မိုးသီးအတွက် ကရုဏာစကားတစ်ခွန်း

မောင်ညွန့် (မင်းကျောင်းတိုက်)

ကိုသန်းဝင်းရဲ့ ဖေ့စ်ဘုတ်ခ်မှာ မိုးသီးဇွန်ကို ရှစ်ဆယ့်ရှစ် ခေါင်းဆောင်မဟုတ်ဘူး၊ ဒီ နာမဝိသေသနကို မိုးသီးလို နိုင်အောင်လိုကောင်တွေ သုံးခွင့်မရှိဘူးလို့ ရေးထားတာ ဖတ်လိုက်ရတော့ ကျနော် ခပ်လှမ်းလှမ်းက ပတ်သက်ဖူးတဲ့ မိုးသီးအကြောင်းကို စမြုံ့ပြန်ကြည့်မိပါတယ်။ ကိုသန်းဝင်းတို့ကိုလဲ ပြောချင်ပါတယ်၊ မိုးသီးကို ၈၈၈၈ ကျောင်းသားခေါင်းဆောင်အနေနဲ့ အချိန်တစိပ်တစ်ပိုင်းအထိ အသိအမှတ်ပြုထားပြီးသားပါ။ ဒါဟာ သမိုင်းဖြစ်တယ်။ ငြင်းလို့မရပါဘူး။ ဒီသမိုင်းမှာ ခေါင်းဆောင်နေရာထဲက တစ်နေရာကို ခေတ္တခဏသာရပြီး မြောင်းပုပ်ထဲ ခုန်ချလိုက်တာဟာလဲ သူ့သမိုင်းပဲဖြစ်ပါတယ်။ သာမာန် လောဘ၊ ဒေါသ၊ မောဟဟာ ဘယ်သူ့မှ အရှက်တကွဲ အကျိုးနဲဖြစ်အောင် တွန်းမချပါဘူး။ မိုးသီးရဲ့လောဘ၊ ဒေါသ၊ မောဟက အဲဒီသာမာန်ထက် လွန်နေလို့ပါ။ အခုထိ ကျောင်းသားခေါင်းဆောင်ဆိုတဲ့ နာမဝိသေသနကိုတော့ သူမရှက်လို့သာ သုံးနေတာနေမှာပါ။

သူ့ကို အဖွဲ့တော်တော်များများကော၊ လူကြီးလူငယ်တော်တော်များများကပါ အရည်အတွက်ထဲ ထည့်မတွက်တော့ပါဘူး။ ကျနော် သုတေသနစာတန်းအတွက် အမေရိကားကို ခေတ္တရောက်တုန်းက မိတ်ဆွေတွေက ပြောကြပါတယ်၊ မိုးသီး အခုစာရင်းမရှိတော့ဘူး၊ မြောင်းထဲရောက်နေပြီတဲ့။အေဘီပျက်ရတဲ့ အဓိကတရားခံထဲက အဓိကတယောက် ဖြစ်တယ်လို့ ကျနော်အပါအဝင် အများတကာက မှတ်ယူကြပါတယ်။

ကျနော် သူ့ကို ပထမဆုံးအကြိမ်တွေ့ဖူးတာက ၈၈ သြဂုတ်လ ၂၇ ရက်နေ့၊ တကသဝန်းထဲမှာ တကသ ဗကသ ဖွဲ့တဲ့နေ့ကပါ။ သူ စကားပြောစင်ကနေ စကားပြောဆဲတန်းလန်းကစပြီး သူ့ကို အထင်မကြီးမိတော့တာပါ။ ဘာမှပြင်ဆင်မှုမလုပ်ပဲ တက်ပြောပြီး တနင်္သာရီဖက်က ချောင်းကလေးတစ်ချောင်းမှာ လောင်းလှေကလေးနဲ့ သက်စွန့်ဆံဖျား အဆက်အသွယ်သွားရှာပုံကို ဖွဲ့နွဲ့ပြီး ငါအရေးပါ မိန့်ခွန်းပေါ့။

နောက် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကျန်ရစ်သူဇနီးလဲဖြစ်၊ ကျနော်တို့ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိခင်လဲဖြစ်တဲ့ ဒေါ်ခင်ကြည်ရဲ့ဈာပနမှာ၊ ဆုံးတဲ့နေ့ကနေပြီး အုတ်ကူသွင်း၊ ဆွမ်းကြွေးတဲ့နေ့၊ ပတ်စာခွာ ဖျာလိပ်တဲ့နေ့ အထိ ရန်ကုန်တိုင်းဒီချုပ်ရဲ့ တာဝန်ပေးချက်အရ ဓာတ်ပုံမှတ်တမ်းတင် တာဝန်ထမ်းဆောင်စဉ်မှာ အသုဘရှုလာတဲ့ ခေါင်းဆောင်တွေ သံတမန်တွေနဲ့ လူကြီးလူငယ်တွေ အဖွဲ့အစည်းအသီးသီးကို ကျနော် ဓာတ်ပုံရိုက်ပါတယ်။ မိုးသီးတို့က အဖွဲ့လိုက်လာတယ်၊ ကချင်လုံချည်၊ ပင်နီတိုက်ပုံ၊ ဝါးဖတ်ဦးထုပ်ကိုယ်စီနဲ့ပါ။  ကျနော် သူ့ကိုဓာတ်ပုံရိုက်ဖို့ ကင်မရာသူ့ဖက်ကို လှည့်တိုင်း ခမျာမှာ ဦးထုပ်ကို ချွတ်ကာရတာ အမောပါပဲ။ ကျနော်လဲ ကြီးကျယ်ရန်ကောဆိုပြီး အမြင်ကပ်တာနဲ့ မရိုက်ပဲနေလိုက်ပါတယ်။ ကျယ်ပုံများပြောတာပါ။

ဒိနောက် သူတို့လူ့ဘောင်သစ်ရုံးကို ကျနော်ရယ်၊ ကိုအောင်ကြည်ညွန့်ရယ်၊ အိန္ဒိယစခန်းအတွက် ခေါင်းဆောင်လာတောင်းတဲ့ ကိုယ်စားလှယ်ရယ် သူ့ကို သွားတွေ့ကြပါတယ်။ သူက သူမအားလို့ သူ့လက်ထောက်နဲ့တွေ့ပါဆိုလို့ ကိုသက်ထွန်းနဲ့ စကားပြောရပါတယ်။ နာရီဝက်လောက်တော့ ရှိမှာပါ။ အဲဒီအချိန်အတွင်း မိုးသီးဘာလုပ်သလဲဆိုတော့ ပထမ ရေချိုးတယ်၊ ဒုတိယ ရေချိုးခန်းကနေ ဗန်းမော်တစ်ဘက်အဖြူကြီးခြုံ ထွက်လာပြီး စားပွဲမှာထိုင်ခါ ကဗျာစပ်သတဲ့။ ကျနော်တို့ ပြန်တော့ နှုတ်ဆက်ဖို့မပြောနဲ့ မော့တောင် မကြည့်ပါဘူး။ အလုပ်ရှုပ်နေပုံ ပြောပါတယ်။ ကျနော်တို့ကလဲ ကိုသက်ထွန်းကိုပဲ နှုတ်ဆက်ပြီး ပြန်ခဲ့ပါတယ်။

ကျနော် တနေ့လေးက ဖတ်ရတဲ့ ဆရာလူထုစိန်ဝင်းရဲ့ ဆောင်းပါးကို ဖတ်ရင်းတောင် အဲဒီ ခရုမိုးသီးကို ပြန်မြင်သေးတယ်။ ဆရာ့ဆောင်းပါးထဲမှာ တော်လှန်ရေးခေါင်းဆောင်ကြီးတွေဟာ ကဗျာတွေ စာတွေရေးပြီး စိတ်အပန်းဖြေလေ့ရှိကြောင်း မော်စီတုန်းတို့ အန်ကယ်ဟိုတို့ စသဖြင့် ကိုးကားပြီး ရေးသွားတယ်။ ဒါကို နားစွန်နားဖျား ကြားဖူးတဲ့ ခရုမိုးသီးက ကိုယ့်ကိုယ်ကို ဖားထင်ပြီး ခုန်ကြည့်တာလေ။ အများသိတဲ့အတိုင်း အိုင်ပျက်တာပဲ အဖတ်တင်ရှာပါတယ်။

ဒါပေမဲ့ မိုးသီးကတော့ ဘယ်တော့မဆို ဥက္ကဋ္ဌပါပဲ။ တင်မဲ့အဖွဲ့မရှိရင် ကိုယ့်လူနဲ့ကိုယ် စင်သေးသေးပဲဖြစ်ဖြစ် ထောင်ပြီး ဥက္ကဋ္ဌတက်လုပ်နေတာပဲ မဟုတ်လား။ သူတာဝန်မကြေလို့ သူ့အမေ အတော်ဆင်းရဲရကြောင်း တိုကျိုမှာ ပြောတာ အမေးအဖြေခန်း အသံဖိုင်တွေက တဆင့်ကြားလိုက်ရတယ်။ သူ ဘဝနဲ့ရင်းပြီး အနစ်နာခံနေတဲ့ပုံမျိုးပေါ့။ ခက်တာက အိုအက်စ်အိုင် ထင်ပါရဲ့၊ အဲဒီကနေ အရေးတော်ပုံစာအုပ်ရေးပေးမယ်ဆိုပြီး ဒေါ်လာငါးသောင်းယူပြီး ဘာမှ ဖြစ်မလာတာတို့ ဘာတို့ နက်ပေါ်မှာ ဖတ်လိုက်ရတာလဲ ရှိတယ်။ အမေရိကားမှာက တချိန်ကပုံရိပ်ကိုပြပြီး လုပ်စားတတ်ရင် တတ်သလို လည်ရင် လည်သလို ဒေါ်လာချောင်းစီးဝင်လာအောင် လုပ်လို့ရတယ်လေ။ ဒီလိုနဲ့ လူတွင်ကျယ်လဲဖြစ်၊ ကြီးလဲကြီးပွားနေသူတွေ နည်းတာမှတ်လို့။

ကျနော်သာ မိုးသီးဆိုရင်တော့ ငြိမ်ငြိမ်နေပြီး အရည်အသွေးတိုးတက်အောင်လုပ်၊ ကိုယ် လုပ်ခဲ့သမျှကို ခေါင်းအေးအေးနဲ့ ပြန်ပြီးဆင်ခြင်သုံးသပ်၊ အဲဒါတွေကို မှတ်တမ်းတွေရေး၊ ဘာကြောင့် ဘယ်လိုမှားခဲ့ပါတယ်လို့ မှန်မှန်ကန်ကန် သုံးသပ်ပြီး ရှိတဲ့အပြစ်လဲ ခံပါ့မယ်၊ ပြုလဲပြုပြင်ပါ့မယ်လို့ ဝန်ချတောင်းပန်ပြီး၊ ကိုယ်ယုံကြည်လေးစားတဲ့ အဖွဲ့တစ်ဖွဲ့ဖွဲ့မှာ နောက်လိုက်တစ်ယောက်သာ လုပ်ပြီး ပေးဆပ်သင့်တယ်။ အဲဒီကမှ အရည်အချင်းရှိတယ်၊ ရိုးသားတယ်ဆိုရင် ဘယ်သူပဲ တားတား ထိပ်ပြန်ရောက်နိုင်တာပဲလို့ ယူဆပါတယ်။ ခုတိုင်းသွားနေလို့ကတော့ မိုးသီး အကျနာလိမ့်မယ်၊ ဘဝဇာတ်သိမ်းကောင်းမှာ မဟုတ်ဘူးလို့ပဲ ကရုဏားတရားရှေ့ထားပြီး ဆုံးမစကားဆိုလိုက်ပါတယ်။ ကျနော့်မှတ်ချက်ကို မိုးသီးဆီပို့နိုင်သူများက ပို့ကြပါ။ ကျေးဇူးပါပဲ။

About nyuntshwe

A Myanmar, Buddhist, pacifist, and pragmatic person who believe that we are what we think. That leads him positive thinking and he sees the world a beautiful place, but he still likes to keep trying for a better and more beautiful world.
This entry was posted in General. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s