Global Survey Says We’re Eating Better, But Our Diet Is Still Unsustainable

Global Survey Says We’re Eating Better, But Our Diet Is Still Unsustainable.

Posted in Uncategorized | Leave a comment

“အမှိုက်တွေ အရောအနှော များများလာတဲ့ တို့ဗုဒ္ဓသာသနာ”

“အမှိုက်တွေများလာနေတဲ့ တို့ဗုဒ္ဓသာသနာ”

သန့်စင်တဲ့ ဗုဒ္ဓသာသနာ (အဆုံးအမ) ကို ဖြန့်ချိတာဆိုရင်တော့ အတိုင်းအထက်အလွန် ကောင်းပါတယ်။ အဲလိုမဟုတ်ပဲ ခေတ်ရေစီးအတိုင်း အများကြိုက်တွေ လျှောက်ရေးနေရင်တော့ ဖတ်တဲ့သူအတော်များများကို အဆိပ်သင့်စေလိမ့်မယ်။ ဒါ့ကြောင့် ရေးသူတိုင်းမှာ တကယ့် အထောက်အထား ရှိစေချင်တယ်။

စရိယံသုံးပါးကိုလဲ နားလည်အောင်ကြိုးစားပါ၊ သိဒတ္ထမင်းသားဟာ စရိယံသုံးပါးထဲက ဗုဒ္ဓတ္ထစရိယံကို ဖြည့်ဆည်းစဉ် မအောင်မြင်မခြင်း အထွဋ်အထပ်မရောက်မခြင်း ဟိုနေရာဝင်ပါ ဒီနေရာဝင်ပါ တစ်ခါမှ မလုပ်ခဲ့ဘူး။ အဲဒါကို စွဲအောင်မှတ်ကြပါ။

ကာလာမသုတ်ကိုလဲ အဟုတ်သဘောပေါက်အောင် ဆင်ခြင်သုံးသပ်ပါ။ အများယောင်လို့ ယောင်နေသူများလွန်းလို့ပါ။ ပြီးရင် ဒီဃနိကာယထဲက လောဟိံစသုတ်ထဲက တရားဟောထိုက်သောပုဂ္ဂိုလ် (၃) ပါး၊ တရားမဟောထိုက်သော ပုဂ္ဂိုလ် (၃) ပါးကို နားလည်အောင် ဖတ်ပါ။

ခေတ်ဘုန်းကြီးတွေ နိုင်ငံရေး လူမှုရေးတွေမှာ အရောရောအထွေးထွေး ဖြစ်နေတာတွေဟာ တကယ်ပဲ ဗုဒ္ဓ̕အလိုကျ ဟုတ်သလား မဟုတ်သလား၊ ဝိနည်းနဲ့ညီမညီသိချင်ရင် ဝိနည်းမြန်မာပြန်တွေကို ကြိုကြားကြိုကြား ဖတ်ကြည့်ကြပါ။ အဲလို ဖတ်ချိန်မရှိသေးခင် အကြမ်းဖျင်း သိချင်ရင် ပျံလွန်တော်မူသွားပြီးဖြစ်တဲ့ မဟာဂန္ဓာရုံဆရာတော်ကြီး ရှင်ဇနကာဘိဝံသရဲ့ သာသနာပြုသြဝါဒတရားတော် စာအုပ်ကို ဖတ်ပါ။ တစ်အုပ်လုံး မဖတ်ချင်ရင် မဖတ်အားရင် စာမျက်နှာ ၃၀၅ တစ်မျက်နှာထဲ ဖတ်ကြည့်စမ်းပါ။

“လူတွေရဲ့ ဝေယျာဝစ္စတွေကို မကူညီကြပါနဲ့၊ လူဆိုတော့ လူနည်းနဲ့တော်ရဲ့၊ ရဟန်းဘဝဆိုတာ မကူညီကောင်းဘူး၊ . . . . . တသာသနာလုံး လူတွေရဲ့ အမူအရာတွေနဲ့ ဘာမှ မတူစေချင်ဘူး” တဲ့။

အခု ကျိကျိတက်ချမ်းသာနေတဲ့ ဘုန်းကြီးတွေနဲ့ ချိန်ထိုးကြည့်ဖို့ ထုတ်ပြချင်တယ်၊ “ငွေကို မအပ်(စပ်)ပါဘူး၊ မလှူကောင်းပါဘူး၊ ငွေကို မသုံးကောင်းပါဘူး” လို့ ပြောတဲ့ဥစ္စာကို အသင်ဒကာတို့ရဲ့ သဒ္ဓါတရားကို ဖျက်သတဲ့၊ ဘုန်းကြီးက ဘုန်းကြီးပြောပြမယ်ဆိုပြီးတော့ “ငွေဟာ ဝိနည်းနဲ့လဲပဲ အာပတ်သင့်တယ်၊ အလှူခံယင်ပဲ အလှူခံတုန်းက အာပတ်သင့်တယ်၊ အလှူခံပြီးတော့ လှူတာကို ခံယူပြီး ဝယ်ချမ်းစားယင် အဲဒီပစ္စည်းတွေလဲ စားတိုင်းစားတိုင်း အာပတ်သင့်တယ်၊ ကျောင်းဆောက်ယင်လဲ အဲဒီကျောင်းကြီးလဲ နေ့တိုင်းနေ့တိုင်း အာပတ်သင့်တယ်၊ အဲဒါကို ဝိနည်းနဲ့မအပ်လို့မို့ မအပ်ပါဘူး” လို့ ပြောတယ်။ (နှာ ၂၈၁)။ ကဲ၊ အဲဒီ မဟာဝိသုဒ္ဓရုံကျောင်းထွက် ရှင်ဆန္ဓာဓိကဆိုရင် ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ဗတ္တိကားရိုက်ဖို့ လှူနေတာ သိန်းတစ်ရာ့ သုံးဆယ် လား ဒိထက်ပိုသလား ရှိနေပြီ။ ဟင်းမွှေတဲ့ ယောက်မအဆင့်ပဲ။

ရှင်ဇနကာဘိဝံသဆရာတော်ဆိုတာ ခုခေတ်ဘုန်းကြီး ဘယ်ဘုန်းကြီးမှ ပုခုံးခြင်းယှဉ်ပြီး မရပ်ရဲတဲ့ ပရိယတ် ပဋိပတ်နဲ့ ပြည့်စုံတဲ့ ရဟန်းဆိုတာ ဗဟုသုတရှိသူတိုင်း သိတယ်ဆိုတာ စိတ်ထဲမှာ သိသိကြီးနဲ့ဖတ်ကြည့်ဖို့ တိုက်တွန်းလိုက်တယ်။

ဗိုလ်ချုပ်အောင်ဆန်းကော ဦးနုပါ ဗုဒ္ဓအဆုံးအမကို ခြေခြေမြစ်မြစ် သိကြတယ်၊ သိတဲ့အတိုင်းလဲ ဘယ်သူ့မျက်နှာမှ မထောက်ပဲ ပြောခဲ့ကြတယ်။ ၁၉၄၆ ခုနှစ် ဇန္နဝါရီလထဲမှာ ဖဆပလအဖွဲ့ကြီးတည်ထောင်တဲ့ ရွှေတိဂုံ အလယ်ပစ္စယံညီလာခံ မိန့်ခွန်းမှာ ဗိုလ်ချုပ်က ဘုန်းကြီးတွေကို နိုင်ငံရေးနဲ့ ဘာသာရေး မရောထွေးပဲ ကိုယ့်တရားကိုယ်ကျင့်ပြီး လူတွေကို ဗုဒ္ဓအလိုကျ တရားရေအေးတိုက်ကျွေးဖို့ မေတ္တာရပ်ခံခဲ့တယ်။ အဲဒီမိန့်ခွန်းကို ရှာဖတ်လို့ ရပါတယ်၊ ဖတ်ကြည့်ကြပါ။

နောက် ဗိုလ်ချုပ်ရဲ့ (သတင်း) အပါးတော်မြဲ သတင်းစာဆရာ ဦးပုကလေးရေးတဲ့ “ငါတို့ဗိုလ်ချုပ်” ကို ဖတ်ကြည့်ပါ။ စာမျက်နှာ ၂၀၈ ကနေ ၂၁၁ အထိ ဖတ်ဖြစ်အောင် ဖတ်ပါ။ အဲဒီ(၂၁၁)မှာ ဘုန်းကြီးတွေကို

“ နောက်တခု . . . တပည့်တော် ရှင်းရှင်း လျှောက်ထား ချင်တာကတော့ ဘုန်းကြီးလုပ်လျှင် ဘုန်းကြီးနှင့် တူအောင် လုပ်စေချင်ပါတယ်၊ လူလုပ်လျှင်လဲ လူနဲ့တူအောင် လုပ်စေချင်ပါတယ်။ ဟိုတပိုင်း ဒီတပိုင်း အလုပ်မျိုးတော့ မလုပ်စေချင်ဘူး၊ ဒီလို တပိုင်းစီ လုပ်တာမျိုးတော့ တပည့်တော် မကြိုက်ဘူး” . . . .
နောက်တစ်ခု တပည့်တော် လျှောက်ထားချင်တာကတော့ ဘုန်းတော်ကြီးများနှင့် နိုင်ငံရေး မစပ်ရှက်စေချင်ပါဘူး၊ သာသနာတော်နဲ့ မဆန့်ကျင်ပဲ တိုင်းပြည်အကျိုးရှိတာမျိုးလောက်သာ ဆောင်ရွက်တော်မူစေ ချင်ပါတယ်။ ဥပမာ တောင်တန်းနယ် သာသနာပြုရေးကိစ္စမျိုး . . . .”

အဲလို ဗိုလ်ချုပ်ကပြောခဲ့တယ်။ တောင်တန်းနယ်မပြောနဲ့ ပြည်မက နည်းနည်း ခေါင်တဲ့အရပ်တောင် ကျောင်းထိုင်ဘုန်းကြီးမမြဲဘူး၊ မပျော်လို့တဲ့။

အဲ၊ ဦးနုကလဲ ဗိုလ်ချုပ်လိုပဲ တစ်တစ်ခွခွ ပြောခဲ့တယ်။ သူ့ဆီလာပြီးဘယ်သူကြီးဖြုတ်ပေးပါ၊ ဘယ်သူ့ကို ခန့်ပေးပါ လာပြောတဲ့ ဘုန်းကြီးတစ်သိုက်ကို ပြောလွှတ်ပုံကို ကြည့်

”ကိုယ်တော်တို့ အခုကိုယ်တော်တို့လုပ်မယ်ကြံတဲ့ အလုပ်ဟာ ကိုယ်တော်တို့ကို ပါရာဇိက ကျအောင် ချပေးလိမ့်မယ်ဆိုတာ နဲနဲမှ မရိပ်မိကြဘူးလား၊ ကျောင်းကိုပြန်ပြီး ပရိယတ္တိ ပဋိပတ္တိဆိုတဲ့ သံဃအလုပ်တွေကို ပြန်လုပ်ကြပါ” (နှာ ၂၂၉ )

“ကျွန်တော်၏စိတ်ထဲတွင် ဘုန်းကြီးဖြစ်လာလျှင် ပရိယတ် ပဋိပတ် အလုပ်သာရှိသည်၊ နိုင်ငံရေးအစရှိသော လူတို့၏ လောကီအလုပ်များတွင် ဝင်ရောက်စွက်ဖက်သည်ကို နည်းနည်းမှ မကျေနပ်” (နှာ ၂၃၁)

အဲဒီအကိုးအကားတွေကို ဦးနုကိုယ်တိုင်ရေး “ငါးနှစ်ရာသီ ဗမာပြည်” မှာ ဖတ်ကြပါ။

အဆုံးသတ် ပြောချင်တာကတော့ ကျမ်းရင်းတွေကို ဖတ်ပါ၊ သို့ပေမဲ့ ကာလမသုတ်တော်ကို လက်ကိုင်ပြုပြီး ကိုယ်တိုင်လဲ ကျင့်ကြံပါ၊ ဆင်ခြင်ပါ။ ပိုပြီးကြည်ညိုသဒ္ဒါပွားချင်ရင် ဒီဃနိကာယ်၊ မဟာဝဂ် မြန်မာပြန်ထဲက “မဟာပရိနိဗ္ဗာန” သုတ်တော်ကို ဖတ်ကြပါ။

မဖြစ်စလောက် တရားထိုင်ခဲ့တယ်လို့ ဘန်းပြပြီး ကိုယ်တိုင်ဘာတရားမှ မရပဲ ဗဟုသုတနဲ့ လူတကာအပေါ် ဆရာလုပ်၊ ဖတ်ကောင်းရုံစာအုပ်ထုပ်၊ ကွန်ပျူတာ နုတ်ဘုတ်တွေ လက်ပ်တော့တွေနဲ့ ဆပ်ကော့လပ်ကော့လုပ်နေတဲ့ ရဟန်းဆိုးတွေကို ဖင်ဝိုင်းမတဲ့ ခပ်နန သာဝကတွေ မဖြစ်ကြနဲ့၊ မြတ်ဗုဒ္ဓရဲ့ ကျေးဇူးတော်ကို စေ့စေ့တွေး များများပူဇော်နိုင်ဖို့ အားထုတ်နိုင်ကြစေချင်လို့ အလေနတ္တောတွေ ဝိုင်းဆဲမဲ့အန္တရာယ်ကို မမှုပဲ သတိပေးလိုက်တယ်။

ဝိနည်းနဲ့မညီတဲ့ရဟန်းတွေကို အပြစ်တင်ချင်လို့ မုန်းတီးလို့ ပြောတာမဟုတ်ဘူး၊ တကယ်မသိလို့ ကျူးလွန်နေတဲ့ စာမတတ် ပေမတတ် အကြားအမြင်နည်းတဲ့ရဟန်းတွေလဲရှိနိုင်တယ်။ တကယ်လို့ အဲဒီရိုးသားစွာ အမှားနောက်ကို လိုက်နေတဲ့ရဟန်းဆိုရင် အခုကျနော်ပြောတဲ့သတင်းမျိုးကို ကြားရရင် အမှန်ကိုရောက်အောင် ပြင်ချင်စိတ် ကိန်းအောင်လာနိုင်တယ်။ အဲ သိသိလျက်နဲ့ ကိုယ်ကျိုး ကိုယ့်အတ္တပဲကြည့်ပြီး ဘယ်တော့မှ မပြင်မဲ့ ဒေဝဒတ်ဂိုဏ်းသားတွေလဲ ရှိတယ်။ အဲလို ဘုန်းကြီးတွေ၊ တနည်းအားဖြင့် အလဇ္ဇီဘုန်းကြီးတွေဟာ ကျုပ်လို လူမျိုးတွေကို ဓါးကြိမ်းကြိမ်းပြလိမ့်မယ်။ ကျုပ်ကလဲ နည်းနည်းမှ ဂရုမစိုက်ဘူးဆိုတာထက် ဥပေက္ခာပြုထားလိုက်တယ်။ ကယ်မရဘူး၊ ရှိပစေတော့ ဆိုတဲ့သဘော။

ဗုဒ္ဓကို တကယ်ကြည်ညိုရင် နည်းနည်းခြင်းပဲဖြစ်ဖြစ် တရားထိုင်ကြည့်ကြပါ။ တရားထိုင်ရတာ ပျော်စရာ မကောင်းပါဘူး။ ပန်းတိုင်အတွက် အားထုတ်ရတာပါ။ အားထုတ်တယ်ဆိုကတည်းက ပင်ပန်းတာ ပါပါတယ်။ အပင်ပန်းခံရပါတယ်။ အသီးအပွင့်က အဲဒီနောက်က လိုက်လာတာပါ။ အဲဒီအတွက် အပင်ပန်းခံရတာပါ။ အဲဒါ ဗုဒ္ဓစကား လိုက်နာရာမည်တယ်။ လပ်ယားလပ်ယားတွေကို ဦးလဲမချနဲ့ အတုလဲမခိုးနဲ့၊ မတန်ဘူး၊ ဒါပဲ။

156657_368661533216975_1944843113_n

Posted in Enlightenment . . . | Leave a comment

‘အိမ် အပြန်”

အောက်က ဝတ္ထုတိုလေးကို မှီပြီး Tie A Yellow Ribon Round An Old Oak Tree ဆိုတဲ့ သီချင်းတစ်ပုဒ် ပေါ်လာခဲ့၊ ကြော်ကြားသွားခဲ့တယ်။ ဂျပန်ပြည်မှာတော့ ကင် တကကူရဆိုတဲ့ အကျော်အမော်မင်းသားနဲ့ ရုပ်ရှင်တကား ဖြစ်သွားတယ်။ မြန်မာပြည်မှာတော့ “အိမ်ပြန်လာ တပေါင်းကလေး ချစ်စရာ နွေ” ဆိုတဲ့ စတီရီယိုတေးတစ်ပုဒ် ဖြစ်သွားပြီး ကြော်ကြားခဲ့ပြန်တယ်။ ဒီသီချင်းကို ပိ(တ်) နဲ့ အခြားတစ်ယောက် တွဲရေးတာလို့ ထင်တယ်။ လွန်ခဲ့တဲ့ ၁၄ နှစ်လောက်ကထင်တယ်၊ အဲဒီ ၂ ယောက်ထဲက၊ ပိ(တ်)လား၊ အခြားတစ်ယောက်လား တစ်ယောက်သေတော့ အနောက်က သတင်းစာတစ်စောင်မှာ ပါလာတယ်။ အဲဒါကိုဖတ်ပြီး ပိ(တ်) ရဲ့ ဝတ္ထုတိုလေးကို ကျနော် ဘာသာပြန်ဖြစ်ပါတယ်။

ရေး၊ ပိ(တ်) ဟမ်မီးလ်

ဘာသာပြန်၊ မြသန်းညွန့်

P1070896

၁။ ကောင်ကလေး သုံးယောက် နဲ့ ကောင်မလေး သုံးယောက် – ပေါင်း ခြောက်ယောက်သား ဖလော်ရီဒါနယ်၊ လော်ရာ ဒေး ကို သွားကြမလို့။ အသားညှပ် ပေါင်မုန့် နဲ့ ဝိုင်အရက်ပုလင်းတွေ ထည့်ထားတဲ့ စက္ကူအိပ်တွေကို ဆွဲလွဲပီး ၃၄ လမ်းမှာ ဘတ်စကားပေါ်ကို တက်သွားကြလေရဲ့။ ညို့ညို့မှိုင်းမှိုင်းနဲ့ အေးလှတဲ့ နယူးယောက်မြို့ရဲ့ နွေဉီးပေါက်က နောက်ဖက်ဆီမှာ မှုန် ဝါးသွားလေတာနဲ့ သူတို့လေးတွေဟာ ရွှေရောင်ပြေးနေမဲ့ သဲသောင်တွေနဲ့ တက်တက်လာမဲ့ ပင်လယ်ဒီရေတွေကို အိပ်မက် မက်နေကြလေရဲ့။ ကနဉီးကတည်းက ဗင်ဂို တစ်ယောက် ကားပေါ်မှာ ပါပါသကော။

၂။ ဘတ်စကားက နယူးဂျာစီမြို့ထဲကို ဖြတ်မောင်းနေဆဲမှာ၊ ဗင်ဂိုတစ်ယောက် လှုပ်လှုပ်ရှားရှား မရှိတာကို သူတို့လေးတွေက သတိထားလိုက်မိကြတယ်။ သူက အသက် ခန့်မှန်းမရအောင် ချေးညှော်တက်နေတဲ့ မျက်နှာနဲ့၊ ပီးတော့ ကိုယ်နဲ့ မတော်တဲ့ အညိုရောင်ဝတ်စုံနဲ့ လူရွယ်လေးတွေရဲ့ ရှေ့ကခုံမှာ ထိုင်နေတာ၊ သူ့ရဲ့ လက်ချောင်းတွေဟာ စီးကရက်ခြေး တက်လို့။ ပီးတော့ လျှာအတွင်းပိုင်းကို ဒလစပ်ကို ဝါးနေလိုက်သေးရဲ့။ ထိုင်နေလိုက်တာများ လုံးလုံးကို ငြိမ်ငြိမ် ဆိတ်ဆိတ်ကြီး။

၃။ ညဉ့် အတော်နက်နက်မှာ ဘတ်စ်ဟာ ဟောင်းဝပ် ဂျွန်ဆင် စားတော်ဆက်ရှေ့ကို ထိုးဆိုက်လိုက်တာနဲ့ ဗင်ဂို က လွဲရင် လူတိုင်းပဲ ဆင်းကြတယ်။ ဒီလူဟာ ပင်လယ်ရေကြောင်း ကက်ပတိန်များလား၊ သူ့ မိန်းမနဲ့ ဝေးရာကို ထွက်ပြေးလာတာများလား၊ အိမ်ကိုပြန်တဲ့ စစ်သားဟောင်းကြီးလဲ ဖြစ်နိုင်တာပဲရယ်နဲ့ လူငယ်တသိုက်ဟာ သူ့ အကြောင်းကို စိတ်ဝင်စား လာပြီး မှန်းဆ တွေးတောကြည့်မိကြ ပါတော့တယ်။ သူတို့ ဘတ်စ်ကားဆီ ပြန်သွားကြတဲ့ အခါမှာတော့ ကောင်မလေးတွေ ထဲက တယောက်က သူ့ဘေးမှာ ဝင်ထိုင်ပီးတော့ ကလေးမလေးက သူ့ဖာသာ မိတ်ဆက်ပါတော့တယ်။

၎။ ကျမတို့ ဖလော်ရီဒါကို သွားကြမလို့၊ ရှင် ကော အဲဒီထိလား လို့ ကလေးမက မြူးမြူးလေး မေးလိုက်ပါတယ်။ ဗင်ဂို က ငါ မသိဘူး တဲ့၊ ကျမ တခါမှ မရောက်ဖူးသေးဘူး။ လှတယ်လို့ ကြားတာပဲ လို့ ကောင်မလေးက ပြောလိုက်တယ်၊ သူ က မေ့ဖျောက်ပစ်ဖို့ ကြိုးစားခဲ့တဲ့ အရာကို သတိရလာပုံမျိုးနဲ့ အေး၊ လှတယ်ရယ်လို တိုးတိုး သက်သက် ပြောလိုက်တယ်၊ ရှင် အဲဒီမှာ နေသလား ဂျက်ဆွန်ဗီလ် ရေတပ်ထဲမှာ နေခဲ့ဘူးတယ် ဝိုင် နဲနဲ သောက်ပါလားရှင် ဆိုတော့ သူ က ပြုံးတဲ့ပီး ပုလင်းကို ဆွဲယူကာ တစ်ကျိုက် မော့ချလိုက်ပါတယ်၊ ကလေးမကို ကျေးဇူးတင်ကြောင်းပြောပီး သူ့ရဲ့ တုံနိဘာဝေ ဆိတ်ဆိတ်နေထဲကို ပြန်ဆုတ်သွားပါတယ်။ တခဏ အကြာ ဗင်ဂိုက ခေါင်းတငြိမ့်ငြိမ့်နဲ့ အိပ်ပျော်သွားချိန်မှာ ကလေးမလေးက သူမ အဖေါ်တွေရှိရာ နောက်ဘက်ဆီကို ပြန်သွားပါတယ်။

၅။ နောက်တနေ့ မနက်မှာတော့ ဟောင်းဝပ်ဂျွန်ဆင် နောက်တဆိုင်ရဲ့ ရှေ့ရောက်တော့မှ သူတို့တတွေ အိပ်ရာက နိုးကြပါတယ်။ ဒီတကြိမ်မှာတော့ ဗင်ဂို ဆိုင်ထဲကို ဝင်သွားပါတယ်။ ဟို ကောင်မလေးက သူတို့နဲ့ အတူထိုင်ဘို့ အတင်းခေါ် တော့တာပဲ။ သူ့ကြည့်ရတာ အတော့်ကို ရှက်နေပုံပဲ။ ပီးမှ ကော်ဖီကြမ်း တခွက်မှာတဲ့ပီး လူငယ်လေးတွေ သောင်ခြေကမ်းစပ်မှာ အိပ်ခဲ့တဲ့ အတွေ့အကြုံတွေကို တွတ်ထိုးနေချိန်မှာ ဆေးလိပ်ကို တုံတုံရီရီ ဖွာနေလေရဲ့။ သူတို့တတွေ ဘတ်စ်ကားဆီ ပြန်ရောက်ကြတော့ ကောင်မလေးက ဗင်ဂိုနဲ့အတူ လာထိုင်ပြန်တယ်။ တအောင့်လောက် အကြာမှာတော့ သူ့ဘဝ ဇာတ် ကြောင်းကို ဖြေးဖြေးလေးလေး နာနာကျင်ကျင်နဲ့ စတင် ပြောပြပါတော့တယ်။ ကုန်ခဲ့တဲ့ လေးနှစ်လုံး သူ နယူးယောက် အကျဉ်းထောင်ထဲမှာ အကျဉ်းကျနဲ့ နေခဲ့ရတာ၊ ခုမှ အိမ်ပြန်ရမှာ။

၆။ “ရှင် အိမ်ထောင်နဲ့လား”

“ငါ မသိဘူး”

“ရှင်မသိဘူး”

၇။ “ဒီလိုကွ။ ငါ ထောင်ကျနေတော့ ထောင်ထဲကနေ ငါ့မိန်းမဆီ စာရေးခဲ့တယ်။ ငါက မာသာ၊ မင်း ငါ့မိန်းမ အဖြစ်နဲ့ ဆက်မနေနိုင်တော့ဘူး ဆိုရင်လဲ ငါ နားလည်ပါတယ်၊ ငါ က အိမ်နဲ့ အချိန် တော်တော်ကြာ ဝေးနေဉီးမှာ၊ ဒီအခြေအနေကို ရင်မဆိုင်နိုင်လို့ပဲ ဖြစ်ဖြစ်။ ခလေးတွေက တလျောက်လုံး တစ်မျိုးပီး တစ်မျိုး မေးနေလို့ပဲ ဖြစ်ဖြစ်၊ အဲဒါတွေက သူ့ကို သိပ်ကို နှိပ်စက်လာမယ်ဆိုရင် ကဲ . . ငါ့ ကိုသာ မေ့ပစ်လိုက်တော့၊ ကောင်တကောင် အသစ် ရှာလိုက်ပေါ့။ သူ ဟာလေ တကယ့်ကို တမူထူးတဲ့ မိန်းမ၊ အဟုတ် အဟုတ်။ တခုခုတော့ တခုခုပဲ၊ ငါ သူ့ကို ငါ့ဆီ စာရေးဖို့လဲ မလိုဘူး၊ ဘာမှ လုပ်ပေးစရာလဲ မလိုဘူးလို့ ပြောခဲ့တယ်ေ။၊ သူ ကလဲ ဒီ သုံးနှစ်ခွဲလုံးလုံး ဘာမှကို ရေးလား လုပ်လား မရှိဘူး။”

၈။ “ရှင် ဘာမှမသိပဲနဲ့ အိမ်ကို အခုပြန်မှာလား”

၉။ “အေးဟ” လို့ ရှက်ရွံ့ရွံ့ ပြောလိုက်ပီးမှ “ဒီလိုကွာ – အရင် အပါတ်ကမှ ငါ့အတွက် လျော့ရက်နဲ့ လွတ်မိန့် လာနေပြီဆိုတာ သိရလို့၊ သူ့ဆီ စာရေးလိုက်တယ်။ သူ့မှာ အသစ်တစ်ကောင် ရနေပြီ ဆိုရင်. . ငါ သဘောပေါက် ပါတယ်ပေါ့၊ တကယ်လို့ အဲလိုလဲ မဟုတ်ဘူး၊ သူ့ အနေနဲ့လဲ ငါ့ကို ပြန်လက္ခံနိုင်ဉီးမယ်ဆိုရင်ဖြင့် ငါ့ကို အသိပေးပေးပါပေါ့။ ငါတို့က ဒီ ဘရန်းစဝစ်ခ်ြမို့မှာ နေနေကျလေ။ မင်း မြို့တွင်းကို ဝင်လာတာနဲ့ အဲဒီမှာ ဧရာမ ဝက်သစ်ချပင်ကြီး တပင် ရှိတယ်မဟုတ်လား။ တကယ်လို့ သူ့ အနေနဲ့ ငါ့ကိုပြန်လက်ခံမယ်ဆိုရင် အဲဒီ ဝက်သစ်ချပင်ကြီးမှာ အဝါရောင် လက်ကိုင်ပုဝါလေး တစ်ထည်ကို ချီထားပေး၊ အဲဒါကို တွေ့တာနဲ့ ငါ ကားပေါ်က ဆင်းပီး အိမ် တန်းလာခဲ့မယ်လို့ ပြောထားတယ်။ တကယ်လို့ ငါ့ကို အလိုမရှိဘူးပ ဆိုရင် မေ့လိုက်တော့၊ ဘာလက်ကိုင်ပုဝါမှ မလိုဘူး၊ ငါ ကားကို ဆက်စီးသွားမယ်ပေါ့။”  ဝိုး· · ဝိုး· · ဝိုး . . . ကောင်မလေးက တအံ့တဩ။

၁၀။ ကောင်မလေးက တခြားအဖေါ်တွေကို ပြောပြလိုက်တာနဲ့ အားလုံးပဲ စကားဝိုင်းထဲကို ရောက်လာကြတယ်။ ဗင်ဂိုထုတ်ပြတဲ့ သူ့ဇနီးနဲ့ ခလေး သုံးယောက် ဓာတ်ပုံကို ကြည့်ကြရင်း ဘရန်းစဝစ်ဘက် နီးလာလေ စိတ်တွေ ပိုပီးလှုပ်ရှားလာကြရလေပေါ့။ ဟော၊ ခုဆို သူတို့ဟာ ဘရန်းစဝစ်နဲ့ မိုင် ၂၀ အကွာ ရောက်လာပြီ။ လူငယ်တသိုက်ဟာ ဝက်သစ်ချပင်ကြီး ပေါ်လာမှာကို စောင့်ကြည်၌ရင်း ကားရဲ့ ညာဘက်ခြမ်း ပြတင်းပေါက်ဘက်မှာ နေရာယူကြလို့၊ ဗင်ဂို ကတော့ နောက်ထပ်ပီး ကြုံတွေ့ရတော့မဲ့ စိတ်ပျက်စရာကြီးကို တောင့်ခံနိုင်ဖို့ အတွက် သူ့ကိုယ်သူ ပြင်ဆင်သည့်ပမာ အပြင်ကို ကြည့်တာ ရပ်တဲ့ပီး သူ့မျက်နှာကို ထောင်ထွက်ပုံစံ ခပ်တင်းတင်း ချိုးထားလိုက်ပါတော့တယ်။ ဟော ၁၀ မိုင်၊ ဟော ၅ မိုင်၊ ခုဆို ဘတ်စ်ကား တခုလုံး ငြိမ်ကျသွားလိုက်တာ။

၁၁။ ဗြုန်းဆို လူငယ်အားလုံး ထိုင်ခုံတွေကနေ ခုန်ပီးထလိုက်ကြပီး အောင်မြင်မှုနဲ့ အတိုင်းမသိပျော်ရွှင်ရတဲ့ပုံနဲ့ အသံမျိုးစုံနဲ့ အော်ကြ၊ ဟစ်ကြ၊ လက်သီး လက်မောင်း ဝှေ့ယမ်းပီး ကကြ ခုန်ကြဟာလေ။ အဲ၊ ဗင်ဂို တစ်ယောက်က လွဲရင်ပေါ့။

၁၂။ ဗင်ဂိုဟာ ဝက်သစ်ချပင်ကြီးကို စိုက်ကြည့်ရင်း ကြက်သေသေပီး တောင့်တောင့်ကြီး ထိုင်လို့၊ အဝါရောင် လက်ကိုင်ပုဝါတွေလေ၊ ၂၀ လား၊ ၃၀ လား၊ ဟင့်အင်း၊ ရာနဲ့ချီလို့လား။ တပင်လုံးကို ဖုံးလို့။ လေထဲမှာ တလူလူ တဖျပ်ဖျပ်နဲ့ ခရီးဉီးကြိုပြုနေတဲ့ တံခွန်တွေ အလံတွေ ပမာပါပဲ၊ လူရွယ်လေးတွေရဲ့ အော်သံ ဟစ်သံတွေကြားမှာ ထောင်ထွက်အိုကြီးဟာ သူ့ထိုင်ခုံကနေ ဖြေးဖြေးခြင်းထပီး သူ့ကိုယ်သူ တင်းတင်းရင်းရင်း စုစည်းလိုက်တဲ့ကာ အိမ်တော်ပြန်ဖို့ အတွက် ကားရှေ့ပိုင်းဆီကို လှမ်းထွက်ခဲ့ပါတော့တယ်။

Posted in Literary | 1 Comment

ကြိုတင်အနမ်းတွေနဲ့ . . . .

CA390165

ချယ်ရီပွင့်လေးတို့ရေ
မျက်ရည်ဝေဝေ တစမ်းစမ်း
ရင်နင့်နင့် အလွမ်းတွေနဲ့
မပွင့်ခင် ကြိုတင်နမ်းခါ
နှုတ်ဆက်ခဲ့ပါတယ်။

မွေးရပ်မြေကို ခွဲခွါ
၂၂ နှစ်ကြာကာလမှာ
၂၁ နှစ်ကျော်ဟာ
ချယ်ရီမြေမှာ အိပ်စက်
အိပ်မက်တွေ အိပ်မက်တွေ
မက်ပြီးရင်းမက်
မရေမတွက်နိုင်အောင်မက်လို့
အိမ်လွမ်းရက်တွေ ရှည်ခဲ့တာ
သက်သေထူစရာ လိုဖူးထင်ပါ့ကွယ်။

ခုတော့ ကိုယ်ပြန်တော့မယ်
ဘယ်နံရောခါ ပြန်ဆုံမလဲ
ဒီဘုံ ဒီဘဝထဲမှာ
တဝဲလည်လည် လည်ကြဦးမယ်ဆိုရင်
အသေအချာပေါ့
တစ်နေ့မှာ ပြန်ဆုံမယ်။

ချယ်ရီပွင့်လေးတို့ရေ . . .
မျက်ရည်တွေနဲ့ နှုတ်ဆက်ခဲ့ပါတယ်
ကျေးဇူးကမ္ဘာပါ။

မြသန်းညွန့်
(တန်ခူးလမှာ ပွင့်လာကြမဲ့ ချယ်ရီပွင့်များ . . . သို့)

Posted in Literary | Leave a comment

ခရစ္စမတ်နေ့က အပြန်

မြို့ရဲ့မီးလောင်ပြင်မှာ

ညကရွာထားတဲ့မိုး

နုညံ့မွေ့ညက် မြူခိုးတွေတက်နေ။

ခရစ္စမတ်သံပြိုင်တေးဟာ

ထာဝရဘုရားရဲ့အသံပမာ

ငါ့ရင်ထဲမှာ လင်းလက်နေရဲ့။

သူငယ်မလေးနဲ့ ငါဟာ

မီးလောင်ပြင်ထဲက ဓာတ်ရထားလမ်းတလျောက်

စကားမပြောပဲ တိတ်ဆိတ်စွောလျှောက်ခဲ့။        ။

 

စစ်ကြီးအပြီး

အဦးအစ ခရစ္စမတ်ဟာ

မီးကြွမ်းလောင်ထားတဲ့

ရနံတူးတူးတွေ မချိစရာတွေကြားထဲက

ထာဝရဘုရားသခင်ဟာ

မုန့်ချိုပွဲ တစ်ပွဲပမာ လှပလိုက်ပါဖိ

သူငယ်မနဲ့ ငါဟာ ရွှံ့ညွံဗွက်တောပေါ်ကနေ

ဂျွမ်းဘားမောင်မယ်များပမာ ဖြတ်ကျော်လို့လာခဲ့။      ။

 

ဖြတ်လို့သွားတော့

အနုမြူဗုံး မီးလောင်ပြင်ဟာ

ညအလင်းရောင်ထဲမှာ မရေမတွက်နိုင်အောင်

တီးတိုးတီးတိုး ရေရွတ်နေကြရဲ့။

ဘုရားသခင်နဲ့ စစ်ပွဲအကြား အမျိုးမျိုး အထွေထွေ

ပဋိပက္ခတွေ တွတ်ထိုးနေကြလေရဲ့

သူငယ်မလေးနဲ့ ငါဟာ

သံလမ်းနဲ့ သစ်သားတွေကိုနင်းခါ

ဆိတ်ငြိမ်စွာ လျှောက်လှမ်းခဲ့။       ။

 

ခုညရဲ့ ပကတိဟာ ညံ့သက်ရဲ့

နှင်းဖွဲမိုးထက်ကို ညံ့သက်ပါပေရဲ့

လေတိုက်ခံရတဲ့ သစ်ပင်ပမာ

ရှင်သန်ရတဲ့ လူငယ်ဘဝဟာ လေးလံတယ်။

ဒါတွေကို တောင့်ခံနိုင်ဖို့

ကလေးမနဲ့အတူ ငါလျှောက်ခဲ့တယ်

ထာဝရဘုရားသခင် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ

ငါ ကလေးမနဲ့အတူ လျှောက်မယ်။       ။

တိုဂဲ  ဆန်းကိချိ

Posted in Literary | Leave a comment

မြန်မာလား ဗမာလား

သခင်လား ကျွန်လား

ဗမာလူမျိုးကြီးဝါဒ ဆိုတာ ပြည်ထေင်စုသားလူမျိုးကြီးဝါဒလို့ ပြောတာလား

(၁) ကျည်လာရောင်းသူများ ကျေးဇူးပါ။

ကျွန်တော့်လက်ထဲ ညူကလီယာဗုံးတစ်လုံးကို တိုင်းပြည်နာမည်ဟာ Burma ပါလို့ တစာစာ စောဒကတက်နေသူတွေကိုယ်တိုင် လာထည့်ပေးသွားတာပါ။ ကျွန်တော်ထင်တယ် ၅ ရက်လောက်ရှိသွားပြီ။ ကျွန်တောလဲ ဗာဟီရလေးတွေ များနေတာနဲ့ ကဲကဲ ခမြာများ နောက်ဆုံးအီးတစ်ချက် မထွက်ခင် စိတ်ကူးယဉ်ကြပါစေဆိုပြီး လွှတ်ပေးထားလိုက်ပါတယ်။ ခုတော့ ဒီဗုံးကြီးကို ကျွန်တော့်ဆီမှာလဲ မထားချင်တဲ့အတွက် သူတို့ဖက်ကိုပဲ လှမ်းပစ်ပေးလိုက်ပါပြီ။ ဗုံးကြီးကို သေသေချာချာကြည့် နီနီရဲရဲကြီး၊ လေဘယ်က သုံးကြောင်းနဲ့။ ပေါက်မယ် တကဲကဲ၊ အဲဒါက

ဗမာပြည်သည် ဒို့ပြည်
ဗမာစာသည် ဒို့စာ
ဗမာစကားသည် ဒို့စကား

က။ ဗမာပြည်သည် ဒို့ပြည်လို့မယုံတဲ့အတွက် ကရင်က လက်နက်စွဲကိုင် ပုန်ကန်တယ်၊ ခုထိမပြီးသေး။
ခ။ ဗမာပြည်သည် ဒို့ပြည်လို့မယုံတဲ့အတွက် ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ ခွဲထွက်ခွင့်ဥပဒေကို ပြဋ္ဌာန်းပေးခဲ့ရတယ်။ ရှမ်းနိုင်ငံတော်ဆိုတာတောင် လွန်ခဲ့သော ၄ / ၅နှစ်က ထောင်ကြသေးတယ်။
ဂ။ ရခိုင်တွေကလဲ တစ်လျောက်လုံး လက်နက်ကိုင်သူရော မကိုင်သူပါ မြန်မာတွေ ဗမာတွေအောက်က လွတ်မြောက်ရေး၊ ရခိုင်ဘုရင့်သမတနိုင်ငံတော်ထူထောင်ရေး လုပ်နေ ပြောနေကြတယ်။
ဃ။ ကချင်ကော ထူးပါသလား။ မထူးပါ။ ဗမာနဲ့ စကားကော ယဉ်ကျေးမှုကော ကိုးကွယ်မှုပါမတူပါ၊ ခွဲထွက်ရမယ်ဆိုတဲ့သူတွေ ရှိပါတယ်။
င။ မွန်ဆိုတာ မြန်မာတွေ/ဗမာတွေ စာပီပီပြင်ပြင်မရှိခင်က သူတို့ဘာသာစကားကိုငှားပြီး သုံးရတာ အသိဆုံးသူတွေပါ။ သူတို့က လူနည်းစုမို့ ခွဲစကားမပြောပေမဲ့ သူတို့ကိုယ်သူတို့ ဗမာလို့ မခံယူပါ။ ဗမာစကားကို မွန်စကားလို့ လုံးဝလက်မခံပါ။
စ။ ဗမာစာသည် ဒို့စာမဟုတ်တဲ့အတွက် တိုင်းရင်းသာလူဦးရေများပြီး စာစကားဖွံ့ဖြိုးသူကော မဖွံ့ဖြိုးသူပါ တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသား ဘာသာစကားနဲ့ သင်ကြားခွင့်ပြုရေး ချက်ခြင်းပေး တောင်းနေတာ ကြာပြီ။

ကျွန်တော် ကာတွန်းမဆွဲတတ်လို့ ဆွဲတတ်သူတွေ ကူညီချင်ရင် ဟောဒီပုံကလေး ဆွဲတင်ပေးစမ်းပါ။ တိုင်းရင်းသားဝတ်စုံတွေနဲ့ ပြည်ထောင်စု ကျောက်တိုင်ကို ရံလိုက်ပါ။ ပြီးရင် မြန်မာလူမျိုးက ဗမာစာသည် ဒို့စာလို့ တိုင်သံပေးလိုက်ပါ၊ လက်သီးလက်မောင်းတန်းပြီးပေါ့။ တိုင်းရင်းသားတွေက သူ့ကိုဝိုင်းကြည့်ပြီး တုံ့ဆိုင်းနေတဲ့ပုံ၊ နောက်တစ်ပုံမှာ ကျန်တဲ့ပြည်ထောင်စုသားတွေက ရှမ်းဆိုရင် ရှမ်းစာသည် ဒို့စာ၊ မွန်က မွန်စာသည် ဒို့စာ၊ ရခိုင်က ရခိုင်စာသည် ဒို့်စာ၊ ချင်းက ချင်းစာသည် ဒို့စာ၊ ကရင်က ကရင်စာသည် ဒို့စာ ကယားက၊ ပလောင်က၊ ပအိုဝ်းက . . . . . .စသည် . . . . စသည် လက်သီးလက်မောင်းတန်း အော်တဲ့ပုံ။

(၂) ဘယ်လိုဖြစ်လို့ Burma ရတာပ။

ကျွန်တော်တို့တိုင်းသူပြည်သားတွေထဲမှာ ကုလားကို အဖေခေါ်ချင်သူ တော်ချင်သူ ဒီလောက်များလိမ့်မယ်လို့ အစက ကျွန်တော်မထင်မိ၊ မတွက်မိဘူးဗျာ။ ကျွန်တော်က အားလုံး ကျွန်တော်တို့လို သခင်စိတ်ကလေးတော့ ရှိလိမ့်မယ်အောက်မေ့တာ။ Burma ကို တရားဝင်အောင်လုပ်ချင်တော့ကာ ဗမာကို တိုင်းရင်းသားအားလုံးနဲ့ဆိုင်အောင်လုပ်ကြရတယ်။ ဒီမှာတင် ကုလားပြည်ရဲ့ အရှေ့ခြမ်း ဗြဟ္မပုတြမြစ်အရှေ့ဖက်မှာနေတဲ့သူတွေကို အနောက်ဖက်ခြမ်းမှာနေတဲ့ ကုလားတွေက ဘရမာ (ဗြဟ္မာ) လို့ ခေါ်သတဲ့။ ဒီတော့ မြန်မာပြည်ဟာ ဆွဲဆန့်ကြည့်ရင် ပဝေသဏီကတည်းက ကုလားပိုင် ရပ်ကွက်တစ်ကွက်၊ တစ်ခရိုင်၊ တိုင်းတစ်တိုင်းပုံရောက်သွားပါလေရော။ သြော် ဖြစ်မှဖြစ်ရလေနော်၊ ကုလားပေးတဲ့နာမည်ကြိုက်လိုက်ပုံများတော့၊ အဲဒီကနေ ဆက်လိုက်တော့ ကုလားဖြူကပေးတဲ့နာမည်က ပိုမပစ်နိုင်စရာချည်းဖြစ်သွားတာပေါ့ဗျာ။ အင်း၊ နားလည်ပါတယ် နာလည်ပါတယ်။ ဆက်စပ်ကြည့်လိုက်တော့ ရှင်းသွားပါတယ်။ ဟဲ ဟဲ။

နောက်တစ်ယောက်ကလဲ ပြောသေးတယ်၊ ဗမာ ဆိုတာ ကုလားပေးတဲ့နာမည်ဖြစ်ကြောင်း၊ သူက Burma ကို ပိုသဘောကျတဲ့လူဗျာ၊ နာမည်မေ့သွားတယ်ဗျာ၊ အဲ၊ သူ ပြောတာက အင်္ဂလိပ်လက်အောက်ကို မြန်မာပြည် တစ်ဝက်လောက်ရောက်သွားတော့ အလုပ်သမားလိုအပ်မှုအရ အိန္ဒိယကနေပြီး သောက်သောက်လဲ ကုလားတွေကို ခေါ်သွင်းရတယ်။ အောက်ပြည်အောက်ရွာမှာ ကုလားတွေ မဲမဲလှုပ် (သဲသဲမလှုပ်) ဆိုပဲ။ အဲဒီကုလားတွေက မြန်မာတွေကို ဗရမာလို့ ခေါ်တယ်။ ဒါနဲ့ ဒီအသုံးဟာ ခပ်မြန်မြန်ပဲ ပေါက်သွားတယ်၊ မြန်မာဝေါဟာရကိုတောင် လွှမ်းမိုးသွားတယ်။ အဲဒီကနေ နေ့တဓူဝအသုံးဖြစ်လာတယ်။ မြန်မာနဲ့ အလဲအလှယ် သုံးလာတယ်။ ဒါပေမဲ့ တရားဝင်သုံးတဲ့အခါမှာ ခန့်ငြားတဲ့ မြန်မာဆိုတာကိုပဲ အသုံးများတယ် စသဖြင့် ရှင်းထားတယ်ဗျ။

(၃) အလာပ သလာပနဲ့ မင်္ဂလာစကား တရားဝင်စကား မတူ

မှတ်ထားပါ၊ ကိုယ့်နိုင်ငံကနေ တခြားသူများရဲ့နိုင်ငံကို ကိုယ်အာတွေ့သလို ခေါ်ကြတယ်၊ ဒါကို ဘယ်သူမှ မကန့်ကွက်ဘူး။ သာမာန်အားဖြင့်ပေါ့။ ဒါပေမဲ့ တရားဝင်အခန်းအနားတွေ၊ တိုင်းပြည်ကို ကိုယ်စားပြုပြီးပြောပြီဆိုရင်တော့ အဲဒီနိုင်ငံကတရားဝင် ပြဋ္ဌာန်းထားတဲ့ နာမည်သာလျှင် တရားဝင်နာမည်ဖြစ်ကုန်ကြရတာပါပဲ။ အင်္ဂလိပ်ပဲခေါ်ခေါ်၊ ဗြိတိန်ပဲ ခေါ်ခေါ် ယူကေ ယူနိုက်တက်ကိးန်ဒမ် ဘာပဲခေါ်ခေါ် တရားမဝင်ပြောတဲ့အခါ ကြိုက်တာနဲ့ ခေါ်ပြော၊ ကုလားဖြူ၊ မျောက်ဖြူ (နှိမ့်ချ)ပဲ ခေါ်ခေါ် ခေါ်နိုင်တယ်။ တရားဝင်ပြောရင် ကုလမှာ စာရင်းပေါက်တဲ့နာမည်နဲ့ ခေါ်ပေါ့။ ဟုတ်ဖူးလား။ အဲဒီနိုင်ငံတွေကလဲ မြန်မာနိုင်ငံကို ပြောတဲ့အခါ သူတို့နိုင်ငံမှာ သူတို့ အာ လျှာနဲ့ သဟဇာတဖြစ်သလို ခေါ်ကြပေါ့။ တရားဝင်အခန်းအနားဆိုရင်တော့ ကုလမှာ မှတ်ပုံတင်ထားတဲ့နာမည်ကို သုံးကြ။

ဂျပန်တွေက အမေရိကန်ကို ဘေးကိုကု၊ တရုပ်ကို ချူးကိုကု၊ ကိုးရီးယားသမတနိုင်ငံကို ခန်းကိုကု၊ ဒီမိုခရက်တစ် ကိုးရီးယား ကိုတော့ ခိတချိုဆင်တဲ့။ ကာယကံရှင်တိုင်းပြည်တွေကတော့ မသုံးဘူး၊ ဂျပန်တွေက ကိုယ့်တိုင်းပြည်ထဲမှာ အဲလိုခေါ်တယ် သုံးတယ် ပြဿနာမရှိပါဘူး။

ဒါပေမဲ့ ဂျပန်တွေ အမေရိကားရောက်တဲ့အခါ ဘေးကိုကုလို့မသုံးပါဘူး၊ အမေရိကားလို့ ပြောတယ်၊ ယူနိုက်တက်စတိတ်အော့ဖ်အမေရိကားသုံးတယ်၊ သူ့နေရာနဲ့သူပေါ့။ သူတို့နိုင်ငံကိုလဲ သူတို့လက်ခံထားတဲ့ ဂျပန်လို့ပဲပြောတယ်။ ပြင်ပမှာပေါ့။ ကိုယ့်ပြည်ကို ပြန်ရောက်ရင်တော့ ဘယ်ရမလဲဗျာ၊ နိဟွန်းပေါ့။ သံပြိုင်အားပေးတဲ့ တိုင်သံတွေမှာကျတော့ မြန်မာတွေက ဗမာကို ရွေးသလိုပေါ့ဗျာ၊ နိဟွန်းကလဲ နိပွန်းတဲ့ဗျ။ အော်ကြည့်ဗျာ၊ နိဟွန်း နိဟွန်း . . .နိဟွန်း က မမိုက်ဘူး၊ ဒါ့ကြောင့် အသံမာတဲ့ နိပွန်း နိပွန်း ဆိုတဲ့ နိပွန်းလုပ်ထဲ့လိုက်တယ်။

(၄) မြန်မာဆိုတာ ဖိုးဖွားအမွေ
မြန်မာတွေက ဗမာလုပ်ပြီး မြန်မာကို အားလုံးကို လှူဒါန်းတာ

မြန်မာဆိုတာကတော့ ကျွန်တော်တို့ အဖိုးအဖွားတွေ ကျွန်တော်တို့လက်ထဲအရောက် သယ်ဆောင် အမွေပေးသွားတဲ့ နာမည်ပါ။ ကာလတစ်လျောက် သမိုင်းဆရာကြီးတွေပြောတဲ့ ̔မိယင် ̔ ̔မရမာ ̔ ̔မြန်မာ ̔ အပြောင်းအလဲတွေကတော့ ဘာသာဗေဒသမိုင်းပညာရှင်များရဲ့အရာဖြစ်တဲ့အတွက် ထားခဲ့ပါမယ်။ ဒါပေမဲ့ မ နဲ့ ဗ က ဝဂ်တစ်ခုထဲမှာပါတဲ့အတွက် ကာလရွှေ့လျောတဲ့အခါမှာ မ က ဗ ဖြစ်သွားနိုင်တယ် ဆိုတာကလေးကိုတော့ မျှထားပါရစေ။ တကယ်လို့ ဗမာကို တိုင်းရင်းသားလူမျိုးစုတစ်ခု နာမည်နဲ့ ယူရမယ်ဆိုရင် ကျွန်တော်က ကုလားပေးလို့မဟုတ် ကာလရွေ့လျောလို့ မ က ဗဖြစ်သွားတဲ့ ဆင်းသက်ပုံကိုပဲ နှစ်သက်စွာ လက်ခံမှာဖြစ်ပါတယ်။

မြန်မာပဲပြောပြော ဗမာလို့ပဲညွှန်းညွှန်း လူမျိုးက တစ်မျိုးထည်းပါ၊ တိုင်းရင်းသားပေါင်းစုံ တလျောက်လုံး လက်ခံယုံကြည်တဲ့အတိုင်း၊ မြန်မာနဲ့ ဗမာဟာ အတူတူပါ။ အဲလို နာမည် ၂ မျိုးစလုံးပိုင်ထားတဲ့အတွက် ပြည်ထောင်စုကို ပိုပြီး သမိုင်းရှိ (ကျောက်စာ) တဲ့ မြန်မာကိုပေးပြီး၊ ဗမာကိုတော့ ဒို့က တိုင်းရင်းသားအမည်အနေနဲ့ သုံးကြတာပေါ့ဆိုတာဟာ ဘာ ကောက်ကျစ်မှုမှမပါပါဘူး။ ဗိုလ်ချုပ်လဲ ဒီလိုပဲ သုံးသလို ဦးနုလဲ ဒီနောက်ကို လိုက်ခဲ့တယ်၊ ဦးနေဝင်းလဲ ဆက်လက်အမွေခံတယ်။ မြန်မာဟာ တိုင်းရင်းသား အားလုံးရဲ့ ၇၀ ရာခိုင်နှုန်းလောက်ရှိတဲ့အပြင် ခန့်ငြားတဲ့သမိုင်း (အရှေ့တောင်အာရှမှာ သြဇာလွှမ်းခဲ့တယ်၊ မဏိပူ၊ ကသည်းကို ပိုင်ခဲ့တယ်) ရှိခဲ့တဲ့အတွက် ဒီတိုင်းပြည်ရဲ့နာမည်ကို တခြား နာမည်သစ်မရှာပဲ မြန်မာလို့ခေါ်တာကို ဘယ်တိုင်းရင်းသားကမှလဲ မကန့်ကွက်ခဲ့ပါဘူး။

အင်္ဂလိပ်က မြန်မာပြည်ကို သိမ်းစဉ်က အခုထက်တောင် အနည်းငယ်ကျယ်ဝန်းတဲ့ မြို့ပြနိုင်ငံ (ကုန်းဘောင်ရွှေပြည်) ကို မြန်မာတွေ လက်လွှတ်ခဲ့ရတာပါ။ လွတ်လပ်ရေးခရီးတစ်လျောက်လုံးလဲ မြန်မာတွေကပဲ တိုင်းရင်းသားတွေထဲက မျိုးချစ်တွေကို စည်းရုံးပြီး ဦးဆောင်ဦးရွက်ပြုခဲ့ပါတယ်။ အင်္ဂလိပ်လက်အောက်က လွတ်လပ်ရေးအတွက် တိုက်ကြတော့ အင်္ဂလိပ်ဖက်ကနေတိုက်ခဲ့တဲ့ တိုင်းရင်းသားတွေ မနည်းပါဘူး။ ဒါပေမဲ့ တိုင်းရင်းသားတွေထဲမှာလဲ အိမ်ကြက်ခြင်း အိုးမဲသုတ်ပြီး အတိုက်ခံခဲ့ရတာကို ကောင်းကောင်းနားလည်တဲ့ ညီအစ်ကို မောင်နှမတွေရှိပါတယ်။ နောက်ဆုံးတော့ မပီပြင်သေးတာအပထား (ဒါက ဆက်လုပ်ရမှာ) ပြည်ထောင်စုဘဝနဲ့သွားဖို့ ကျနော်တို့ရဲ့ ဖိုးဖွားတွေက မမျှော်အမြင်ရှိရှိ ရွေးချယ်ပေးခဲ့ပြီးဖြစ်တယ်။

ဒါကို မကျေနိုင်မချမ်းနိုင်နဲ့ ဗမာကမှ အားလုံးကို ကိုယ်စားပြုတယ်ဆိုရင် ဗိုလ်ချုပ်တို့ ရေးသွားတဲ့ ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာလဲ ပြည်ထောင်စု သမတ ဗမာနိုင်ငံတော် ဖြစ်သင့်တာပေါ့။ ဒါမှလဲ Burma နဲ့ လိုက်ဖက်မယ်မဟုတ်ပါလား။ အင်း မတော်လို့များ လွှတ်တော်ထဲမှာ အများစုဖြစ်ရင် အဲလိုအကုန်ပြန်ပြောင်းမလားမသိဘူး။ အခုတော့ ဖခင်အရှိန်၊ ခင်ပွန်းသည်အရှိန်နဲ့ တားဆီးမရအောင် နာမည်ကြီးလာတာကို သုံးပြီး ပြည်သူတွေ တွေဝေအောင် လမ်းလွဲအောင် အမျိုးမျိုးပြောနေတာပဲ စိတ်မချမ်းသာစရာကြားနေတယ်ဗျာ။

တစ်ချိန်တုန်းက တိုင်းပြည်ရဲ့နာမည်ကို ပြင်ပကမ္ဘာက Burma ခေါ်ဖို့ ကျွန်တော်တို့ကိုယ်တိုင် ရွေးခဲ့ပေမဲ့ သမိုင်းဖြစ်ပေါ်တိုးတက်မှုအရ အခု အတွင်းကော အပြင်ပါ တစ်မျိုးထည်း ခေါ်ကြဖို့ လုပ်လာတယ်၊ ကိုယ်တိုင်ကလဲ အမျိုးသားရင်ကြားစေ့ရေးတို့၊ ဆွေးနွေးရမယ်၊ ညှိနှိုင်းရမယ်တို့ မေတ္တာတို့ သစ္စာတို့ ဖောင်လောက်အောင် ပြောနေတဲ့ကြားကဗျာ၊ အများကြားချင်တာထက် ကိုယ်ပြောချင်တာပဲ စွပ်ပြောနေတာ နားထောင်တတ်ရင် ကြားရပါတယ်ဗျာ။ အဲဒီတော့ နည်းမှန်မှန် မမှန်မှန် အခု ၂၃ နှစ်လောက် ရှိခဲ့ပြီ။ အနောက်နိုင်ငံအချို့ကလွဲရင် တစ်ကမ္ဘာလုံးက သုံးနေကြပြီ။ မီဒီယာထဲက နာမည်ကြီးတွေဖြစ်တဲ့ စီအင်အင်၊ ဝေါလ်စထရိဂျာနယ်၊ နယူးရော့ခါတိုင်းမ်စ် စတာတွေကလဲ သုံးနေပြီ။ အဓိကပြဿနာလုပ်နေတာက ကဲ ထင်းထင်းကြီး ဖြစ်နေပါရော။

(၅) ချုပ်လိုက်ကြရအောင်၊

တိုင်းပြည်ရဲ့ နာမည်ဟာ မြန်မာ ဖြစ်တယ်။
မြန်မာနဲ့ ဗမာဟာ မူလက လူမျိုးစုတစ်ခုကိုပဲ ညွှန်းခဲ့တဲ့ နာမည်ဖြစ်တယ်။
မြန်မာဟာ ဖိုးဖွားအမွေဖြစ်တယ်၊
ဗမာဟာ ပြင်ပက (ကုလား) က မြန်မာတွေကို ခေါ်တဲ့ ဗရမာကနေ ဆင်းသက်လာတယ်။

အံ့သြတာတစ်ခုကတော့ဗျာ၊ ဒါလေးလောက်မှမသိတဲ့ လူတွေထဲမှာ ဝက်ခေါင်းထိုး ဦးဝင်းတင် တို့၊ မျိုးချစ်ကြီးပါလို့ အားလုံးလေးစားနေကြရတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဥိးတင်ဦးတို့ ပါနေတာပဲ ခင်ဗျ။

ဘယ်ပြည်ထောင်စုသားကမှ ဗမာစာသည် ဒို့စာ၊ ဗမာစကားသည် ဒို့စကား လို့ တစ်ခါမှကို မယုံကြဘူးခင်ဗျ။ တစ်ခါ ဗမာလူမျိုးကြီးဝါဒဆိုတာ ဗကပ နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ တွင်တွင်သုံးတဲ့စကားဗျ။ တိုင်းရင်းသားတွေက ကိုယ့်ကိုယ်ကို ပြန်ရှုံ့ချနေတယ်လို့များ ထင်သူရှိကြသလားဗျာ။ အဲဒါ မြန်မာလူမျိုးစုကို ပြောတယ်ဆိုတာလဲ မှတ်ဦးဗျ။

ထပ်ပြီး ချုပ်လိုက်ကြဦးစို့၊

မိတ်ဆွေတို့အနေနဲ့၊

ကိုယ့်နိုင်ငံကို ဘိုးစဉ်ဘောင်ဆက်ပေးထားတဲ့ နာမည် မြန်မာ နဲ့ အခေါ်ခံချင်သလား၊
ကုလားပေးတဲ့ ဗမာနဲ့ အခေါ်ခံချင်သလား

ဒီမိုကရေစီအောက်မှာ ခင်ဗျားတို့ကြိုက်တာ ရွေးကြပေတော့။

ဒါပေမဲ့၊ ဒီမိုကရေစီအရ နိုင်ငံသားတစ်ယောက်ဟာ ကိုယ့်နိုင်ငံကို ကိုယ်ခေါ်ချင်တဲ့ နာမည်နဲ့ ခေါ်နိုင်တယ်ဆိုတာကတော့ဗျာ မိုးကြိုးပစ် ထန်းလက်နဲ့ကာ၊ ဇွတ်ကြီးပါဗျာ။

သနားသဖြင့်

မောင်ညွန့်(မင်းကျောင်း) (ခေါ်) ညွန့်ရွှေ (ခေါ်) မြသန်းညွန့်

Posted in Uncategorized | Leave a comment

“သောက်ကျိုးနည်း Burma က မှန်သလား Myanmar က မှန်သလားတဲ့ ဗျာတို့ရေ”

ပျက်အစဉ် ပြင်ခဏ

(လူကြီးမင်း လူကလေးမင်းတို့ အဖားဘရိတ်အုပ်နိုင်ဖို့ . . . )

ဟောဗျာ၊ ဗိုလ်ချုပ်မသေခင်က ဦးဆောင်ရေးသွားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေကလဲ မြန်မာနိုင်ငံတော် ဆိုပါ့လား။ ဦးဝင်းတင်ပြောသလို ဗမာလို့ ဘာလို့များ မရေးခဲ့သလဲနော်။ အင်း၊ ဗိုလ်ချုပ်သာ သူ့သမီးအဖေမဟုတ်ရင် ဒီလူကြီး နဂိုကတည်းက စဉ်းစဉ်းစားစား မလုပ်ခဲ့လို့လို့ အပြစ်တင်ခံရဦးတော့မယ်။

မှတ်ထားပါ ဦးဝင်းတင်ခင်ဗျာ၊ ဗမာဆိုတာက နေ့တဓူဝသုံးတဲ့နာမည်၊ မြန်မာဆိုတာက ဗိုလ်ချုပ်တို့ခေတ်ကတည်းက ခန့်ငြားဖို့ တရားဝင်သုံးတဲ့နာမည်။ မြန်မာဆိုတာက မူလ တရုပ်ပြည်က ရွှေ့လာကတည်းက ပါလာတဲ့ နာမည်။ ခေတ်ကာလအလျောက် အသံထွက်တော့ အနည်းငယ်ကွဲမှာပေါ့ဗျာ။ ရွှေစည်းခုံမွန်ကျောက်စာမှာတော့ မရမာ လို့ပေါင်းတယ်ဆိုပဲ။

ဗမာဆိုတာက အများပြောသလိုပဲ ကုလားက ခေါ်တဲ့နာမည်။ အခု ဗားမားဆိုတာက ကုလားအခေါ် ဘရမာကနေ ဗားမား။ ဒါ့ကြောင့် ဗိုလ်ချုပ်ကအစ နေ့တဓူဝစကားမှာ မြန်မာကိုလဲ ဗမာပဲပြောတယ်။ သူ့မိန့်ခွန်းတွေ ပြန်နားထောင်လိုက်၊ ဗမာပါလာရင် မြန်မာပဲ ညွှန်းတယ်၊ တိုင်းရင်းသားကို ထည့်ပြောတဲ့အခါ ဆိုင်ရာနာမည်တွေ ထည့်ပြောတယ်။ နောက်ဆုံးတော့ ဗုဒ္̕ဓအလိုကျပြောရရင် အားလုံးဟာ သမုတိသစ္စာထိုက်တာတွေချည်းပဲ။ အကုန် သမုတ်ထားတာချည်းပဲ။

အဲဒီတော့ ဗားမားဆိုတာက အင်္ဂလိပ်က သမုတ်ခဲ့တာ။ အဲဒါကို ပြန်တည့်တဲ့ အနေနဲ့ ပြည်တွင်းမှာ ခေါ်သလို မြန်မာပဲ ခေါ်ပါဆိုတာကို ခေါင်းဆောင်ကြီး မျက်နှာမညိုရလေအောင် ကြံဖန်ခုခံကာကွယ်နေတာ သိသာတယ်၊ ဒါမှမဟုတ် အဲလိုပြောင်းခဲ့တဲ့ စစ်တပ်အပေါ် အာဃာတကြီးလွန်းတယ်။ ဒီလို အခြေခံစိတ်ဓာတ်တွေနဲ့ အမျိုးသားရင်ကြားစေ့ရေးဆိုတာ အိပ်မက်မမက်နဲ့။

ကျွန်တော်က ပုဂ္ဂိုလ်ရေးအရပြောရရင် အင်္ဂလိပ်လို ဗမာ Bamah or Bamar or Bama လို့ပေါင်းမယ်ဆိုရင်တောင် လက်ခံနိုင်သေးတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က မြန်မာဆိုတာကို ပိုချစ်လို့ ပိုပြီးသံယောဇဉ်တွယ်လို့၊ အဲဒါကို မြန်မာတိုင်းရင်းသားအဖြစ် ယူလဲ ကျွန်တော်ကတော့ အေးအေးဆေးဆေးပဲ။ အခုလို ပစိပစပ်လုပ်ပြီး စကားတတ်တိုင်း၊ နိုင်ငံရေးနယ်ပယ်မှာ နေရာရတိုင်း စည်းလွတ်ကမ်းလွတ် လျှောက်ပြောနေတာဟာ ရှက်ဖို့ကောင်းပါတယ်ဗျာ။  လူကြီးမင်းများ ဘာလုပ်လုပ် ဘာပြောပြော ကိုယ်ပိုင်ဥဏှောက်ကို မေ့နေပြီး ဟေးလားဝါးလား ထောက်ခံနေသူတွေအတွက်တော့ လောင်စာတွေဖြစ်ပါတယ်၊ ဒါပေမဲ့ ဖွဲမီးလောင်စာတွေပဲဆိုတာ လူကြီးမင်းများလဲ အတော်နီးနေပြီမို့ သိသင့်တယ်လို့ ထင်ပါတယ်။

နောက်ပြီးပြောလိုက်ပါဦးမယ်၊ Burma လို့ တစ်ကမ္ဘာလုံးက သိတယ်၊ Myanmar က လူမသိဘူး။ ဒါလဲ မှားပါတယ်ဗျာ၊ ဘယ်ဟာဖြစ်ဖြစ် တစ်ကမ္ဘာလုံးမသိပါဘူး။ ပညာရှင်တွေနဲ့ စိတ်ဝင်စားသူတွေသာ သိပါတယ်။ ကုန်ကုန်ပြောရရင် ဒေါ်အောင်ဆန်းစုကြည်ကို မသိတဲ့ အမေရိကန်တွေတောင် ရှိပါတယ်။ ကျနော့်ကိုယ်တွေ့ပါ။ အသက် ၆၀ တန်းထဲက မျက်နှာဖြူအမေရိကန်လင်မယား လင်ကော မယားပါ ဘယ်သူမှမသိတာ ကြုံဖူးပါတယ်။ ကျနော်နေနေတဲ့ ဂျပန်ဆိုရင် ဘီရုမာကို လူကြီးပိုင်းက ပိုသိတယ်။ မြန်မာကို လူငယ်ပိုင်းက ပိုသိတယ်။ ဒေါ်စုကို မသိတဲ့ လူငယ်တွေလဲ ထုနဲ့ဒေးပါပဲ။ ကြာလာတော့ အားလုံးသိသွားတာပါပဲ။ ကာလကတ္တား၊ နယူးဒေလီထက် ဗားမားက မတွင်ကျယ်ခဲ့ဖူးပါဘူး။ ဗားမားထက် စီလုံကို တချိန်က လူသိမနည်းခဲ့ပါဘူး။ ဒီနေ့ သီရိလင်္ကာကို လူတိုင်း ဒါမှမဟုတ် လူအများသိပါတယ်။

နောက်တစ်ယောက် သံလွင်ရရစ်ဆိုသူက ဆရာလေသံနဲ့လာသေးတယ်၊ သင်းတို့ဉာဏ် လက်နှစ်သစ်မပြည့်တပြည့်နဲ့၊ ထပ်ပြောလိုက်ဦးမယ်၊ နားထောင်။

တို့ဗမာခေတ်ဆိုတော့ ၁၉၃၀ မေလ ၃၀ က စတာပေါ့။ တို့ဗမာသခင်အဖွဲ့က သုံးတာနဲ့ ဗမာဖြစ်ရကြေးဆိုရင် လွတ်လပ်ရေးယူစဉ်ကတည်းက ဗမာနိုင်ငံလို့ ခေါ်ရတော့မှာပေါ့။ ဗမာဆိုတာ တိုင်းရင်းသားအားလုံးအကြုံးဝင်တယ်ဆိုတော့ ပြည်ထောင်စုဆိုတာတောင် မလိုတော့ဘူးပေါ့။

အဲဒီ “ပြည်ထောင်စုမြန်မာနိုင်ငံတော်” ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းဦးစီးပြီး ရေးဆွဲခဲ့တဲ့ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတာ။ ဒါဆိုရင် တစ်မျိုးသားလုံး ပူဇော်ကော်ရော် လေးစားမဆုံးတဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ အတော်ချာတာပဲပေါ့။ သူက ဆရာခေါ်တဲ့ ဒီဒုတ်ဦးဘချို၊ သခင်မြ၊ ဦးရာဇတ် တို့တတွေလည်းပဲ အတော်ချာတာပေါ့။ အဲဒီတုန်းက သက်ရှိထင်ရှားရှိပါလျက် ထောက်မပြခဲ့တဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းတို့လည်း အတော်ရှော်တာပေါ့။

ကိုယ့်လူတို့ရေ၊ ကြည့်လဲရမ်းကြပါကွာ။ ဒေါ်အောင်ဆန်းစုကြည်ကို ဝိုင်းပြီးဖားချင် ယားချင်တာနဲ့တော့ တစ်မျိုးသားလုံး လေးစားမဆုံးသူတွေကို မြောင်းထဲမောင်းမချပါနဲ့။

မှတ်ထားကြ၊ မြန်မာနဲ့ ဗမာ အတူတူပဲ။ တစ်ခုက မူလ၊ နောက်တစ်ခုက ကုလားတွေက ဘရမာ (ဗြဟ္မာ) ခေါ်ရာက ဗမာဖြစ်လာတယ်ပြောတယ်။ ဗ နဲ့ မ က ဝဂ်တစ်ခုထဲမှာမို့ ကာလရွေ့လျောလာတာနဲ့ မြန်မမာကနေ ဗမာဖြစ်တယ်လို့လဲ ပြောမယ်ဆိုရင် ပြောလို့ရတယ်။ ဒါပေမဲ့ ဒို့ဖိုးဖွားတွေရဲ့ ပြောင်ခဲ့တဲ့ဂုဏ်ရောင်ဟာ မြန်မာအနေနဲ့ ပြောင်ခဲ့တာ၊ ပထမ ဒုတိယ တတိယ စတုတ္ထနိုင်ငံတော်တွေ ထောင်ခဲ့တာ။ အဲဒီ ဘိုးဘွားတွေကြောင့် မျိုးချစ်စိတ်ကိန်းခဲ့ အောင်းခဲ့တာ။ ကျေးဇူးမကန်းကြနဲ့။

ဒါ့ကြောင့်လဲ ဘယ်တိုင်းရင်းသားကမှ သူတို့ကိုယ်သူတို့ ဗမာလို့ ဘယ်တုန်းကမှ မညွှန်းဘူး လက်မခံဘူးတယ်။ ဗကပကလဲ ဗမာလူမျိုးကြီးဝါဒလို့ မြန်မာတွေကိုစွပ်စွဲသွားသလို ဗိုလ်ချုပ်အောင်ဆန်းကလဲ မြန်မာတွေကို ဗမာချင်း မိုးမွှန်အောင် သုံးသွားတယ်။ ခင်ဗျားတို့တတွေ အခု မမြင်ဘူး မူးမြစ်ထင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်လဲပဲ မြန်မာတွေကို သူစကားပြောရင် ဗမာလို့ပဲ ပြောတယ်။

တကယ်တော့ တိုင်းရင်းသားတွေကို သူ့နာမည်နဲ့သူပဲထား၊ ဘာမှမဖြစ်ဘူး၊ မြန်မာလဲ ပေးစရာမလိုသလို ဗမာလဲ ပေးစရာမလိုဘူး။ မြန်မာနိုင်ငံမှာနေရင် မြန်မာနိုင်ငံသားပဲ။ ပြည်ထောင်စုသားတွေ ဒါမှမဟုတ် လူမျိုးစုတွေ နေနေကြတဲ့ နိုင်ငံတွေ အများအပြားရှိတယ်။ အမေရိကမှာနေရင် လူမျိုးက ဘာဖြစ်နေနေ အမေရိကန်ပဲ။ အင်ဒိုနီးရှားမှာနေရင် အင်ဒိုနီးရှားပဲ။ တရုပ်ပြည်မှာ နေတယ်နော်၊ တရုပ်ပဲ။ ခေါင်းဆောင်တွေက စေတနာပိုပြီး ဟေ့ ဒို့မှာ နာမည် ၂ ခုရှိနေတယ်၊ ပိုပြီးခန့်ငြားတဲ့ တင့်တယ်တဲ့ နာမည်ကို အများဆိုင်လုပ်လိုက်ကြရအောင်ဆိုပြီး ပေးတဲ့သဘောပဲ။ ပိုပြီး စည်းလုံးလာမလား မျှော်မှန်းခဲ့တာလဲ ဖြစ်နိုင်တာပဲ။

အခုတော့ လွှတ်တော်ထဲကျတော့ အူယားဖားယားဝင်ချင်တယ်၊ ဒါံ့ကြောင့် ကျမ်းကျိန်တယ်။ ကျိန်ပြီးပြီးရော လုပ်လို့မရဘူး။ ဒီမိုကရေစီစကားကို လိပ်ခေါင်းထွက်မတတ် ရွတ်ဖတ်သရစ္ဆာယ်နေသူတွေက ပိုပြီးတောင် ဥပဒေကို လေးစားသင့်တယ်။ အခုမလေးမစားလုပ်တော့၊ ဟိုဖက်က အရင်ပြောခဲ့တဲ့ သူ့ယောက်ျားနဲ့ ကိုလိုနီ အရှင်သခင်တွေ အားရအောင်လုပ်နေတယ်ဆိုတာနဲ့ ကိုယ်ကိုယ်တိုင်က သက်သေပြနေတာမျိုး မဖြစ်သွားဘူးလား။

ကဲ၊ နောက်ဆုံးတစ်ချက်လောက် ခပ်စပ်စပ်ထည့်လိုက်ဦးမယ်၊ ဗမာလို့သုံးခဲ့ ရေးထိုးခဲ့တဲ့ ကျောက်စာတစ်ချပ်လောက် ညွှန်းပေးကြစမ်းပါ။ အကန်းက မျက်မမြင်ကို ဆွဲခေါ်နေသူတွေ အားလုံး ဝိုင်းပြီး ရှာပြကြစမ်းပါ။ ခင်ဗျားတို့တတွေကို အလကား ငဖားတွေ၊ ကျိုးကြောင်းမဆင်ခြင်တတ်ပဲ ထော့ကျိုးထော့ကျိုးဝင်လာတဲ့ စွာတာတာလူတွေလို့ပဲ ကင်ပွန်းတပ်လိုက်ကြောင်းပါဗျား။

[ဒီအောက်ဆုံးပိုဒ်ကတော့ ကျွန်တော့်ထက် သက်ကြီးဝါကြီးဖြစ်တဲ့ သူများကို မရည်ညွှန်းပဲ၊ ရွယ်တူနဲ့ ငယ်သူများကိုသာ ရည်ညွှန်းကြောင်းပါခင်ဗျား၊ (ကျွန်တော်လဲ နောက်လထဲမှာ ၆၇ နှစ် ပြည့်မယ်)]

Posted in For-my-Country | Leave a comment