ရွေးကောက်ပွဲအလွန် မြန်မာ့နိုင်ငံရေး (၂)

မောင်ညွန့် (မင်းကျောင်းတိုက်)                  ၁၁ ဒီဇင်္ဘာ ၂၀၁၀

(၂၀၁၁ ဇန္နဝါရီလ ၁ ရက်နေ့ထုတ် ရွှေဗမာသတင်းစာတွင် ကျနော်ရေးခဲ့သော ဆောင်းပါးဟောင်းပါခင်ဗျား)

ဒီလဟာ ခရစ်နှစ်အလိုအရ နှစ်သစ်ကူးတဲ့လဖြစ်တယ်၊ကျနော်တို့ မြန်မာများအဖို့တော့ နှစ်သစ်ကူးဟာ တန်ခူးလထဲမှာပေါ့။ သို့သော်လည်း တကယ့်လက်တွေ့ဘ၀မှာ ခရစ်နှစ်ပြက္ခဒိန်နဲ့သာ အလုပ်လုပ်နေကြရတာမို့ အားလုံးကို နှစ်သစ်မင်္ဂလာ နှုတ်ခွန်း ဆက်လိုက်ပါတယ်။ အားလုံး နှစ်လုံး စိတ်ဝမ်း ချမ်းမြေ့ကြပါစေလို့လဲ မေတ္တာပို့လိုက်ပါတယ်။

 မျှတတဲ့ ဝေဖန်ရေးဟာ အားဖြစ်တယ်

ယနေ့မြန်မာလောကမှာ ဒေါ်စုကို အဝေဖန်မခံနိုင်ကြတာဟာ ဒီမိုက ရေစီကျင့်စဉ်အတွက် တောင်မကျော်နိုင်တဲ့ ဝေဒနာ၊ သို့မဟုတ် ဒီမိုကရေစီ ကို ဇီဝိန်ချုပ်ပစ်မဲ့ ရောဂါဖြစ်တယ်ဆိုတာပါပဲ။ ဒေါ်စုရဲ့ အယူအဆကိုဆန့် ကျင်ရင် မိမိတို့ ကိုးကွယ်တဲ့ ဘုရားများကို ဆန့်ကျင်ပြောဆိုတာထက် မခံ မရပ်နိုင် ဖြစ်ကြ၊ ဝေဖန်သူကို အင်တာနက်စာမျက်နှာပေါ်မှာ ပက်ပက်စက် စက် လှိုင်လှိုင်ကြီး ဆဲကြဆိုကြတာတွေ့ဖူးကြမှာပါ။ ဒေါ်စုမှာ တော်တဲ့အ ပိုင်းတွေရှိသလို မတော်တဲ့အပိုင်းတွေလဲ ရှိတယ်၊ စင်းလုံးချောမဟုတ်ဖူး။ ကျနော်တို့အားလုံးမှာ တစ်ဦးကိုတစ်ဦး ထောက်ခံနိုင်ခွင့်ရှိသလို ဝေဖန် ပိုင်ခွင့်လဲ ရှိတယ်။ ဝေဖန်ချက် မှန်သလား မမှန်ဘူးလားဆိုတာ အချက် အလက်နဲ့ အဖြစ်အပျက်တွေက သက်သေဖြစ်လိမ့်မယ်။ မမှန်ရင် ပြန်လှန် ဝေဖန်ပိုင်ခွင့် လူတိုင်းမှာရှိတယ်။ ဒါဟာ ဒီမိုကရေစီကို ပြည့်ပြည့်၀၀ ကျင့် သုံးနေတဲ့ ဒီမိုကရေစီနိုင်ငံများရဲ့ ကျင့်စဉ်ပဲ ဖြစ်တယ်။ ဒါမှလဲ ကျန်းမာတဲ့၊ ဖွံ့ထွားတဲ့ ဒီမိုကရေစီကို တည်ဆောက်နိုင်တယ်။

မြန်မာအချင်းချင်းကြားမှာ တချို့သော တုန့်ပြန်ချက်များဟာ မိသားစု ကြား၊ မိန်းခလေးများ အနီးအနားမှာ လုံးဝ မဖတ်ရဲအောင်ကို အတိုင်းအထွာ တွေ တင်းကြမ်းပါပဲ။ နိုင်ငံခြားသားကို ပြန်ရေးရာမှာတော့ နည်းနည်းအဆင့် ရှိသူတွေ ဒါမှမဟုတ် အင်္ဂလိပ်လို မဆဲတတ်သူတွေ ၀င်ရေးကြတော့၊ သည် လောက်တော့ စုတ်စုတ်ပဲ့ပဲ့တွေ မပါဘူး။ ဟပ်ဖင်တန်ပို့စ်တ်မှာ ဗာဂျီးနီးယား မွန်းကလစ်ဖ်ဆိုတဲ့ ဆောင်းပါးရှင်ကတော့ “(ဒေါ်စုကို) နည်းနည်းမှ မထိ လိုက်နဲ့၊ ထိလိုက်ရင် ၀ိုင်းဟောင်ကြတော့တာပဲ၊ ဒီဆောင်းပါးကို ရေးတဲ့အတွက် ကျမကိုလဲ အော်ကြဟစ်ကြမယ်ဆိုတာ သိပါတယ်” လို့ ထုတ်ရေးဖူးတယ်။

 မျှော်လင့်ချက်ရောင်ခြည် တကယ်သန်းပြီလား

ရွေးကောက်ပွဲအကြိုနဲ့ ကာလတွင်းတုန်းက စစ်အစိုးရရဲ့ အနိုင်ကျင့် တာကို ခံကြရတဲ့အတွက် ကျနော်တို့တတွေဟာ စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ် ရတာရော၊ စိတ်ဆိုးဒေါသထွက်ရတာတွေရော၊ မခံချိ မခံသာဖြစ်ရတာတွေ ရော ရောပြွမ်း ခံစားခဲ့ကြရပါတယ်။  ဒိနောက် တစ်ပတ်အကြာမှာ ဒေါ်အောင် ဆန်းစုကြည် အိမ်ချုပ်ကနေ လွတ်လာတော့ လူအများဟာ ပတ်တုတ်မရ လောက်အောင် ၀မ်းသာပျော်မြူးခဲ့ကြပါတယ်။

အခုအထိတော့ ဒေါ်စု ဘာလုပ်လုပ် လိုက်လုပ်၊ ဘာပြောပြော လိုက် ပြောဆိုတဲ့ ပေါ်ပင်လှိုင်းစီးတဲ့ ကာလလို့ ဆိုသော် ရကောင်း၏ပေါ့ ခင်ဗျာ။ ဒါပေမဲ့ တိုင်းပြည်အတွက် မျှော်လင့်ချက် ရောင်ခြည် သန်းလာပြီလားဆို တော့ အရုဏ်မတက်ခင်ညက နောက်ပြန်ဆုတ်ပြီး တိမ်မဲတွေ တစ်စတစ်စ ဖုံးလာတယ်လို့တောင် ခံစားရသလို ရှိပါတယ်။ စူးရှရှ အနံ့တွေကလဲ သွေး ညှီနံ့တွေ မဖြစ်ပါစေနဲ့ ဖွဟဲ့ဖီဟဲ့ လွဲပါစေ လို့ ဆုတောင်းမိပါတယ်။ နည်း နည်း လိပ်ပတ်လည်အောင် နောက်ကြောင်းကို နည်းနည်း လည်ပြန်လှည့် ကြည့်ကြစေချင်ပါတယ်။

လိုတရတောင်ဝှေးကို ချိုးပြီး မီးဆိုက်ပစ်တာ ဒီချုပ်

၂၀၀၈ နှစ် ဧပြီလလောက်က ထင်ပါတယ်၊ ကျနော် ဘီဘီစီ မြန်မာ့အ ရေး ကမ္ဘာအရေးမှာ အခုလွှတ်တော်အမတ်အရွေးခံရတဲ့ အဲဒီတုန်းက ဒီချုပ် ဦးသိန်းညွန့်တို့ ကျောင်းသားခေါင်းဆောင် ကိုကိုကြီးတို့နဲ့ အခြေခံဖွဲ့စည်း အုပ်ချုပ်ပုံဥပဒေ ဆန္ဒခံယူပွဲနဲ့ပတ်သက်လို့ အခြေအတင် ဆွေးနွေးဖူးပါ တယ်။ အဲဒီကတည်းက ကျနော်က ၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ နေရာအများစုနိုင်အောင် အခုကတည်းက အစီအစဉ်တကျ ကြိုးပမ်းခြင်းကသာ မှန်ကန်တဲ့ လမ်းစဉ်ဖြစ်တယ်ဆိုတဲ့ သဘောထားကို ရှေ့တန်းတင်ပေးခဲ့ပါတယ်။

အဲဒီအချိန်က ကျနော်ဟာ ကမ္ဘာ့အာဏာရှင်စနစ် အပြောင်းအလဲတွေ ကို ထဲထဲဝင်ဝင် မလေ့လာရသေးပါဘူး။ နောင် လေ့လာခွင့် ကြုံတော့ အဲဒီ တုန်းက ကျနော့ရဲ့အမြင်ဟာ သမိုင်းအမှန်တရားဖြစ်တယ်ဆိုတာ သိလိုက်ရ လို့ ကိုယ့်အမြင်ကို ရဲရဲဝံ့ဝံ့ ပြောဆိုရဲခဲ့ပါတယ်။ အဲဒီတုန်းက ဦးသိန်းညွန့် က ကျနော့်ကို ပြည်သူလူထုကို အထင်မသေးပါနဲ့ ဆိုပြီး ပြည်သူတွေနဲ့ လှည့်တိုက်ပေးပါသေးတယ်။ ဒီလိုနဲ့ ဖွဲ့စည်းပုံလဲ အတည်ဖြစ်သွားတာပါပဲ။

နောက်ပိုင်းမှာတော့ ဥက္ကဋ္ဌကြီး ဦးအောင်ရွှေ ဦးလွင် ဦးခင်မောင်ဆွေ ဦးသိန်းညွန့်တို့တတွေက လက်တွေ့ကျကျ ပြန်လည်သုံးသပ်နိုင်ခဲ့လို့ ရွေး ကောက်ပွဲ ၀င်ရေးဖက်က ရပ်ခဲ့ကြတာ လူတိုင်းအသိပါ။ ဒါပေမဲ့ စစ်အစိုးရက ရည်ရွယ်ချက်ရှိရှိ ဦးဝင်းတင်ကို ပြန်လွှတ်ပေးလိုက်တော့ ဒီချုပ်ပါ ပျက်တဲ့ အထိ ရောက်သွားတာပါပဲ။

ဒီချုပ် ပျက်ပြီးနောက် ဦးခင်မောင်ဆွေ၊ ဦးသန်းငြိမ်း၊ ဦးသိန်းညွန့်တို့ တတွေက ပါတီသစ်ထောင်ပြီး ရွေးကောက်ပွဲ ၀င်ကြပါတယ်။ ဒါပေမဲ့ ဒီချုပ် က မူသမား ဗူးဆို ဖရုံမသီးတဲ့  ဦးဝင်းတင်နဲ့ ဒေါ်စုရဲ့ ထောက်ခံမှုတွေနဲ့ ပြည်သူအပေါင်းကို ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ လှုံ့ဆော်တဲ့အတွက် ရွေးကောက်ပွဲဝင်ကြတဲ့  ပါတီတိုင်းလောက် နစ်နာကြရပါတယ်။ ဒီလှုံ့ဆော် သံ နိုင်ငံအ၀ှန်းပျံ့နှံအောင်ကိုတော့ ထုံးစံအတိုင်း ပြည်ပ ရေဒီယိုတွေက မြိုင်မြိုင်ဆိုင်ဆိုင်ကြီး တာဝန်ယူကြပါတယ်။ ဒီတော့ကာ၊ နေရာအများစုမှာ နအဖက အကောက်ကြံဖို့ ပိုမိုလွယ်ကူသွားပါတော့တယ်။ ဒါဟာ ပြည်သူလူ ထုကို အလွဲသုံးစားလုပ်တာ၊ ပြည်သူပေးတဲ့ လိုတရတောင် ဝှေးကို ရိုက်ချိုးပြီး မီးဆိုက်လိုက်တာပဲ ဖြစ်ပါတယ်။

လက်တွေ့မကျတဲ့သပိတ်နဲ့ ဒုတိယ ပင်လုံညီလာခံ

ဒီဇင်္ဘာ ၂ ရက်နေ့ ဒီဗွီဘီ ညဖက် အစီအစဉ်မှာ ဆောင်းပါးရှင် တိုင်း ကျော်က ရဲစွမ်းသတ္တိရှိတဲ့ ရခိုင်ပြည်ပြည်သူတွေရဲ့ ညီညွတ်တဲ့အင်အားနဲ့ ရခိုင်နိုင်ငံရေးပါတီ ခေါင်းဆောင်တွေရဲ့ မှန်ကန် လက်တွေ့ကျတဲ့ ခေါင်း ဆောင်မှုတွေကြောင့် ရခိုင်ပြည်နယ်မှာ ရခိုင်အမတ်တွေ အများစု နိုင်ရ တယ်လို့ ဝေဖန်သုံးသပ်ပါတယ်။ ပြည်မသားနဲ့ အခြားပြည်နယ်သားတွေလဲ ရခိုင်သားတွေလို ညီညွတ်ကြတယ်၊ ရဲရင့်ကြပါတယ်။ တကယ်လို့သာ ရခိုင် ခေါင်းဆောင်တွေလို မှန်ကန်ပြီး (ဒီချုပ်က) လက်တွေ့ကျတဲ့ ခေါင်းဆောင်မှု ပေးနိုင်ရင် စစ်အစိုးရနဲ့ စေ့စပ်ဆွေးနွေးရေးဟာ မဖြစ်နိုင်စရာ မရှိပါဘူးလို့ ကောက်ချက်ဆွဲသွားပါတယ်။

ကိုတိုင်းကျော်က ပြည်မသားတွေကို ရွေးကောက်ပွဲဆီ ပြန်မညွှန်း တော့ပါဘူး။ ပြည်မသားအများစုက သူတို့ကိုးစားတဲ့ ယုံစားတဲ့ ဒီချုပ်က သပိတ်မှောက်ခိုင်းတဲ့အတိုင်း အတော်များများ မှောက်ကြတာ မဟုတ်လား။ ဒီခေါင်းဆောင်တွေရဲ့ အမှားနောက် လိုက်မိလို့ အခုတော့ ကိုယ့်ဖက်က ရပ်ပေး တိုက်ပွဲဝင်ပေးမဲ့ သူတွေ လွှတ်တော်ထဲ များများ မရောက်တော့ဘူး။ အကျိုးဆက်တွေကို တစ်ခါ ခါးစည်း ခံကြရဦးမယ် ဆိုပါတော့။

ဒီချုပ်က ဘာလို့ ရွေးကောက်ပွဲမ၀င်သလဲဆိုတာကို သတ္တုချကြည့်ရင် ၁။ ၉၀ ခုနှစ် ရွေးကောက်ပွဲကို အကြောင်းကြောင်းကြောင့် မစွန့်နိုင်ဘူး။

၂။ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ခွင့်မရလို့ ကန့်ကွက်ခဲ့တဲ့အတွက် အခုဝင်ရင် ထောက်ခံသလိုဖြစ်သွားမှာမို့ မ၀င်နိုင်ဘူး။

၃။ ဒီချုပ်ဟာ တုံးတိုက်တိုက် ကျားကိုက်ကိုက် ခေါင်းဆောင် ဦးဝင်းတင်ရဲ့ သြဇာလွှမ်းမိုးမှုအောက်မှာ ကျရောက်သွားတဲ့အတွက်လဲ မ၀င်နိုင်ဘူး။

အနှီခေါင်းဆောင်များရဲ့ လက်ရှိသွားနေတဲ့ လမ်းကြောင်းကလဲ အန္တ ရာယ်များလွန်းတယ် ထင်ပါတယ်။ ဒုတိယ ပင်လုံညီလာခံ တဲ့။ မှန်တာပေါ့၊ ဟုတ်တာပေါ့။ ဒုတိယ ပင်လုံညီလာခံကျင်းပနိုင်ဖို့ အခြေအနေ ပေးတယ်ဆို ရင် သိပ်ကောင်းမှာပေါ့။ ဒါပေမဲ့၊ လက်တွေ့ကျရဲ့လား၊ ကိုယ့်မှာ လုပ်ကိုင် နိုင်တဲ့ အာဏာနဲ့ အင်အားကော ရှိပါရဲ့လား။ ဦးသုဝေတို့ ဒေါ်သန်းသန်းနု တို့ ဒေါ်စုနဲ့တွေ့တော့လဲ ဒီကစ္စဟာ လက်တွေ့မှာ အကောင်အထည်ဖော်ဖို့ ခက်ခဲပြီး အန္တရာယ်များတယ်၊ အချိန်အခါမကျသေးဘူးလို့ ဆွေးနွေးခဲ့ကြ တယ်။ ရွေးကောက်ပွဲနိုင်တဲ့ တိုင်းရင်းသားပါတီတွေကလဲပဲ ဒီလိုပဲ ထုတ် ဖော်ပြောဆိုနေတယ်။ ဒါပေမဲ့ ပေါ်ပင်လှိုင်းစီးသူတွေလဲ ရှိနေတယ်။ ဒီတော့ ဒေါ်စုကလဲ ဒါကိုပဲ ဇောင်းပေးပြီး ရှေ့တန်းတင်နေတော့တယ်။

အစိုးရအာဏာမရှိပဲ ဒီလောက်ကြီးမားတဲ့ ကိစ္စကို မလုပ်နိုင်ဘူးဆို တာ အလွန်ပင် ရှင်းပါလျက်၊ အစိုးရကိုယ်၌ကလည်း လုံးဝအလိုမရှိဘူးဆို တာ ထင်ရှားနေပါလျက် ဇွတ်တိုးဖို့ တပြောထည်းပြောနေတာဟာ ထိပ်တိုက် ရင်ဆိုင်ရေးကို ရွေးတဲ့သဘောပါပဲ။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူး ကိုယ်စားလှယ် မစ္စတာ နမ္ဗိယက လုံခြုံရေးကောင်စီကို ပြန်လည်အစီရင်ခံရာ မှာ ဒေါ်စုနဲ့ပတ်သက်လို့ “ဒေါ်စုဟာ လက်ရှိအခြေအနေတွေနဲ့ ကင်းကွာနေ တယ်၊ ခေါင်းမာတယ်” လို့ တင်ပြခဲ့တာဟာလဲ ကိုယ့်ကိုယ်ကို ပြန်လည်သုံး သပ်ဖို့ လိုကြောင်း ပြသတာတွေထဲက တစ်ခုဖြစ်ပါတယ်။

လက်တင်အမေရိကက သင်ခန်းစာ

ဒေါ်စုမှာ ဘ၀ပေးကောင်းလို့ အဆင့်မြင့်တဲ့ ပညာ ဗဟုသုတတွေ ရှိ တယ်ဆိုတာ ဘယ်သူကမှ သံသယမဖြစ်ပါဘူး။ ဒါပေမဲ့ ဒါတွေကို အကျိုးရှိ အောင် ဘယ်လို သုံးမလဲဆိုတဲ့  အရည်အချင်းက ပိုပြီးအရေးကြီးပါတယ်။ ဒီချုပ်တစ်ဖွဲ့လုံးဟာ နိုင်ငံတကာ အထူးသဖြင့် အာဏာရှင်နိုင်ငံတွေ ဘယ်ပုံ ဘယ်နည်းနဲ့ ဒီမိုကရေစီစနစ်ကို ဦးတည် ပြောင်းလဲကြတယ်ဆိုတဲ့ သမိုင်း ကို ဂဃနဏ သိပုံမပေါ်ပါဘူး။ ဒါ့ကြောင့်လဲ စည်းလုံးမှုလဲရှိ၊ အင်အားလဲရှိ၊ ဘဏ္ဍာအရင်းအမြစ်လဲရှိပြီး၊ အာဏာလုသူတွေကို အပြတ်နှိပ်မယ်လို့ ယတိပြတ် ဆုံးဖြတ်ထားတဲ့ (အိုဒေါနဲလ်၊ တစ်လီ) စစ်အစိုးရကို လုံးဝ ဂရုမစိုက်ပဲ၊ တနည်းအားဖြင့် ပရိယယ်မပါပဲ ရင်ဆိုင်နေတာ ဖြစ်တယ်။

ဥပမာအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံဆိုပါတော့။ ရွေးကောက်ပွဲဝင်တဲ့အဖွဲ့တိုင်းကော နိုင်ငံရေးစိတ်ပါဝင်စားသူတိုင်း မတရားတာတွေ လက်မခံနိုင်တာတွေပါတယ်ဆိုတာ သိကြပါတယ်။ လက်မခံရင် ကစားကွင်းထဲ ၀င်ကစားဖို့ မဖြစ်နိုင်တဲ့အတွက် လတ်တလော လက်ခံလိုက်ကြတဲ့ သဘောပါ။

ဒါဟာလဲ ချီလီအတိုက်အခံတွေက ၆နှစ်ကျော် ချီလီစစ်အာဏာရှင်ကြီး ပီနိုချေးရဲ့ဖွဲ့စည်းပုံကို လမ်းမတွေပေါ်မှာ ခြိမ့်ခြိမ့်သဲသဲ ဆန့်ကျင်ခဲ့ပေမဲ့ ဘယ်လိုမှ မနိုင်တဲ့အဆုံးမှာ ကွန်မျူနစ်ပါတီကလွဲရင် ကျန်ပါတီတွေက လက်ခံလိုက်ပြီး၊ ၂ နှစ်ကျော် ၃ နှစ် အချိန်ယူပြီး၊ ပထမ ပီနိုချေး ဆက်ပြီးသမတဖြစ်ရေး မဖြစ်ရေး ပြည်သူ့ဆန္ဒခံယူပွဲမှာ ဆန့်ကျင်မဲဖြစ်အောင် လုပ်တယ်၊ နောက်တဆင့် ရွေးကောက်ပွဲမှာ အတိုက်အခံက နိုင်အောင် ကြိုးစားတယ်။ နိုင်လဲ နိုင်ခဲ့တယ်။

ဒါပေမဲ့၊ အင်အားချိနဲ့လို့ စစ်တပ်ပြိုကွဲလို့ ပြောင်းပေးတဲ့ အပြောင်းမျိုးမဟုတ်တဲ့အတွက် အရပ်သား အစိုးရကို တင်နိုင်ခဲ့ပေမဲ့ တစ်ခါတည်း ဒီမိုကရေစီ လုပ်လို့မရဘူး၊ ပီနိုချေးကို မလွန်ဆန်နိုင်သလို သူ့ရဲ့ ဥပဒေထဲက ဒီမိုကရေစီမကျတာတွေကိုလည်း နှစ်ပေါင်းများစွာ တတိတတိပြင်ယူကြရတယ်။ အထူးသဖြင့် ပီနိုချေး ကွယ်လွန်ပြီးနောက်မှ ဒီပြင်ဆင်ရေးတွေဟာ မြန်ဆန်လာတာဖြစ်တယ်။ စစ်တပ်ပြိုကွဲလို့ အာဏာပြောင်းပေးခဲ့ရတဲ့ အာဂျင်တီးနားမှာတောင် စစ်တပ်ကို နောက်ဆုံးမှာ ကွင်းလုံးကျွတ် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ရတယ်။

ချီလီထက်စောပြီး အရပ်သားအစိုးရ ပြောင်းခဲ့တဲ့ ဘရာဇီးဆိုရင် ခုထက်တိုင် ဒီမိုကရေစီမဖြစ်သေးဘူးလို့ ကုလမှာ တာဝန်ထမ်းဆောင်နေတဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်လုပ်သွားသူ ပါမောက္ခပီညဲရိုးက တလောလေးတင် ထုတ်ပြောပါရောလား။ ဒါတွေကို ဒေါ်စုကလဲ ထည့်မစဉ်းစားသလို သူ့လက်ထောက်တွေကလဲ ထည့်မစဉ်းစားဘူး။ ဒါတွေဟာ ဒီမိုကရေစီမကျဘူး၊ အခုပြင်ပါ လို့ချည်း အမိန့်ချနေတယ်။ အရင်လဲ ကျနော်ရေးဖူးခဲ့တယ်၊ ဘယ်စစ်အစိုးရကမှ ဒီမိုကရေစီကျတဲ့ ဖွဲ့စည်းပုံကို မရေးဘူးဆိုတာ။

လက်တင်အမေရိက အာဏာရှင်စနစ်တွေကို အထူးပြုလေ့လာ သုတေသနပြုခဲ့တဲ့ ပါမောက္ခ အိုဒေါနယ်လ် ပြောခဲ့သလိုပဲ စစ်အစိုးရက အနာဂါတ်မှာ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ပေးမယ်လို့ တဖွဖွကတိပေးရင်း လက်တွေ့မှာ အစွမ်းကုန်ဖိနှိပ်နေတာသာ ဖြစ်တယ်။ ဒါဟာ အာဏာရှင်တွေရဲ့သဘောသဘာဝပါပဲ။ ဒီတော့၊ သူ့ကိုယှဉ်ပြိုင်နိုင်တဲ့ အင်အား ကိုယ့်မှာ ရှိသလား၊ အင်အားချိန်ခွင်ညှာ ဇောက်ထိုးဖြစ်နေတဲ့ ကာလမှာ ထိပ်တိုက်ရင်ဆိုင်သင့်သလား၊ ဒီအဆုံးအဖြတ်ဟာ ခေါင်းဆောင်ရဲ့ အရည်အသွေးပါပဲ။ ကျောက်ခဲနဲ့ ကြက်ဥ ယှဉ်မထုမိဖို့ဟာ ခေါင်းဆောင်ရဲ့ နည်းဗျူဟာ သေနင်္ဂဗျူဟာ မဟာဗျူဟာ အခြေခံပါပဲ။  (နောက်လ ဆက်ဖတ်ပါ)

 

About nyuntshwe

A Myanmar, Buddhist, pacifist, and pragmatic person who believe that we are what we think. That leads him positive thinking and he sees the world a beautiful place, but he still likes to keep trying for a better and more beautiful world.
This entry was posted in Politics. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s