ခေါင်းဆောင်ဆိုတာ

မောင်ညွန့် (မင်းကျောင်းတိုက်)

မနေ့က ၁၆ ဇန်နဝါရီမှာ နားထောင်လိုက်ရတဲ့ ဦးဝင်းတင်နဲ့ အကျဉ်းထောင်ကနေ လွတ်လာတဲ့ ကိုဂျင်မီတို့ စကားပွဲကို အတော့်ကို နှစ်ခြိုက်တဲ့အတွက် ဒီနေ့ ၁၇ ရက်နေ့မှာ တစ်ခါ ထပ်ပြီး နားထောင်ပါတယ်။ ကိုဂျင်မီက အခုအပြောင်းအလဲတွေအပေါ်မှာ အပေါင်းလက္ခဏာအမြင်နဲ့ ဆွေးနွေးတာတွေ လူငယ်တွေကြားမှာ ပျံ့နှံ့ပူးဝင်ပါစေလို့ ကျနော် ဆတောင်းပါတယ်။ ဦးဝင်းတင် ဒီတစ်ခါ ပြန်ပြောတဲ့စကားတွေဟာလဲ အလွန်ပဲ ပျော့ပြောင်းပြီးတော့ ဆွဲဆောင်မှုအပြည့်ပါတယ်လို့ ခံစားရပါတယ်။

ဒီစကားဝိုင်းလေးထဲမှာပါတဲ့ အကြောင်းအရာနဲ့ပတ်သက်လို့ သိပ်မကြာခင်လေးအထိ ရဲရဲတောက် နိုင်ငံခြားနေ မြန်မာသူရဲကောင်းထဲက တချို့က ဒေါ်အောင်ဆန်းစုကြည် သမတကြီးဦးသိန်းစိန် ဝန်ကြီး ဦးအောင်ကြည်တို့နဲ့တွေ့တာတွေကို ပွင့်လင်းမြင်သာမရှိဘူးဆိုပြီး ဝေဖန်သူတွေ ရှိသလို ရေဒီယိုမှာ ဒေါ်စုကို တက်မေးတာလဲ ကြားရပါတယ်။ အဲဒီတုန်းက ဒေါ်စုက ခုတော့ ဒီလောက်ပဲ ပြောနိုင်ပါသေးတယ် ဆိုတဲ့သဘောမျိုးနဲ့ ဖြေခဲ့တာလဲ ကြားဖူးပါတယ်။

ကျနော်ကတော့ ဒီလို ကြိတ်ပုန်း ဆွေးနွေးအဖြေရှာတာကို ကြိုက်လဲကြိုက်တယ်၊ တိုက်လဲ တိုက်တွန်းဖူးသူလဲ ဖြစ်တယ်။ နေရာတကာ အကုန်သိစရာမလိုတဲ့နေရာတွေ ရှိတယ်ဆိုတာ အာသမားတွေ သိဖို့လိုတယ်။ ကျနော် အားမရတာ စိတ်မကောင်းတာ တစ်ခုပဲ၊ ဒီလျှို့ဝှက်သဘောတူညီချက်ထဲက အသိပေးနိုင်တာတစ်ခုလောက်ကို ရှမ်းအဲန်အယ်လ်ဒီကို တိတ်တိတ်ပုန်း ပြောပြခဲ့မယ်ဆိုရင် အခုလာမဲ့ရွေးကောက်ပွဲကို ရှမ်း ဒီ/ချုပ်လဲ ဝင်မှာပဲလို့ ထင်မိတဲ့အတွက်ပါပဲ။ သူတို့ခေါင်းဆောင်ကို မလွှတ်ပေးတဲ့အတွက် မဝင်ဖို့ ဆုံးဖြတ်ခဲ့တာ မဟုတ်ပါလား။

ဟော၊ အခုတော့ ဒေါ်စုနဲ့ အစိုးရခေါင်းဆောင်ပိုင်းတို့ စကားပြောမှုရဲ့ အသီးအပွင့်တွေ ခံစားကုန်ကြရပါပြီ။ ဒေါ်စုလဲ ပိုပိုပြီး ပြည်သူလူထုရဲ့ ယုံကြည်မှုနဲ့ အားကိုးမှုကို ပိုရပါပြီ။ ဦးဝင်းတင် ပြောတဲ့ “တကယ်လုပ်တဲ့အခါ လက်တွေ့မှာတော့ အခြေအနေပေးတဲ့အပေါ်မှာ တည်ပြီးတော့” ဆိုတာမျိုး “သိမ်သိမ်မွေ့မွေ့ လုပ်ရတဲ့အခါကျတော့” ဆိုတာမျိုး၊ “အဲလို ဖုံးဖုံးဖိဖိနဲ့ လုပ်ရတဲ့ အခြေအနေရဲ့” ဆိုတာမျိုးတွေကို မောင်အာကျယ်တွေ နားလည်သဘောပေါက်လောက်ပြီ။ ခေါင်းဆောင်ဆိုတာ အင်မတန်မှလဲ တာဝန်ကြီးသလို အင်မတန်မှလဲ သတိထားရတယ်၊ နှစ်ဦးနှစ်ဖက် အကန့်အသတ်နဲ့ စောင့်ထိန်းဖို့သဘောတူထားတာတွေရှိရင်လဲ အသေအချာ စောင့်ထိန်းကြရတယ်ဆိုတာ ခုလောက်ဆို အားလုံးနားလည်သင့်ပြီလို့ ထင်ပါတယ်။ ကိုဂျင်မီ ပြောတာတွေလဲ အင်မတန်ကောင်းပါတယ်။ အခုတော့ အချိန်အကန့်အသတ်ကြောင့် ဦးဝင်းတင်ပြောတဲ့အထဲက ကျွန်တော်အကြိုက်ဆုံးနေရာလေးတစ်ခုကိုပဲ အသံကနေ စာလုံးအဖြစ် စိတ်ရှည်လက်ရှည်ပြောင်းပြီး တင်ပေးလိုက်ကြောင်းပါခင်ဗျား။

ကိုဂျင်မီနဲ့ ဦးဝင်းတင် စကားပွဲ ၁၆ ဇန္နဝါရီ ၂၀၁၂ အာရ်အက်ဖ်အေ

ဦးဝင်းတင်။ ။ အဲ ဟုတ်တယ်ဗျာ၊ ဒါပဲပေါ့ အခု ကျွန်တော်တို့လဲ ဘာပဲပြောပြောပေါ့လေ၊

ဒီဟာလုပ်တဲ့ဟာနဲ့ ပတ်သက်လို့လဲ အတော်ကို နူးညံ့သိမ်မွေ့တဲ့ကိစ္စပေါ့၊ တွေ့ဆုံဆွေးနွေးရေဆိုတာ ကျွန်တော်တို့ သာမာန်အားဖြင့် ကျွန်တော်တို့ အကြမ်းသဘောပေါက်တဲ့ အနေအထားမျိုးဆိုတာကတော့ နိုင်ငံရေးအဖွဲ့အစည်းလိုက်ပေါ့ဗျာ၊ နော်၊ ဆွေးနွေးမယ်။ နောက်တစ်ခါ အဲဒီကနေတဆင့် သုံးပွင့်ဆိုင်ပေါ့၊ နော်၊ တိုင်းရင်းသားတွေနဲ့ပါဝင်ဆွေးနွေးမယ်ဆိုတဲ့ သဘောတွေရှိပါတယ်။ အဲ၊ သို့သော် တကယ်လုပ်တဲ့အခါ လက်တွေ့မှာတော့ အခြေအနေပေးတဲ့အပေါ်မှာ တည်ပြီးတော့ သိမ်သိမ်မွေ့မွေ့ လုပ်ရတဲ့အခါကျတော့ ဥပမာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်တွေ့တာတို့၊  ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တို့ တွေ့ဆုံဆွေးနွေးတာတို့ ဆိုတဲ့ဟာတွေကနေ စတင်ရတယ်ပေါ့။ အဲလို ဖုံးဖုံးဖိဖိနဲ့ လုပ်ရတဲ့အခြေအနေရဲ့ အကျိုးဆက်တွေက ဒီနေ့ ဘာပဲပြောပြော အဲန်အယ်လ်ဒီပါတီတို့ တရားဝင်ပါတီ ဖြစ်လာတာတို့၊ အဲဒါ ရွေးကောက်ပွဲဝင်ဖြစ်သွားတာတို့၊ နောက်တစ်ခါ အခု နိုင်ငံရေးအကျဉ်းသားတွေ လွတ်လာတဲ့ကိစ္စတို့၊  နောက်တစ်ခါ တိုင်းရင်းသားတွေနဲ့ တွေ့ဆုံ ညှိနှိုင်းတာတွေရှိနေတယ်။ သို့သော် ဒါတွေအားလုံးဟာ  ကျေနပ်ဖွယ်ကောင်းတဲ့အနေအထား ရှိသလားဆိုတော့လဲ အားလုံးမရှိဘူး။  သူ့ဟာနဲ့သူ အထစ်အငေါ့ပေါ့၊ ဒါတွေအားလုံး အထစ်အငေါ့တွေ အားလုံးရှိနေတဲ့ဟာတွေရဲ့ အဆုံးဖြစ်တဲ့၊ သော့ချက်ဖြစ်တဲ့ ကိစ္စကတော့ ၂၀၀၈ အခြေခံဥပဒေပေါ့ဗျာ၊ ဒီအထိ ကျွန်တော်တို့ ဆက်လာသွားကြရဦးမှာ။ အဲဒီတော့ ကျွန်တော်တို့ပြောချင်တာကတော့ အားလုံး ဒီလုပ်တဲ့နေရာမှာ စိတ်ရှည်လက်ရှည် အမျှော်အမြင်ရှိရှိ အရှည်ကြည့်ပြီးတော့ လုပ်ကြရမယ်။ ဒေါ်အောင်ဆန်းစုကြည်လုပ်နေတဲ့ကိစ္စတွေဟာ ကောင်းတယ်လို့ထင်ချင်မှ ထင်မယ်ပေါ့။ ဒါထက် အရေးကြီးတာကတော့ ဒေါ်အောင်ဆန်းစုကြည်လုပ်နေတဲ့ နည်းစနစ် နည်းနာ ချဉ်းကပ်ပုံ ချဉ်းကပ်နည်းကိုတော့ ကျွန်တော်တို့ အသိအမှတ်ပြုရလိမ့်မယ်။ အခု ခင်ဗျားတို့ပြောတဲ့အတိုင်းပေါ့၊ ဒီတွေ့ဆုံဆွေးနွေးပွဲက စရတာကို အားလုံးက။ အဲဒီ တွေ့ဆုံဆွေးနွေးမှုကို ဒေါ်အောင်ဆန်းစုကြည် ချဉ်းကပ်ပုံ ကိုင်တွယ်ပုံဟာ အလွန်ကိုအမျှော်အမြင်ကြီးတယ်။ အလွန်ကို သိမ်မွေ့တယ်၊ အလွန်ကို အသိတရားနဲ့ယှဉ်တယ်၊ အဲ သို့မဟုတ်လဲ စေတနာနဲ့ ယှဉ်တယ်၊ ဆိုတာမျိုးတွေလဲ ပြောရမဲ့အနေအထားမျိုး ဖြစ်တဲ့အခါကြတော့ ကျွန်တော်တို့ ရှေ့ဆက်ပြီးလုပ်သွားရမဲ့ ကိစ္စတွေအားလုံးမှာလဲ ဒီလိုပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နည်းနာမျိုးနဲ့၊ နော်၊ ဒီပေးဆပ်ရမှာပဲလို့ ကျွန်တော်တို့ထင်ပါတယ်။

အားလုံး ကျန်းမာရွှင်လန်းကြပါစေ။

About nyuntshwe

A Myanmar, Buddhist, pacifist, and pragmatic person who believe that we are what we think. That leads him positive thinking and he sees the world a beautiful place, but he still likes to keep trying for a better and more beautiful world.
This entry was posted in Critiques. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s