ပရမ်းပတာ ဝင်ငွေခွန် ကင်းလွတ်ခွင့်ဟာ အပေါစားမျက်နှာလုပ်တာသာဖြစ်

မောင်ညွန့်(မင်းကျောင်းတိုက်)

ဒီနေ့ရေးမဲ့ကိစ္စကတော့ ရေးချင်နေတာ ကြာပြီဖြစ်တဲ့ အစိုးရလုပ်နေတဲ့ “ပရမ်းပတာ ကိစ္စတွေ” ထဲက အခွန်စည်းကြပ်မှုကိစ္စနဲ့ ပတ်သက်ပါတယ်။ နိုင်ငံခြားမှာ အလုပ်လုပ်ကိုင်နေကြတဲ့ ကိုယ့်နိုင်ငံသားများအပေါ်နဲ့ ကျိကျိတက် လုပ်ငန်းရှင်ကြီးများအပေါ် အတိုင်းအထက်အလွန် သဘောကောင်းပြတာဟာ ပြည်သူအများစုကြီးကို အကြီးအကျယ်ထိခိုက်နေလို့ ဖြစ်ပါတယ်။

ကျနော် သြစတြေးလျမှာ ၁၉၉၁ လောက်က တရားဝင် အလုပ်လုပ်ခဲ့ဖူးပါတယ်။ ကျနော့်လခက များများစားစား မဟုတ်ပါဘူး။ တစ်လ ၁၆၆၇ ဒေါ်လာလောက်ပါ။ အဲဒီအထဲကနေ သြစတြေးလျ အစိုးရကို ၂၈% အခွန်ပေးရပါတယ်။ ကိုယ့်နိုင်ငံအစိုးရကိုလဲ အခွန်ပေးရပါတယ်။ နှစ်နိုင်ငံ နားလည်မှုစာချုပ်ရှိရင်တော့ ကိုယ်ကြိုက်တဲ့နိုင်ငံက အခွန်ကိုပဲ ဆောင်လိုက်ရင် အခွန်ကိစ္စပြီးပါတယ်။ ကျနော့်ရဲ့ အလုပ်ရှင်ဆိုရင် ၄၉ % ဆောင်ရပါတယ်။

အဲဒီအခွန်တွေက တိုင်းပြည်နဲ့လူမျိုးအတွက် သုံးဖို့ဆိုတာ အထူးပြောစရာမလိုပါဘူး။ တောင်သူတွေ လယ်သမားတွေဆိုရင် နှစ်စဉ်အခွန်မထမ်းလို့မရကြဘူး။ ဒါပေမဲ့ ကျနော်တို့နိုင်ငံသား အလုပ်သမား အတော်များများဟာ အခွန်လွတ်နေကြတယ်။ အထိုက်အလျောက် အခွန်စည်းကြပ်သင့်တယ်၊ အထိုက်အလျောက်ဆိုတာ ဝင်ငွေပေါ်မူတည်တာ ပြောစရာမလိုလောက်ဘူးထင်ပါတယ်။ သိပ်ဝင်ငွေနည်းသူတွေ အောက်ခြေအလုပ်မသမားများ ဝန်ထမ်းများအတွက်တော့ အနိမ့်ဆုံးဝင်ငွေ ဘယ်ရွေ့ဘယ်မျှအောက် ဝန်ထမ်းများ အခွန်ကင်းလွတ်ခွင့်ဆိုတာ ပြဋ္ဌာန်းပေးရပါလိမ့်မယ်။

နောက် တိုးတက်တဲ့နိုင်ငံတိုင်းမှာ ရှိတဲ့ လူတိုင်းမပေးလို့မရတဲ့အခွန်ကတော့ စားသုံးသူအခွန်ပါပဲ။ ဘာဝယ်ဝယ် အစိုးရကသတ်မှတ်တဲ့ ဝယ်ခွန်ပေးရပါတယ်။ ကျနော်တို့ ဂျပန်ကိုရောက်ခါစက ပစ္စည်းတန်ဖိုးရဲ့ ၃% အခွန်အဖြစ် ပိုးပေးရပါတယ်။ အခုတော့ ၅% ဖြစ်နေတာ အတော်ကြာသွားပါပြီ။ မကြာခင်  ၇%ကို တက်ဖို့အတွက် အစိုးရက ဆုံးဖြတ်ပါတယ်။ ကန့်ကွက်သူတွေကလည်း ကန့်ကွက်နေတဲ့ အခြေအနေမှာရှိပါတယ်။ ဒီလိုမှ အခွန်မကောက်ရင် တိုင်းပြည်အတွက် တကယ်လုပ်ကိုင်ပေးသင့်တဲ့ ပညာရေး၊ ကျန်မားရေး၊ မလုပ်မရသေးသူများ ထောက်က်ပံ့ငွေ၊ သက်ကြီးရွယ်အိုများကို စောင့်ရှောက်မှုစတဲ့ လုပ်ငန်းအသီးသိးကို ထောင့်စေ့အောင်၊ တာဝန်ကျေအောင် မလုပ်နိုင်ပါဘူး။

ကျနော်တို့ငယ်စဉ်တုန်းကဆိုရင် အစိုးရရဲ့ ကျန်းမာရေး ပညာရေး စောင့်ရှောက်မှုတွေက တူတူတန်တန် ရှိသေးတယ်။ အဲဒီတုန်းက လူဦးရေကလဲ နည်းသေးပြီး ဘာဖွံ့ဖြိုးတိုးတက်ရေးမှ မယ်မယ်ရရ မရှိတဲ့အပြင် လူတွေရဲ့နေထိုင်မှုကလဲ အင်မတန်မှ ရိုးစင်းတဲ့၊ လိုချင်စရာတွေ သိပ်မများသေးတဲ့ ကာလဖြစ်ပါတယ်။

ဟော မဆလခေတ်ကစပြီး ဒီအရည်အသွေးတွေ ယိုယွင်းလာတာ၊ တချို့နေရာတွေမှာ ပျောက်သွားမတတ်ဖြစ်သွားတာ၊ အားလုံးဟာ အစိုးရဝန်ထမ်းများရဲ့ ဖောက်ပြန်ချစားမှုကြောင့်ချည်း၊ အစိုးရရဲ့ စစ်ရေးအသုံးစရိတ်မြင့်မားမှုကြောင့်ချည်း မဟုတ်ဘူး၊ အစိုးရရဲ့ဘဏ္ဍာရေးအကြပ်အတည်းကြောင့်လဲ ဖြစ်တယ်။ စားသုံးခွန်ထားခြင်းအားဖြင့် ပြည်သူတွေအနေနဲ့လဲ တိုင်းပြည်ရဲ့ လမ်းတံတား စက်ရုံအလုပ်ရုံမှန်သမျှ၊ ပြည်သူ့ဝန်ထမ်းတွေကို ငါတို့အခွန်အတုတ်နဲ့ တည်ဆောက်တာ၊ ကျွေးထားတာ စသဖြင့် ဂုဏ်ယူလို့လဲ ရပါတယ်။ ငွေတစ်ရာဖိုး ဝယ်တိုင်း ၃ ပြား အစိုးရဘဏ္ဍာထဲရောက်သွားမယ်ဆိုရင် လူဦးရေ သန်း ၆၀ ကျော်ရှိတဲ့ မြန်မာနိုင်ငံတော်ရဲ့ ဘတ်ဂျက် ဘယ်လောက်တိုးသွားမယ်ဆိုတာ တွေးကြည့်တာနဲ့ ရင်ခုန်စရာပါ။

ဒီလိုမဟုတ်ပဲ၊ ဘာမဆို အစိုးရဘတ်ဂျက်ကပဲ ပေးဆိုရင် လာဘ်ပေးလာတ်ယူမှု ဘယ်တော့မှ မပျောက်တဲ့အပြင် အာဏာရှင်စနစ်လဲ ဘယ်တော့မှ မချုပ်ငြိမ်းနိုင်ပါဘူး။ အစိုးရ ဘဏ္ဍာရေးဌန အနေနဲ့ အခွန်စည်းကြပ်ရေးကို ဘယ်လိုသတ်မှတ်သင့်တယ်ဆိုတာ ပြည်တွင်းပြည်ပပညာရှင်တွေ အခြားသော နိုင်ငံများက လုပ်ရိုးလုပ်ထုံးတွေကို နည်းနာယူပြီး လုပ်သင့်ပါတယ်။

အထူးပြောချင်တာကတော့ နိုင်ငံရပ်ခြားမှာအလုပ်လုပ်ကိုင်နေသူတွေကို သိမ်းကြုံးပြီး အခွန်ကင်းလွတ်ခွင့်ပေးတာဟာ မဟာအမှားများထဲက အမှားကြီးတစ်ခုဖြစ်ပါတယ်။ ယိုးဒယား၊ မလေးရှားလို နိုင်ငံမျိုးမှာလုပ်နေတဲ့သူများ ဝင်ငွေနည်းတဲ့အတွက် ကင်လွတ်ခွင့်ပေးချင်ရင် ကျနော် အထက်ကတင်ပြခဲ့သလို အနိမ့်ဆုံးဝင်ငွေဘယ်လောက်အထိ အခွန်ပေးဆောင်စရာ မလိုဘူးလို့ သတ်မှတ်ပေးဖို့ လိုပါတယ်။

ဂျပန်၊ စင်္ကာပူနဲ့ ချမ်းသာတဲ့ အနောက်နိုင်ငံများမှာ လုပ်ကိုင်နေသူတွေကိုတော့ အခွန်ကောက်ကိုကောက်သင့်ပါတယ်။ ဒီမှာလဲ အနိမ့်ဆုံးဝင်ငွေ ဘယ်လောက်အထက် အခွန်ထမ်းဆောင်ရမယ်ဆိုတာ သတ်မှတ်သင့်သလို ဝင်ငွေအချိုးအစားအပေါ်မှာမူတည်ပြီး %နှုန်းကို သတ်မှတ်ဖို့လိုပါတယ်။

အဲလို မှန်မှန်ကန်ကန်အခွန်ထမ်းဆောင်တဲ့သူတွေကို နိုင်ငံခြားတိုင်းပြည်တိုင်းမှာ ရှိတဲ့ မြန်မာသံရုံးများကလဲ ဖေါ်ဖေါ်ရွေရွ လေးလေးစားစား ဝန်ဆောင်မှုတွေပေးရပါလိမ့်မယ်။ အဲလို အခွန်ဆောင်သူတွေကိုမှ ကားသွင်းခွင့်တို့ အခြား စက်ပစ္စည်းများတင်သွင်းခွင့်တို့ စသဖြင့် မက်လုံးတွေ ဆုတွေကိုလဲ ပေးရပါလိမ့်မယ်။

ချမ်းသားတဲ့နိုင်ငံတွေမှာ ပန်းကန်ဆေး ကြမ်းတိုက် အမှိုက်သိမ်းတဲ့သူတွေဟာ မြန်မာလွှတ်တော်အမတ်များထက် အများကြီးဝင်ကြပါတယ်။ အချို့ဆိုရင် ပြည်နယ်တိုင်း ဝန်ကြီးချုပ်များထက် မနိမ့်တဲ့ ဝင်ငွေတွေရကြပါတယ်။ မြန်မာပြည်က စစ်အစိုးရလက်ထက်ကရော ယနေ့တိုင်ပါ မျက်နှာသာအပေးအခံရဆုံး လုပ်ငန်းရှင်ကြီးများကို အသေအချာနဲ့ ထင်သာမြင်သာ ပွင့်လင်းစွာ အခွန်စည်းကြပ်ပြီဟေ့ဆိုရင် နိုင်ငံခြားမှာ အလုပ်လုပ်နေသူမှန်သမျှက လိုက်လျောညီထွေကောက်ခံတဲ့ ဝင်ငွေခွန်ကို ပေးဖို့ ဝန်လေးကြမယ် မဟုတ်ဘူးလို့ ပြောချင်ပါတယ်။ အစိုးရရဲ့ မျက်နှာပန်းလှရေးအတွက် အခုလို အခွန်မကောက်တာမျိုးဆိုရင်တော့ ခပ်ညံ့ညံ့ အပေါစား ပေါင်ဒါ မိတ်ကပ်လူးပြီး ထွက်လာတဲ့ အမျိုးသမီး လူရွှင်တော်နဲ့သာ တူပါလိမ့်မယ်။

ကျနော်တို့ပြည်သူများဟာ အသေအချာရှင်းပြရင်၊ ရိုးရိုးသားသားလုပ်ကိုင်ပြရင် နားလည်နိုင်တဲ့သူများ ဖြစ်တဲ့အပြင် ကိုယ့်တိုင်းပြည်ကို ကိုယ်ကူညီချင်တဲ့သူများလည်း ဖြစ်ကြပါတယ်။ အစိုးရတစ်ရပ် လုပ်နေပြီး ခပ်ညံ့ညံ့ဇာတ်ညွှန်းဆရာရေးတဲ့ ခပ်ညံ့ညံ့ ပြဇာတ်ကို ခပ်ညံ့ညံ့သရုပ်ဆောင်တွေ လူပြက်တွေနဲ့ စခန်းသွားလို့မရဘူး၊ ပြည်သူတွေ အဲဒီလောက်ထိ မအဘူးဆိုတာ သတင်းပါးလိုက်ကြောင်းပါခင်ဗျား။

About nyuntshwe

A Myanmar, Buddhist, pacifist, and pragmatic person who believe that we are what we think. That leads him positive thinking and he sees the world a beautiful place, but he still likes to keep trying for a better and more beautiful world.
This entry was posted in For-my-Country. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s