ပရမ်းပတာ ဆရာကြီးတို့ရေ၊ ပြည်သူ့ဘဝလဲ ကြည့်ကြပါဦးဗျာ၊

Posted on February 5, 2012 by nyuntshwe

လျှော့မဲ့လျှော့တော့လဲ နှစ်မတောင် အဆစ်ထည့်တော့မလောက်

မောင်ညွန့် (မင်းကျောင်းတိုက်)

မနေ့တစ်နေ့က ငှက်ဆိုးထိုးသံတစ်ချက် ကြားလိုက်ရတယ်၊ စူးစူးရှရှ ရင်ထဲထိုးဖောက်ပြီး ဥဏှောက်ထဲက မထွက်ပဲ စိတ်ကိုတနုံ့နုံ့ ဒုက္ခပေးနေတော့တယ်။ ဘယ်လိုနည်းနဲ့ သက်သာမလဲလို့ ဆေးမြီးတိုကို ရှာကြည့်တော့ ပြန်ပြီးအော်ပစ်လိုက်ရင် ရင်ပေါ့သွားလိမ့်မယ်လို့ ယုံကြည်တဲ့အတွက် သမတကြီး ဦးသိန်းစိန် အစိုးရကို အော်လိုက် ဟစ်လိုက်ပါတယ်။ ဒါပါပဲ။

ဒီနေ့ ဂျပန်ကို ပုခုံးခြင်း ယှဉ်လာနေတဲ့နိုင်ငံတစ်နိုင်ငံကို ပြပါဆိုရင် ဂျပန်နဲ့ တစ်ခေါ်လောက်ပဲဝေးတဲ့ တောင်ကိုရီးယား သမတနိုင်ငံပဲဖြစ်တယ်။ အာဏာရှင် ပတ်ချုံဟီးလက်ထက်မှာ နိုင်ငံခြားက လုပ်ငန်းရှင်တွေကို သူ့နိုင်ငံမှာ စီးပွားရေးလုပ်ကိုင်ဖို့၊ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ချင်လာအောင်လို့ နှစ်အကန့်အသတ်နဲ့ အခွန်လွတ်ငြိမ်းခွင့်ပေးခဲ့တယ်။ အဲဒီတုန်းက ကိုရီယား၊ ထိုင်းနဲ့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေက အရမ်းမကွာသေးဘူး။ ပတ်ချုံဟီးဟာ အာဏာရှင်ဖြစ်ပေမဲ့ တကယ်တိုင်းပြည်ချစ်စိတ် မျိုးချစ်စိတ်ရှိသူဖြစ်တယ်။ ဒီလို အမျှော်အမြင်ကြီးတဲ့အတွက် ကိုရီးယားဟာ စီးပွားရေးအခြေခံကောင်းတွေ တိုးပွားလာခဲ့တာဖြစ်တယ်။ ဒါကို ကျနော်တို့ သမတကြီက အတုယူပြီး တိုင်းပြည်ကို အရှိန်အဟုန်နဲ့ တိုးတက်အောင် လုပ်ဆောင်လိုက်တာလို့ အများက မြင်ကြမယ်ပေါ့ဗျာ။

ခက်တာက အခွန်ကင်းလွတ်ခွင့်ကို ပရမ်းပတာ လုပ်ချလိုက်တာကို မြင်ဖို့လိုတဲ့အတွက် ကျနော် ထောက်ပြရတာပါ။ ဒီအခွန်တွေနဲ့ တိုင်းပြည်ကိုတည်ဆောက်ရမှာ၊ ပြည်သူလူထုရဲ့ စားဝတ်နေရေးကို ကျားကန်ပေးရမှာ ဆိုတာ သူတို့ မေ့များသွားသလားလို့ပါ။

ဟုတ်ပြီ၊ ပတ်ချုံဟီးက နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေကို အခွန်ကင်းလွတ်ခွင့်ပြုတယ်၊ ဒါပေမဲ့ ဘယ်နှစ်နှစ်ပေးသလဲ၊ သုံးနှစ်ဗျ။ တော်ပြီပေါ့ဗျာ၊ ရက်ပေါင်းတစ်ထောင်လောက်အတွင်း ထုတ်နိုင်သမျှ အမြတ်ထုတ်ကြပေါ့။ အသားတင် ယူကြပေါ့။

အခု ကျနော်တို့ရဲ့ အင်မတန်မှ သနားကရုဏာနဲ့ နိုင်ငံတကာစိတ်ဓာတ်အပြည့်ရှိသူ သမတကြီးနဲ့ အစိုးရကတော့ ပတ်ချုံဟီးထက် ၂ ဆခွဲကျော် ၃ ဆနီးပါးကို သဘောကောင်းချလိုက်တာဗျာ။ နောင်တော့ ငါတို့မိသားစုကို လုပ်ကျွေးမှာပဲလို့တွက်ပြီး လက်ငင်း အိမ်က ပစ္စည်း အလကားကဲ့ထုတ်တာလဲခံယုံမက သမီးပါအဆစ်ထည့်ပေးလိုက်သလို ဖြစ်မနေဘူးလားဗျာတို့။ တော်ပြီပေါ့ဗျာ၊ ၃ နှစ်။

ဗီယကနမ်ဆိုရင် အခွန်ကင်းလွတ်ခွင့်ကို အကန့်အသတ်နဲ့ပဲ ပေးတယ်လို့ ကြားဖူးတယ်။ လုံးလုံးပေးတာက ၂ နှစ်၊ တကယ်လို့ အခြေအနေအရ လိုအပ်လာလို့ လျှောက်ထားရင် ဆောင်ရမဲ့အခွန်အပေါ် နောက် ၄ နှစ် တစ်ဝက်လျှော့ကောက်မယ်ဆိုတာမျိုးနဲ့ လူတစ်ဦးခြင်း ဝင်ငွေခွန်ကအစ အကုန် စီးကြပ်တယ်လို့ ဆိုပါတယ်။ တစ်လ ၂၅၀ ဒေါ်လာဝင်ရင် ၅%ကနေ ဒေါ်လာ ၄,၀၀၀ ဝင်ရင် ၃၅% အဆင့်ဆင့် ပေးဆောင်ခိုင်းပါတယ်။

ဗီယက်နမ်ရဲ့ စီးပွားရေးတိုးတက်မှုဟာ မြန်မာထက် အများကြီးမြင့်နေပါပြီ၊ သူတို့နိုင်ငံရဲ့ လူတစ်ဦးခြင်း ဝင်ငွေဟာ တစ်နှစ်ကို ဒေါ်လာ၃,၃၀၀  ရှိပြီး၊ ကျနော်တို့က ၁,၃၀၀ ဒေါ်လာ  နဲ့ သူတို့နောက်ကတင် မဟုတ်ပါဘူး၊ ကဗ္ဘောဒီးယား လာအိုတို့ရဲ့နောက်က လိုက်နေရတာပါ။ သူတို့ မြေကြီးက ကျနော်တို့မြေကြီးလောက် ရွှေလဲမသီး ကျယ်လဲမကျယ်ပဲနဲ့ ဘာလို့ ကျနော်တို့ထက် မြင့်ကြရတာတုန်း။ အာဏာရှင်တွေ အုပ်စိုးတာခြင်းအတူတူဗျာ၊ ဘယ်နေရာမှာများ အကွာကြီး ကွာသွားလို့ပါလိမ့်။ အော်၊ စီးပွားရေးနဲ့ပတ်သက်လို့ သူတို့ထက် ကျနော်တို့က မြင့်တာ ၂ ခုရှိပါတယ်။ ကြံဖန်ဂုဏ်ယူချင်ရင် ယူနိုင်အောင် ဖော်ပြပေးရရင် ဆင်းရဲမွဲတေမှုမျဉ်းရဲ့အောက် ရောက်နေတဲ့ လူဦးရေ% နဲ့ ငွေကြေးဖောင်းပွမှုနှုန်းမှာ ကျနော်တို့က သူတို့ထက် မြင့်ပါတယ်။

မြန်မာလူငယ်တွေ မမီလိုက်တဲ့ အတိတ်က ဗီယက်နမ်အကြောင်းလေး နည်းနည်းပြောပြခွင့်ပြုပါ၊ ထိုးဇာတ်ကလေး ထည့်ပါရစေ။ လွန်ခဲ့တဲ့ ၃၆နှစ်ကျော်ဟိုဖက်တုန်းက အထိ ဗီယက်နမ်က တောင်နဲ့ မြောက် ၂ နိုင်ငံကွဲနေတဲ့ အချင်းချင်း စစ်ဒလစပ်ဖြစ်နေတဲ့ နိုင်ငံပါ။ တောင်ဗီယက်နမ်ဖက်ကနေ အမေရိကန်က စစ်သား ၅ သိန်းကျော်ပို့လွှတ်ပြီး ကူတိုက်ပေးခဲ့ပေမဲ့ နောက်ဆုံး ကွန်မြူနစ် မြောက်ဇီယက်နမ်က အနိုင်ရပါတယ်။ အမေရိကန်တွေ ကသေကမျော ပြည်တော်ပြန်ပြေးကြရပါတယ်။ ၁၉၇၅မှာ တောင်မြောက် ၂ နိုင်ငံကနေ ဗီယက်နမ်ဆိုပြီး တစ်နိုင်ငံတည်းဖြစ်သွားပါတယ်။ အမေရိကန် စစ်သား ၅,၇၀၀၀ လောက်သေပြီး ဗီယက်နမ်လူမျိုးက ၂ သန်းကျော် ၃ သန်းလောက် သေပါတယ်။ အမေရိကန်ကကျဲချခဲ့တဲ့ဗုံးတန်ချိန်ဟာ ဒုတိယကမ္ဘာစစ်တုန်းက မဟာမိတ်တပ်တွေနဲ့ ရန်ဖက်တပ်တွေက ကျဲချတဲ့ စုစုပေါင်း ဗုံးတန်ချိန်ထက် ပိုတယ်လို့ သမိုင်းဆရာများက မှတ်တမ်းတင်ကြတယ်လို့ ဆိုပါတယ်။ အမေရိကန်တွေကျဲချခဲ့တဲ့ လိမ္မော်အဆိပ်ဓာတ်ငွေ့တွေရဲ့ဒဏ်ကြောင့် ဗီယက်နမ်မှာ ကိုယ်လက်အင်္ဂါ ချို့ယွင်းတဲ့ အင်္ဂါမစုံတဲ့ ခလေးတွေ ခုထိမွေးကြတုန်းပါပဲ။ ကမ္ဘာပေါ်မှာ အမေရိကန်တွေကို မှတ်လောက် သားလောက်အောင် အနိုင်ယူဆုံးမခဲ့တာ ဗီယက်နမ်တစ်နိုင်ငံပဲ ရှိပါသေးတယ်။

ကဲ၊ ဒါဖြင့် ဒီပြာပုံအတိဖြစ်ခဲ့ ကျန်ခဲ့တဲ့နိုင်ငံလေးက ဘာဖြစ်လို့ ကျနော်တို့နိုင်ငံထက် သာသွားရတာတုန်း၊ သာသမှ တစ်ဦးခြင်းဝင်ငွေအနေနဲ့ပြောရင် တစ်နှစ် ဒေါ်လာ ၂,၀၀၀ စီပိုဝင်တာ  ဘာကြောင့်လဲဆိုတော့ အာဏာရှင်ခြင်းအတူတူ သူတို့မှာက ဝါဒဆိုတာရှိတယ်၊ တိုင်းပြည်နဲ့လူမျိုးကိုချစ်လို့၊ အကျင့်မပျက်အောင်ထိန်းကြတယ်၊ လာဘ်ပေးလာဘ်ယူလုပ်ရင် သေဒဏ်အထိတောင် စီရင်ပြီး သန့်ရှင်းတဲ့ အစိုးရဖြစ်အောင် လုပ်ကြတယ်။ မြန်မာအစိုးရထဲမှာလဲ ကောင်းချင်တဲ့သူတွေရှိမှာပါ၊ ဒါပေမဲ့ ရှိရင် ဘေးရောက်သွားရောမဟုတ်လား။မြန်မာပြည်ကတော့ ခဏတက်အုပ်ချုပ်ရသူတွေက ဘဝအဆက်ဆက် စားမကုန်အောင် ချမ်းသာကြ၊ စုဆောင်းမိကြပြီး တိုင်းပြည်က ခရုဆံကျွတ် ဖွတ်ကျောပြာစုပြီး ပြည်သူတွေကတော့ ကိုယ်တိုင်လဲ ဘာအကောင်းမှ မခံစားရပဲ နိုင်ငံခြားအကြွေး ဒေါ်လာ ၁၁ ဘီလျံတင် ကျန်ရစ်တယ်။ မှတ်ကရော။

မြန်မာလုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဥပဒေ ထွက်ပြီလား၊ မထွက်သေးဘူးလား ကျနော်မသိပါ၊ မလေ့လာရသေးပါ။ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံသူတွေအပေါ် ပြင်ဆင်ပေးသင့်တဲ့ ငွေကြေးစနစ်ကို မပြင်ပဲ၊ အပေါစား အခွန် ၈ နှစ် ကင်းလွတ်ခွင့်နဲ့ ရင်းနှီးမြှုပ်နှံသူတွေကို ဆွယ်မယ်ဆိုရင် လူကြီးမင်းများ သုံးခါလောက် ထပ်ပြီး စဉ်းစားကြပါဦး။

အခွန်အတုတ် မကောက်လို့မဖြစ်ပါ။ တောင်သူလယ်သမားတွေအပေါ် မယ်မယ်ရရ ဘာဖြည့်ဆည်းမှုမှ မပေးပဲ အခွန်လှိမ့်ကောက်တာမျိုး၊ မြေသိမ်းယာသိမ်း အနိုင်ကျင့်တာမျိုးတွေကိုရပ်ပါ။ ဝန်ထမ်းတွေထဲက အနိမ့်ဆုံး အခွန်ကင်းလွတ်ခွင့် ပမာဏကို အသေအချာ သတ်မှတ်ပြီး ကျန်ဝန်ထမ်းတွေကို ဝင်ငွေပေါ်လိုက်ပြီး အခွန်ဆောင်ရမဲ့နှုန်းထား၊ ဘယ်အဆင့်အထိက ဘယ်ရာခိုင်နှုန်း စသဖြင့် စနစ်တကျပြဋ္ဌာန်းကောက်ခံဖို့ အစိုးရက လုပ်ဆောင်ပါ။ ပြည်သူတွေအပေါ် အခွန်ကောက်တာဟာ သင့်လျော်တဲ့ ဝန်ဆောင်မှုတွေ ပြန်ပေးဖို့ဆိုတာကိုလဲ မမေ့ကြဖို့လိုပါတယ်။

အခွန်နဲ့ဘဏ္ဍာရေးကလူတွေလဲ အလုပ်လုပ်ကြပါလို့  ဆော်သြလိုက်ပါတယ်။ နမူနာရှိမှ လုပ်တတ်တယ်ဆိုရင် သြစတြေးလျအစိုးရတို့၊ ဥရောပက အစိုးရတွေဆီက အကူအညီတောင်းပါ၊ ကပြီး ပေးပါလိမ့်မယ်။

အဲလို ပြည်သူတွေအပေါ်မှာ အခွန်စည်းကြပ်သလို့ပဲ ပြည်တွင်းလုပ်ငန်းရှင်တွေနဲ့ နိုင်ငံခြားကရောက်လာမဲ့ လုပ်ငန်းရှင်ကြီးတွေကိုလဲ ရင်းနှီးမြှုပ်နှံချင်အောင် အခွန်လွတ်ငြိမ်းခွင့် ၃ နှစ်လောက် ပေးပြီးရင် ကျကျနန အခွန်ကောက်ဖို့ လွှတ်တော်ကနေ ဥပဒေပြုနိုင်အောင် အမတ်မင်းတို့က အားကြိုးမာန်တက် လုပ်ကြပါ၊ ဒါကို အမျိုးသားရေးတာဝန်အဖြစ် သဘောထားကြပါလို့ တောင်းဆိုတိုက်တွန်းလိုက်ပါတယ်။

စားပိုးနင့်အောင် စားခဲ့ပြီးပြီပဲ၊ တော်ရုံတန်ရုံပဲစားပြီး ပြည်သူကိုလဲ ကျွေးဖို့ စိတ်ကူးကြပါဦးလို့လဲ အစိုးရအဖွဲ့ကြီးကို တောင်းပန်ပါတယ်ဗျာ။ အများစု ဗုဒ္ဓဘာသာကိုးကွယ်တဲ့လူမျိုးရဲ့ ရိုးဂုဏ်ကလေးလဲ ထိန်းကြပါဦး၊ ညာဏ်နီညာဏ်နက် ဖက်တာ ရှက်တတ်ကြပါဦးလို့ ကျနော် မေတ္တာရပ်ခံလိုက်ကြောင်းပါခင်ဗျား။

About nyuntshwe

A Myanmar, Buddhist, pacifist, and pragmatic person who believe that we are what we think. That leads him positive thinking and he sees the world a beautiful place, but he still likes to keep trying for a better and more beautiful world.
This entry was posted in For-my-Country. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s