ပရမ်းပတာ တိုင်းပြည်ကို ရောင်းစားရာကျတဲ့ ပထမခြေတစ်လှမ်း

“အဲဒီခြေထောက်ကို သွင်သွင်ကျိုးအောင် ရိုက်ချိုးကြ”

 

သမတကြီးဦးသိန်းစိန်အစိုးရကို အချို့ကိစ္စများမှာ ကျနော် ချီးကျူးခဲ့ပါတယ်၊ အပြောင်းအလဲတွေအတွက် အားလဲ အားပေးပါတယ်။ ဒါပေမဲ့ ဒီမနက်ကြားလိုက်ရတဲ့ ပြည်ပ ရေဒီယိုသတင်းများအရ အတော့်ကို စိတ်ဝမ်းမချမ်းမမြေ့ဖြစ်ရပါတယ်။

နိုင်ငံခြားသားလုပ်ငန်းရှင်တွေကို မြေဧက ၅၀,၀၀၀ စီ ငှားရမ်းမယ်ဆိုတဲ့ သတင်းဟာ သတင်းကောင်းမဟုတ်ပါဘူး။ တိုင်းပြည်ရဲ့သဘာဝတောင်တောင်တွေ အလျင်အမြန် ပျက်စီးပြီး ပြည်သူတွေနဲ့ ဒီသဘာဝတောင်တောင်ကို အမီပြုနေကြတဲ့ တောတိရစ္ဆာန်တွေပဲ ဒုက္ခရောက်မဲ့ ကြံရာပါတွေသာ စီးပွားဖြစ်မဲ့ ပရမ်းပတာစီမံကိန်းပဲဖြစ်ပါတယ်။

မလေးရှား ဆာဗား၊ ဘော်နီယိုဒေသက တောတောင်တွေ ဘယ်လောက်အမြန်နှုန်းနဲ့ ပြုန်းတီးကုန်တယ်၊ တိရစ္ဆာန်ပေါင်းမြောက်များစွာလဲ နေစရာပျောက်ကုန်ကြတယ်၊ ရာသီဥတုအပေါ်လဲ ဘယ်လောက် ဆိုးကျိုးတွေ သက်ရောက်ကုန်တယ်ဆိုတာလဲ သိသင့်၊ ဆင်ခြင်သင့်တယ်လို့ ယုံကြည်ပါတယ်။

ဘရာဇီးလ်က အမေဇုန်သစ်တောတွေဆိုရင်လဲ မယုံကြည်နိုင်လောက်တဲ့ အမြန်နှုန်းနဲ့ ပျက်စီးကုန်တယ်၊ မြစ်တွေ သောင်ထွန်းကုန်တယ်၊ ပြတ်တောက်ကုန်တယ်။ ဒါတွေကို အသေးစိတ်သိချင်ရင် နေရှင်နယ်ဂျီအိုဂရပ်ဖစ် လို၊ ကုလသမဂ္ဂက သက်ဆိုင်ရာအဖွဲ့အစည်းတွေကနေရှာနိုင်သလို ဂူဂယ်လ် ကနေပြီးလဲ ရှာဖွေ လေ့လာနိုင်ပါတယ်။

မြန်မာပြည်ရဲ့စီးပွားရေးကို မြှင့်တင်ပေးချင်ရင် ဖုတ်ပူမီးတိုက် ပရမ်းပတာ လုပ်တာထက်စာရင် ပြည်တွင်း ပြည်ပ စီးပွားရေးပညာရှင်တွေဆီက အကြံဥာဏ်တောင်းခံတာမျိုး၊ ပြည်တွင်းက လယ်သမား ယာသမားတွေ၊ စက်မှု လက်မှုလုပ်ငန်းရှင်တွေ၊ ကုန်သည်တွေရဲ့ အစည်းအရုံးတွေကတဆင့် အသေအချာလေ့လာပြီး လုပ်ကိုင်သင့်တယ်လို့ထင်ပါတယ်။

အထူးပြောချင်တာကတော့ ပြည်တွင်းက ဧက ဆယ်ဂဏန်းလောက်နဲ့ မိရိုးဖလာ စိုက်ပျိုးလုပ်ကိုင်စားသောနေတဲ့ အသေးစားလယ်သမားတွေဆီကတော့ မြေသိမ်းလား လယ်သိမ်းလားလုပ်ပြီး ငွေရှင်ကြေးရှင်တွေနဲ့ နိုင်ငံခြားသားတွေကို တစ်ဦးဧက ၅၀,၀၀၀ ဆိုတာကတော့ အတော့်ကို နားလည်ရခက်တဲ့ ဂွကျကျ အစီအစဉ်ကြီးပါပဲ။

တကယ်လုပ်ရမှာက ကိုယ့်ဒေသခံ လယ်သမားများ တောင်သူများ ခြံသမားများကို ပဓာနနေရာမှာထားပြီး အသေးစားလုပ်ငန်းရှင်တွေနဲ့သာ စိုက်ပျိုးရေးကဏ္ဍကို တွန်းတင်ပေးသင့်တယ်လို့ ယုံကြည်ပါတယ်။ ဒါဟာ နိုဘယ်ဆုရ စီးပွားရေးပညာရှင် ပါမောက္ခ စတိုဂ်ဂလဇ်အကြံပေးတာနဲ့လဲ ဆီလျော်မယ်လို့ ယုံကြည်ပါတယ်။

အထူးသဖြင့် နိုင်ငံခြားလုပ်ငန်းရှင်တွေဝင်လာရင် ပြည်တွင်းက တောင်သူလယ်သမားတွေဟာ ယှဉ်ပြိုင်နိုင်ဖို့အလွန်ခက်ခဲသွားပြီး ကျွန်ခေတ်က တောင်သူလယ်သမားတွေ ချစ်တီးဆီ လယ်ယာထိုးအပ်ရသလို တစ်ပတ်ပြန်လည်လာပါလိမ့်မယ်။

တိုင်းပြည်မတိုးတက် မစည်ပင်တာက စိုက်ပျိုးသီးနှံအထွက်နဲ့ မဆိုင်ဘူးဆိုတာ အစိုးရကော ပြည်သူပါ သိပါတယ်။ အဓိကက အုပ်ချုပ်မှုညံ့ဖျင်းတာနဲ့ ကမ္ဘာကျော်အောင် လာဘ်ပေး လာဘ်ယူ များလွန်းတဲ့အတွက်ကတကြောင်း၊ ပြည်တွင်းစစ်မှာ ငွေတွေဒလဟော သုံးနေတဲ့အတွက် ဖြစ်ပါတယ်။

အခုဆိုရင် ဒီကိစ္စက လွှတ်တော်မှာကို အတော်ခရီးရောက်လာတဲ့ကိစ္စဖြစ်နေတာ တွေ့ရပါတယ်။ ဒါမျိုးဟာ ပထမ ပြည်သူအများစုကိုသိအောင်၊ ပြည်သူတွေရဲ့ဆန္ဒ ဘယ်လိုဆိုတာ သိနိုင်အောင် ချပြပြီးမှ အသံမျိုးစုံကိုနားထောင်ပြီး လုပ်သင့်တဲ့ကိစ္စပါ။ အခုကိစ္စ အတည်များဖြစ်သွားရင် မြန်မာပြည်ရဲ့ဧရာမမြေပိုင်ရှင်ကြီးတွေဟာ တရုပ်တွေ ဘင်္ဂါလီတွေ အများဆုံး ဖြစ်လာမှာပါပဲ။ နောင်မှာ လူမှုရေးကအစ အားလုံး ရှုပ်ထွေးကုန်မယ်၊ အဓိကရုန်းတွေကို တာစူနေတယ်လို့ပဲ ပြောချင်ပါတယ်။ တချိန်မှာ လိုအပ်လာရင်၊ တနည်းအားဖြင့် သူတို့ကို အကြောင်းအမျိုးမျိုးကြောင့် ကြပ်လာရင် ပြည်ပလုပ်ငန်းရှင်တွေကို ကာကွယ်ဖို့အတွက် နိုင်ငံစုံတပ်ဖွဲ့ပြီး မြန်မာနိုင်ငံကို တိုက်ခိုက်လာနိုင်တဲ့ အခြေအနေမျိုးထိတောင် တွက်ထားဖို့ လိုပါတယ်။

လွှတ်တော်အမတ်တွေကို ကျနော်အလေးအနက်တောင်းပန် တိုက်တွန်းပါတယ်။ ဒီကိစ္စကို မပျက်ပျက်အောင် ဝိုင်းဖျက်ကြပါ။ ပြည်သူလူထု အဖွဲ့အစည်းပေါင်းစုံနဲ့ နိုင်ငံရေးပါတီပေါင်းစုံကလဲ အားကျိုးမာန်တက် ကျားကုတ်ကျားခဲ ပျက်အောင် ဖျက်ကြပါလို့ တိုက်တွန်းကြောင်းနဲ့ သမတကြီးဦးသိန်းစိန်အစိုးရကို တိုင်းပြည်ကိုတော့ ရောင်းမစားဖို့နဲ့ ဒေသခံ ကိုယ့်သွေးရင်းသားရင်း တောင်သူလယ်သမားတွေကို စောင့်ရှောက်ဖို့ မေတ္တာရပ်ခံ တိုက်တွန်းလိုက်ရကြောင်းပါခင်ဗျား။

About nyuntshwe

A Myanmar, Buddhist, pacifist, and pragmatic person who believe that we are what we think. That leads him positive thinking and he sees the world a beautiful place, but he still likes to keep trying for a better and more beautiful world.
This entry was posted in For-my-Country. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s