ကိုနေဝင်းမောင်ရဲ့ ကျေးဇူး

ဒီနေ့မနက်က မြန်မာပိုင်းရေဒီယိုတွေကနေတဆင့် ရန်ကုန်မှာ ည (ဒီနေ့မနက်) ၁ နာရီမှာ အီးဂရက်တည် ထောင်သူတစ်ဦးလဲဖြစ် အလဲဗင်းမီဒီယာအုပ်စုရဲ့ အမှုဆောင် အ ရာရှိချုပ် ကိုနေဝင်းမောင် ရန်ကုန်ဆေး ရုံကြီးမှာ နှလုံးရောဂါနဲ့ ရုတ်တရက် ကွယ်လွန် သွားတယ်လို့ သိလိုက်ရတော့ နည်းနည်းတော့ တုန်လှုပ်မိ ပါတယ်။ ခမြာ အသက် ၅ဝ ပဲ ရှိသေးတယ်ဆိုတော့ ကျနော်တို့ လူပျိုပေါက်စကမှ လူ့လောကရောက်လာ သူ၊ အခုတော့ စောပြီးထွက်သွားရှာပေါ့။ ဗွီအိုအေက ဗဟုအဖွဲ့ဝင် ဦးတင်မောင်သန်းပြောသလို ကျနော် တို့အားလုံးအတွက် ဆုံးရှုံးမှုဖြစ်ပါတယ်။ ဝမ်းနည်းစရာပါ။

ကျနော် သူ့စာများကို မှတ်မှတ်သားသား မဖတ်ဘူးပါ၊ ဖတ်သင့်သော်လည်း မ ဖတ်ဖြစ်ခဲ့ပါ။ ကျနော့် လိုအပ်ချက်၊ အားနည်းချက် ဖြစ်ပါတယ်။ ဒါပေမဲ့ ဟိုက ဒီကနေ သူ့ အကြောင်းကို တစွန်းတစ ကြားမိ တာတွေတော့ ရှိပါတယ်။ သူ့မှာ အများသူငါလိုပါပဲ၊ လို သူတွေ ရှိသလို၊ မလိုသူတွေလဲ ရှိပါတယ်။ ကျနော်ကတော့ မလိုသူတွေထဲ မပါတာ သေ ချာပါတယ်၊ ဘာလို့လဲဆိုတော့ သူလဲ သူနိုင်တဲ့ထောင့် ကနေပြီး သူယုံကြည်တဲ့အတိုင်း နိုင် ငံအတွက် လုပ်နေတာလို့ ခံစားမိလို့ပါ။ လူ့အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်မှု ပျိုးထောင်ရေး သင်တန်းကိုလာတက်တဲ့ သူ့တပည့်လေးတွေနဲ့ ကျနော် ထိုင်းမှာ လွန်ခဲ့တဲ့ ၂ နှစ်ကျော်ကျော်က တွေ့ဖူးပါတယ်။ အားလုံးရည်မွန်ကြတယ်၊ ငါ့စကား နွားရ မပြောကြဘူး။ အမြင် ကျယ်တယ်၊ တဖက်ပြောစကားကိုလဲ လေးလေးစားစားနားထောင်တတ်တယ်။ ဒီလူငယ် လေးတွေနဲ့ တွေ့ပြီး ကျနော့်မဟာဝိဇ္ဇာကျမ်းအတွက် မေးမြန်းမှုတွေလုပ်ရတာ ကျနော် အင်မတန် ကျေနပ်မိခဲ့တယ်။

သူတို့အပြောအဆိုကနေတဆင့် သူတို့ဆရာ ဘယ်လိုလူဆိုတာ ကျနော် ခန့်မှန်းလို့ ရခဲ့တယ်။ မကြိုက် တဲ့သူတွေဖက်ကနေ ပြောမယ်ဆိုရင် ဒီလူငယ်တွေဟာ ဘဝင်မြင့်နေတယ်၊ စကားပြောရင် အင်္ဂလိပ်လို တရွှတ်ရွှတ်ညှပ်ပြောတယ်၊ လူတတ်လုပ်ချင်ကြတယ်  ဘာညာစသဖြင့်ပေါ့။ သူတို့ ဘိုလိုညှပ်ညှပ်ပြော တယ်ဆိုတာ မှန်ပါတယ်။ သူတို့တင်မဟုတ် ဘူးလေ၊ ခုခေတ်မှာ သီတဂူဆရာတော်လို ဘုန်းကြီးကအစ နိုင်ငံရေး/လူမှုရေးဘုန်းကြီး တွေအဆုံး တဒွတ်ဒွတ် တရွှတ်ရွှတ်ပါပဲ။ ကျနော်လဲ နားကြားပြင်း ကပ်ပါ တယ်။

ဒါပေမဲ့ သူတို့လေးတွေကို အမိမြန်မာစကားကို ပိုပြီး တန်ဖိုး ထားတတ်အောင် ဘယ်စံပြပုဂ္ဂိုလ်က မှ ဆွဲ ခေါ်တာမရှိဘူး။ လူကြီးထဲကဆိုရင် ဘိုလို မညှပ်တာဆိုလို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လူထုစိန်ဝင်းတို့ ပြည်ပရောက်နေတဲ့ စွယ်စုံအနုပညာရှင် ဦးဝင်းဖေတို့ ကဗျာဆရာမောင် စွမ်းရည်တို့လောက်ပဲ ရှိတယ်။ သူတို့ကလဲ ဒီတဒွတ်ဒွတ် တရွှတ်ရွှတ်ကိစ္စကို မကြည့်ဖြစ် ကြဘူး၊ မြန်မာသံမပီတာ သတ်ပုံမှားသုံးနေတာ စသဖြင့် ရင်လေးစရာတွေ အများကြီးပဲ။ ထားတော့။

လူတတ်လုပ်တယ်ဆိုတာကတော့ အနည်းအကျဉ်း ရှိကောင်းလဲ ရှိပါလိမ့်မယ်။ ဒါဟာ သူတို့အနေနဲ့ ကိုယ့်တိုင်းပြည်ရဲ့ပဋိပက္ခ ဖြေရှင်းနည်းကို အများတကာထက် ကမ္ဘာ့နိုင်ငံရေးအဆင့် ပျော့ပျော့ပြောင်း ပြောင်း ကိုင်တွယ်ဖြေ ရှင်းနည်း တစွန်းတစကို သူတို့ဆရာကတဆင့် သိထားကြတာကတကြောင်း၊ ပြီး တော့ ဒါ ဟာ လူငယ်တွေရဲ့ သဘာဝဖြစ်တာကြောင့်တကြောင်း ဖြစ်နိုင်ပါတယ်။ သူတို့လူငယ်ခြင်း ဒီလို မြင်မယ်ဆိုရင် ထူးပြီး အပြစ်မပြောချင်ပေမဲ့ ကျနော်တို့လို လူကြီးတွေကတော့ ကိုယ်လဲ ငယ်ရာကကြီးလာ တာဖြစ်တဲ့အတွက် မဖြစ်သင့်ဘူး၊ နားလည်ပေးသင့်၊ ထိန်းပေးသင့်တယ်လို့ မြင်ပါတယ်။

ကျနော် ပြောချင်တာက ကိုနေဝင်းမောင် တစ်ယောက် သူလုပ်နိုင်သမျှလုပ်နေ ရင်း မျှော့်လင့်မထား ပဲ လက်စလက်နတွေကို ပစ်ပြီး အချိန်းအချက်မရှိပါပဲ သေမင်း ခေါ် ရာ ပါသွားခဲ့ပြီ။ ကျနော်ထင်ပါတယ်၊ သူ သေဖို့ မပြင်ဆင်လိုက်ရပဲ သေသွားတာဖြစ်မှာပါ။

ဒါနဲ့ ကိုယ့်ကိုယ်ကိုလဲ ပြန်မေးမိတယ်၊ သေဖို့ ဘာပြင်ဆင်ပြီးပြီလဲလို့။ အလား လား။ ဘာမှ မပြင်ဆင်ရသေး ဘူး။ ပြင်ဆင်ချိန်မရပဲ ရုတ်တရက် သေသွားတာဆိုရင်တော့ အပန်းမကြီးဘူး၊ အဲ လဲပြီး သေမယ်သိလိုက်ရ လို့ကတော့ ခြေမကိုင်မိ လက်မကိုင်မိဖြစ်ဖို့ များတယ်။ သေမှာတုန်လှုပ်တာထက် ရင်သွေးတွေကို မှာချင် တာတွေ သေသေချာချာ မမှာထားရသေးဘူး။ ကျနော့်မှာ ကိုယ်တိုင်မဖော်နိုင်တဲ့ ရည်ရွယ်ချက်တွေရှိ တယ်၊ လောကီလူသားပီပီ ကျနော် မွန်မြတ်တယ်လို့ထင်တဲ့ လုပ်ငန်းလေးတွေကို သူတို့တတ်နိုင်သ လောက် အကောင်အထည်ဖော်ပေးဖို့လဲ မှာခဲ့ချင်တယ်။ လောကရဲ့ နေနည်းထိုင်နည်း အတွက် တောက် ဝါဒအကြောင်းလဲ ပြောပြချင်တယ်။ ဓမ္မပဒထဲက လောကီဘုံသားတွေ အတွက် အကျိုးများတဲ့ သင်ကြား ချက်တွေကိုလဲ အေးအေးဆေးဆေး ပြောပြချင်တယ်။

သာသနာရဲ့အဆုံးအမထဲမှာ အရေးလဲကြီးပြီး ကိုယ်က ရဟန်းတွေကို ဖျက်ဆီးရာ ရောက်မဲ့ အမှုကိစ္စတွေ မှာ မလုပ်မိအောင်၊ အားပေးအားမြှောက်မဖြစ်အောင် သိထားသင့်တဲ့ ရဟန်းတွေရဲ့ ဝိနည်းအကျဉ်းကိုလဲ ပြောပြချင်တယ်။ ပြီးတော့ ဗုဒ္ဓအဆုံးအမထဲက ကာလမသုတ်ကိုလဲ လက်တွေ့ကျင့်တတ်ဖို့လိုသလို သင်္ဂါ လကသုတ္တာန်က သင်ကြားတဲ့ လူမှုကျင့်ဝတ်တွေကိုလဲ သိဖို့နဲ့ သိတဲ့အတိုင်းကျင့် ကြံတတ်ဖို့ မှာရဦးမယ်။

ဒါပေမဲ့ အဲဒါတွေက ဗဟုသုတတွေ၊ ကိုယ်တိုင်သိဖြစ်အောင်က ကျင့်ပါမှ ရတယ်ဆို တာလဲ မှာရဦးမယ်။ အဓိက အကျဆုံးကတော့ တနေ့တနေ့ မိနစ်အနည်းငယ်မျှပင်ဖြစ်စေ တရားထိုင်ဖို့လဲ မှာရဦးမယ်။

ဒီလို ဒီလို သံယောဇဉ်တွေ၊ လောဘတွေနဲ့ သေရင်လဲ ဘယ်မှာအသေဖြောင့်မှာလဲ။ ကိုယ်တိုင်တရားထူး မရရင် တရားမဟောရ၊ ကိုယ့်ကိုယ်ကို အဖန်ဖန် ဆုံးမပြီး ကိုယ်တိုင် ယဉ်ကျေးသူဖြစ်မှ သူများကို တရားပြ ဆိုတဲ့ ဗုဒ္ဒအဆုံးအမကို ကိုယ်တိုင်က မေ့လျော့နေတဲ့ အပြင် ကိုယ်သင်ကြားဟောပြောသလို ပြည့်ပြည့်ဝဝ ကိုယ်တိုင် မကျင့်နိုင်သေးတာကိုလဲ ရှက်မိပါတယ်။ “ဒါပေမဲ့”ဆိုတဲ့ ဆင်ခြေအတိုင်း ငါက ရဟန်းမှမဟုတ် တာ၊ ဘုန်းကြီးမှမဟုတ်တာ၊ ငါသိ တဲ့ ဗဟုသုတကို ဖြန့်တာပဲဆိုတာနဲ့ မလုံမလဲ ဖြေသိမ့်လိုက်ပါတယ်။

ဒါ့ကြောင့်၊ ခလေးတွေကို မှာချင်တဲ့ နေ့စဉ် တတ်နိုင်သလောက် တရားထိုင်ဆိုတာ ကို ဒီနေ့ ကိုယ်တိုင်ထိုင် တာကနေ စလိုက်တယ်။ ဒါ သေခြင်းတရားအတွက် ကျနော်ပြင် ဆင်တဲ့ မထမဆုံး ခြေတစ်လှမ်းပါပဲ။ ချက် ခြင်း သမာဓိ မထူထောင်နိုင်ပါဘူး။ ၁၅ မိနစ်ကြာ ထိုင်စဉ်အတွင်းမှာ လစ်ရင်လစ်သလို လှစ်ကနဲ လှစ်ကနဲ ထွက်ထွက်ပြေးသွားတဲ့ စိတ်ကလေးကို ကျနော် ခနခန လိုက်ဖမ်းနေခဲ့ရပါတယ်။ ဒီလိုနဲ့ ၁၅မိနစ်အကြာမှာ နာရီနှိုးစက်က ကျနော်ကို အချိန်ပြည့်ပြီလို့ အချက်ပေးတော့ ရပ်လိုက်ပါတယ်။

ကျနော့်စိတ်ကလေး ဘယ်တွေကို ပြေးနေခဲ့သလဲဆိုတာ အကြမ်းဖျင်းပြောပါရစေ။ ကျနော် အခုနှစ်ကုန် ပိုင်း လှုပ်ရှားမှုနည်းလို့ ဗိုက်နည်းနည်းပူလာပါတယ်။ ဒီတော့ ကြာပ ဒုမ္မာမုဒြာ (ဗုဒ္ဓဆင်းတုတော်များလို) အပြည့် တင်ပလ္လင်ခွေထိုင်တဲ့အခါ ဗိုက်က နည်းနည်း အစ်ပါတယ်။ အဲဒီကို စိတ်က ရောက်သွားပြီး မဆီ မဆိုင် သီတဂူဆရာတော်လို ရွှေညဝါ ဆရာတော်လို ဘုန်းကြီးတွေဆိုရင် အပြည့် မပြောနဲ့ တဝက် တင် ပလ္လင်ခွေတောင် ထိုင်နိုင် ပါ့မလားလို့ စိတ်ကရောက်သွားပါတယ်။ ဒီမှာတင် သတိပြန်ဝင်ပြီး ဝင်သက် ထွက်သက်နဲ့ အပူအအေး အထိအတွေ့ဆီ ပြန်ဆွဲခေါ်ရပါတယ်။

မကြာပါဘူး၊ တခါ အခုမြန်မာပြည်မှာ ဟိုးလေးကျော်နေတဲ့ ဘုန်းကြီးတစ်ပါး ရွယ်စဉ်က မယ်သီလတစ်ပါးနဲ့ မှားလို့ ကျောင်းကနှင်ထုတ်ခံရတယ်လို့ အများလေးစားတဲ့ စာပေနယ်ကဆရာကြီး တစ်ယောက်က အပ်ချ မတ်ချ ခုနှစ်နဲ့ကျောင်းတိုက်အမည်နဲ့ ပြောဖူး တာ စိတ်ထဲပြန်ဝင်လာပြီး အဲဒီဘုန်းကြီးကို သတင်းထောက် တစ်ယောက်ယောက်က ပြောင်မေးရင် ကောင်းလေမလား စိတ်ကူးပေါက်လာတယ်။ တကယ်ဆို ဒါ ပါရာ ဇိက ပထ မ ဥပဒေသလေ။ ရဟန်းဘဝ မစွန့်လို့မဖြစ်ဘူး။ ဒီမှာတင် စိတ်တွေပြေးနေတာ ဖျပ်ဆိုသတိထား မိလိုက်တဲ့အတွက် စိတ်ကို အာနပါနဖက် ဆွဲခေါ်ရပြန်တယ်။

ဟော နောက် တအောင့်လောက်ကြာတော့ မေရီလင်းက စွယ်စုံအနုပညာရှင်ကြီး ဦးဝင်းဖေအိမ်ကို ရောက်သွားပြန်တယ်။ အဲဒီမှာ ဆရာက ညစာစားသွားဖို့ပြောတာ အားနာ သလိုလိုနဲ့ ငြင်းနေရာကနေ စားဖြစ်သွားတယ်။ အမှန်က စားချင်ပါလျက်နဲ့ ဘာဖြစ်လို့ မပွင့် လင်းရတာလဲလို့ ပြန်အပြစ်တင်မိတယ်။ ဒိနောက် ဆရာ့သမီး မီမီဝင်းဖေနဲ့ ခန စကားပြော ဖြစ်တယ်။ အဲဒါဗျာ မဆီမဆိုင် တစ်ခါမှ မတွေ့ဘူးတဲ့ ဟေမာနေဝင်းနဲ့ ပြောတာလို့ အစ ပိုင်းမှာ ထင်နေမိသေးတယ်။ စိတ်ဆိုတာများ ပြောပါတယ်။

အခု စာနဲ့ရေးပြတဲ့အခါ အဲဒီပြောင်းလဲမှုဖြစ်စဉ်တွေဟာ အချိန်အတော်ကြာတယ်လို့ ထင်ရတယ်။ ဒါပေမဲ့ ပြေးလွှားနေတဲ့စိတ်အစဉ်မှာ နောက်ကြောင်းပြန်တွေက ရိပ်ခနဲ ရိပ်ခနဲ မြန်မှမြန်ပါ။ တခါ သတိဝင်လာ တော့ ချက်ခြင်း အမှတ်ကို နှာသီးဖျားဆီ ပို့ရပြန် တယ်။ ဒီလိုနဲ့ ၁၅ မိနစ်ပြည့်သွားတာပါပဲ။

အတတ်မသိပေမဲ့ အဲဒီ၁၅ မိနစ်အတွင်းမှာ စိတ် ကို နှာသီးဖျားပေါ်မှာ တစ်ဝက်မက ပိုပြီးထားနိုင်ခဲ့တယ် လို့ ထင်ပါတယ်။ မနက်ဖြန်ဆိုရင် ပိုပြီးတည်ငြိမ်လာကောင်းရဲ့လို့ ကျနော် မရဲတရဲ အောက်မေ့မိပါတယ်။ ဘယ်သို့ပင်ဖြစ်စေ ကိုနေဝင်းမောင်ရဲ့ သေခြင်းက ကျနော့်ကို လှုပ်နှိုးပေးတဲ့အတွက် ပြတ်တောက်ပြတ် တောက် ရပ်ဆိုင်းနေတဲ့ တရားထိုင်ခြင်းကို ကျနော် ပြန်စနိုင်ခဲ့ပါတယ်။ ကျနော်ရတဲ့ကုသိုလ်နဲ့ ကျနော်ရမဲ့ ကုသိုလ်တွေရဲ့ အဖို့ ဘာဂကို ကိုနေဝင်းမောင်ကိုလဲ အမျှအတန်းဝေပါတယ်၊ ဝေနေပါဦးမယ်။

အားလုံး သေခြင်းတရားက ကိုယ့်တံခါးဝမှာ ခေါင်းပြူမလာခင် “လာချင်တဲ့အချိန် လာဟေ့၊ ကိုယ့်မှာ တုန် လှုပ်တဲ့စိတ် ငြိမ်းခဲ့ပြီ၊ မျက်မှောက်နဲ့နေနေပြီ။ အချိန်ကျရင် အားမနာနဲ့ လာသာခေါ်လှည့်” လို့ သေမင်းကို ရဲရဲပဲ စိန်ခေါ်နိုင်အောင် ကျင့်ကြံနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ကြောင်းပါခင်ဗျား။

မြသန်းညွန့်

ဇန္နဝါရီလ ၁ ရက် ၂၀၁၂ ခုနှစ်

About nyuntshwe

A Myanmar, Buddhist, pacifist, and pragmatic person who believe that we are what we think. That leads him positive thinking and he sees the world a beautiful place, but he still likes to keep trying for a better and more beautiful world.
This entry was posted in Articles. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s