beautiful world.
This entry was posted in For-my-Country. Bookmark the permalink.

2 Responses to ဘုန်းကြီးတွေကလဲ မပျက်နဲ့၊ လူတွေကလဲ မဖျက်နဲ့

  1. nangthuzar says:

    shareခွင့်ပေးပါ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s